မျှော်လင့်ခြင်းဖတ်စာ (၆၆) ခန်း

မျှော်လင့်ခြင်းဆိုတာရထားတစ်စီးရဲ့ဘူတာလိုပဲ။ သတ်မှတ်နေရာတစ်ခု ၊ ပြိုင်ပွဲတစ်ခုရဲ့ ပန်းတိုင် ၊ ဘဝတစ်ခုအတွက် လှပတဲ့နိဂုံး လို့ဆိုကြပါစို့။
အကယ်၍သာ လူတွေမှာမျှော်လင့်ချက်ဆိုတာသာမရှိခဲ့ရင် ပန်းတိုင်မရှိတဲ့ပြိုင်ပွဲ ၊ ဦးတည်ချက်မရှိတဲ့ရွက်လှေ ၊ လမ်းလျှောက်ရင်းလမ်းပျောက်တဲ့ခရီးသွား ၊ မျှော်လင့်ချက်မရှိတော့တဲ့လူနာတစ်ယောက်လိုပဲ မဟုတ်ပါလား။
မျှော်လင့်ခြင်းဆိုတာ အဲ့ဒီလောက်အထိကိုလူတစ်ယောက်အတွက်အရေးပါပါတယ်။ ယခုအချိန်နဲ့ဆိုလျှင် Covid ကြီးပြီးဖို့မျှော်လင့်ကြတယ်။ ဝေဒနာခံစားနေရသူတွေကလဲပြန်ကောင်းဖို့မျှော်လင့်ကြတယ်။ တချို့ကလဲဒါကြီးပြီးရင်မင်းလက်ကိုဆွဲလို့သွားချင်တို့ဘာတို့နဲ့အမျိုးမျိုးသောမျှော်လင့်ချက်ကိုယ်စီနဲ့ပေါ့။
ဝင်သက်ထွက်သက်ရှိနေသေးသ၍မျှော်လင့်နိုင်တယ် ၊ တနည်းအားဖြင့်အသက်မသေမခြင်းမျှော်လင့်ခြင်းသည်အဓိပ္ပါယ်ရှိတယ်။ မျှော်လင့်ခွင့်ရှိသလိုမျှော်လင့်နိုင်တယ်။ လူတွေရဲ့မျှော်လင့်ခြင်းကလဲ တစ်ယောက်နဲ့တစ်ယောက်ကွာခြားပါတယ်။ တချို့က အလုပ်အပေါ် ၊ လူအပေါ် ၊ ငွေကြေး ၊ Company ၊ အမျိုးသား ၊ ဇနီး ၊ သားသမီး ၊ ဆွေမျိုး ၊ အစရှိသဖြင့် တစ်ခုခုအပေါ် မျှော်လင့်မှုမျိုးရှိတတ်ကြတယ်။ အချိန်မရွေးလဲပျက်စီးနိုင်တယ်ဆိုတာမေ့နေတတ်ကြတယ်။
ဆိုကြပါစို့။ မိမိရဲ့ Company ပြုတ်သွားတဲ့အခါ အရှုံးပေါ်တဲ့အခါ မျှော်လင့်ချက်မဲ့သွားတာ ၊ မိမိရဲ့ငွေကြေးတွေဆုံးရှုံးသွားတဲ့အခါ ၊ မိမိအမျိုးသားအပေါ်ထားတဲ့မျှော်လင့်ချက် ၊ သားသမီးအပေါ်ထားတဲ့အရာပျက်သုန်းသွားတဲ့အခါ မျှော်လင့်ချက်တွေမဲ့သွားတတ်ကြတယ်။ တချို့ကလဲ ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့အထိဖြစ်လာတယ်ဆိုတာကိုတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မျှော်လင့်ချက်ဆိုတာပျက်ဆီးသွားခဲ့လို့ပဲဖြစ်တယ်။
Hopeless ဖြစ်လာတဲ့အခါ လူတွေက စိတ်ကျရောဂါဖြစ်လာတတ်တယ် ၊ ရှင်နေရက်နဲ့သေနေသလို ၊ ကိုယ့်ကိုကိုယ်စိတ်တိုင်းမကျတော့တာ ၊ အရာရာကိုစိတ်တိုလာတာ သတ်သေချင်လာတာအစရှိသဖြင့်ဖြစ်လာတတ်တယ်ဆိုတာကိုလေ့လာမိတဲ့အတွက် နောက်ဆုံးမှာဖတ်လို့ရအောင် Link ပေးထားပါတယ်။ ဒါဆိုရင် Hope ဆိုတာလူတစ်ယောက်အတွက်အရေးကြီးတယ်ဆိုတာနားလည်ဖို့ရှိပါတယ်။
မိမိရောဘယ်ပေါ်မှာတည်တဲ့မျှော်လင့်ခြင်းလဲဆိုတာစစ်ဆေးဖို့ရာလိုပါတယ်။ တစ်ရက်က Facebook မှာမေးခွန်းလေးတွေ့မိတယ်။ လူတစ်ယောက်ဟာတစ်သက်လုံးဆိုးခဲ့ပေမယ့်သေခါနီးမှာစိတ်ကောင်းလေးထားနိုင်ရင်ကောင်းရာရောက်မလားတဲ့လေ။ ဒီမေးခွန်းလေးထဲမှာမျှော်လင့်ခြင်းများစွာပါဝင်နေတယ်ဆိုတာကိုကျွန်တော်တွေ့မိခံစားတယ်။ ဒါဆိုရင် တမလွန်နဲ့ဆိုင်သောမျှော်လင့်ချက်ပေါ့။ သေချာတာတစ်ခုကတော့ ကယ်တင်ခြင်းကလူတိုင်းအတွက်ဆိုတာပါပဲ။ ဆိုးသွမ်းသောသူသည် စစ်မှန်သောနောင်တရဖို့တော့လိုပါတယ်။ သေမှာကြောက်လို့ ၊ ငရဲကျမှာစိုးလို့ ၊ တမလွန်အတွက်တိကျတဲ့အဖြေမရှိလို့ ပြီးပြီးရောပြောလို့တော့မရဘူးဖြစ်တယ်။
တကယ်လဲသက်သေရှိခဲ့ပါတယ် ကားတိုင်ပေါ်ကလူဆိုးကြီးကိုယေရှုခရစ်တော်ပြောတဲ့စကားအားဖြင့် နောက်နေ့မှမဟုတ် ၊ နေဦးနှစ်ခြင်းခံဖို့ခဏအောက်ကိုဆင်း ၊ ခနလေးမသေခင်စိတ်ကောင်းကောင်းထားဦး ၊ စသဖြင့်မပြောခဲ့ပါ။ *ယနေ့ပင်ငါနဲ့အတူ* လို့ပြောပါတယ်။ စစ်မှန်တဲ့အာမခံ ၊ စစ်မှန်တဲ့မျှော်လင့်ချက်ဖြစ်တယ်ဆိုတာနားလည်စေချင်ပါတယ်။
ရှင်လုကာခရစ်ဝင် ၂၃:၄၃
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ဒါဆိုရင်သင်ရောတမလွန်အတွက်မျှော်လင့်ချက်အဖြေသည်တိတိကျကျရှိပြီလား? မိမိကိုယ်တိုင်စဥ်းစားဖို့လိုပါတယ်။ တိကျတဲ့အဖြေမရှိသေးရင်တော့ ပင်လယ်မှာကမ်းပျောက်တဲ့လှေငယ်လေးလိုဖြစ်နေမှာပါ။
ကျွန်တော်သေချာပြောနိုင်တာကတော့ သခင်ယေရှုခရစ်တော်သည် တမလွန်အတွက်လဲမျှော်လင့်ချက်ဖြစ်သလိုယခုအသက်ရှင်နေစဥ်မှာလဲမျှော်လင့်ချက်ဖြစ်ပါတယ်။ ယေရှုခရစ်တော်သည်တမလွန်အတွက်စစ်မှန်တဲ့အာမခံ ၊ တစ်ခုတည်းသောမျှော်လင့်ခြင်းဖြစ်တယ်ဆိုတာကိုအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။ ကျွန်တော်တို့ယုံကြည်သူတွေကလဲယခုကဲ့သို့သောအချိန်မှာစိတ်ပျက်အားငယ်မနေပဲမျှော်လင့်ခြင်းဖတ်စာဖြစ်သောထာဝရဘုရား၏သမ္မာကျမ်းစာကိုစေ့စေ့ကြည့်ရှုဆင်ခြင်ကြပါစို့။
ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅
ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
အပေါ်မှာပြောထားတဲ့လေ့လာကြည့်ဖို့ Link ပါ။
https://www.goodtherapy.org/blog/psychpedia/hopelessness