မျက်မှန်တပ်ပါ

ကျွန်တော်သည် ပါဝါ(၂၀၀)ခန့်ရှိသော မျက်မှန်ကိုတပ်သောအဝေးမှုန်သောသူဖြစ်သည်။ မျက်မှန်မပါလျှင်ရှင်းလင်းစွာမမြင်ရချေ။ မျက်မှန်သာမတပ်ထားလျှင် စာဖတ်၍မရလောက်အောင်ဝါး၍ ၊ လူ၏မျက်နှာကိုမသဲကွဲ ၊ တစ်ခါတစ်ရံတွင်လည်းအမြင်အာရုံသည်မကြည်လင်ပေ။ ထိုမျက်မှန်အားဖြင့်ကျွန်တော့်၏မြင်တွေ့ရသောအရာများအပေါ် ကျွန်တော့်အမြင်ကိုလန်းဆန်းစေ၍ ခွဲခြားသိမြင်နိုင်သည်။ ဒါ့ကြောင့် ကျွန်တော်အမြဲတမ်းမျက်မှန်တပ်ထားသည်။
ဝိညာဥ်ရေးရာတွင်လည်းထိုကဲ့သို့အမြင်ဝေဝါးခြင်း ၊ မသဲကွဲခြင်း ၊ ဝိညာဥ်မျက်စိပိတ်နေခြင်း ၊ စသဖြင့်မဖြစ်စေဖို့ရန်လွန်စွာအရေးကြီးသည်။ ( ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၆ ) တွင် ရှုရိတပ်များ ဧလိရှဲတို့ကိုလာရောက်ဝိုင်းသည်ကိုဧလိရှဲ၏ကျွန်သည်မြင်သောအခါ ကြောက်လန့်နေပါတယ်။ ရှုရိတပ်၏ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကိုဝိုင်းသည်ကိုသာမြင်၍ ဘယ်လိုလုပ်မလဲလို့ကြောက်ရွံ့၍မိမိသခင်ကိုပြောတာကိုတွေ့ရပါတယ်။ သူမမြင်နိုင်လောက်အောင် ဝိညာဥ်မျက်စိပိတ်နေခြင်းကို ဧလိရှဲက မစိုးရိမ်ဖို့ပြောခြင်းကိုတွေ့ရပါတယ်။ ငါတို့ဘက်မှာနေတဲ့သူတွေသည်ရန်သူဘက်မှာနေတဲ့သူတွေထက်သာ၍များကြောင်းမစိုးရိမ်ဖို့ဆိုပြီး မြင်နိုင်စေဖို့ရာဆုတောင်းပေးသောကြောင့် ဧလိရှဲ၏ပတ်လည်တစ်တောင်လုံးတွင် မီးမြင်း ၊ မီးရထားများနှင့်ပြည့်နေသည်ကိုမြင်ရပေသည်။
တစ်ခါတစ်ရံကျွန်တော်တို့တွေသည် မျက်စိမှုန်နေသလို ၊ တစ်ခါတစ်ခါကျပြန်တော့လည်း မျက်စိမမြင်ကြပြန်ဘူးဆိုတာကိုသတိထားမိပါတယ်။ မျက်စိဝါး၍မမြင်နိုင်သောကြောင့်သေချာမြင်နိုင်ဖို့ရာမျက်မှန်လိုသလို ဝိညာဥ်မျက်စိသေချာမြင်နိုင်၍သမ္မာတရားကိုပိုင်းခြားနားလည်စေဖို့ရန် နှုတ်ကပါတ်တော်ဘုရားစကားသည်လိုအပ်ပါသည်။ ခက်ခဲမှုတွေ ၊ အတားအဆီး ၊ မကျန်းမာခြင်း ၊ နာကျင်ခြင်း ၊ ငိုကြွေးမြည်တမ်း ၊ ညည်းညူ ၊ ရှုရိတပ်ကဲ့သို့များစွာသောအတားအဆီးများ ၊ မြေကြီးအရာများ စတာတွေကိုပဲမြင်၍ စိတ်ပျက်နေပါသလား ဆိုတာတစ်ချက်လောက် မျက်စိမှိတ်၍ မိမိခက်ခဲမှုတွေကိုဆင်ခြင်ရင်း ငါတို့ဘက်၌နေသောသူတွေသည် ထိုသူတို့ဘက်၌နေသောသူတွေထက် သာ၍များပြီးသာ၍အားကြီးတယ်ဆိုတာကို သိမှတ်လျှက် ဝိညာဥ်မျက်စိကိုပွင့်စေကြဖို့ရာဆုတောင်းကြဖို့ရာလိုအပ်ပါတယ်။
နှုတ်ကပါတ်တော်ကိုပိုင်းခြားနားမလည်ခြင်း ၊ မှားယွင်းသောဩဝါဒများကိုမသိခြင်း ၊ လိုရာဆွဲယူသောသွန်သင်ခြင်းများ ၊ တစ်ဝက်မှန်တစ်ဝက်သည်လွဲနေခြင်း ၊ အကုန်လုံးမှားနေသော်လည်းကိုယ်ကပိုင်းခြား၍မသိသောဩဝါဒများဖြစ်မှန်းမသိဖြစ်နေခြင်း စသဖြင့်သည်လည်း ဝိညာဥ်မျက်စိမမြင်သောကြောင့်ပင်ဖြစ်သည်။ မျက်စိဝါးခြင်း ၊ အကုန်မမြင်ရခြင်း ၊ အမြင်မကြည်လင်ခြင်း ၊ လူမျက်နှာခွဲခြားမသိခြင်းများကဲ့သို့ပင်ဖြစ်နေပါတော့သည်။ ဒါကြောင့်မို့လို့ ပါဝါမျက်မှန်တပ်ရသကဲ့သို့ ဝိညာဥ်မျက်စိပွင့်လင်း၍ ပိုင်းခြားနားလည်စေဖို့ရာတော့ နှုတ်ကပါတ်တော်သမ္မာတရားကိုလိုအပ်တယ်ဆိုတာကိုမျက်မှန်တပ်ကြပါစို့ဟုတင်စား၍အနည်းငယ်တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၆:၂၂-၂၃
မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။
မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။