သိုလှောင်ထားသောနှလုံးသား

ဒီနေ့မနက်မှာကျွန်တော်ရေချိုးရင်းနဲ့ဘုရားသခင်ဖွင့်ပြတဲ့အရာတစ်ခုကိုဆင်ခြင်မိတာလေးကိုပြန်လည်ဝေမျှပေးချင်ပါတယ်။စာရှည်တာကိုသည်းခံဖတ်ပေးဖို့မေတ္တာရပ်ခံပါတယ်။
ဆပ်ပြာတိုက်ပြီး ရေပန်းဖွင့်လိုက်တဲ့အခါမှာ ရေကျလာတဲ့နောက်တော့ကျွန်တော်ဆပ်ပြာနဲ့အညစ်အကြေးတွေကိုစင်ကြယ်အောင်ဆေးကြောပစ်လိုက်ပါတယ်။
မြင်မိစေတဲ့အရာလေးတစ်ခုကတော့ ...
ရေရဲ့ပုံဆောင်ချက်ကတော့ နှုတ်ကပါတ်တော်ရေပေါ့၊ရေပန်းကရေဘယ်ကလာသလဲဆိုရင်တော့ Water Tank ကလာပါတယ် ဒီ Tankကိုကျွန်တော်တို့ရဲ့နှလုံးသားလို့ယူဆလို့ရပါတယ်။ အဲဒီ Tank မှာသိုလှောင်ဖို့ရေဘယ်ကလာသလဲဆိုရင်တော့ ဂျိုးဖြူကလာပါတယ်။ တနည်းအားဖြင့်ဆိုရရင် ဂျိုးဖြူနဲ့ချိတ်ထားတယ်ပေါ့။အဓိကအရင်းအမြစ်ဖြစ်သောဘုရားပေါ့။ အကယ်၍ဂျိုးဖြူနဲ့မဆက်ပဲမြောင်းရေနဲ့သာချိတ်ထားရင်တော့ အညစ်အကြေးမပျောက်ရုံတင်မကပါ သာ၍ဆိုးစေဖို့ပဲရှိပါတယ်။
ဟုတ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့နှလုံးသားက ဘယ်အရာနဲ့ချိတ်ဆက်ထားသလဲပေါ့။ မြောင်းရေကိုပုံဆောင်သောလောကအရာတွေနဲ့ချိတ်ထားသလား အရင်းအမြစ်ဖြစ်သောဘုရားနဲ့လားဆိုတာဆင်ခြင်ဖို့ရှိပါတယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၁၁
ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။
ဖိလိတ္တိလူပြောတဲ့စကားကိုကြားပြီးရှောလုတို့စိတ်ပျက်ပြီးအလွန်ကြောက်ကြတယ်လို့ဆိုပါတယ်။
ဟုတ်ပါတယ်။လောကမှာကြားရတာတွေကစိတ်ပျက်စရာတွေပဲဖြစ်ကောင်းဖြစ်နိုင်တယ်။ဒီစကားတွေပဲကြားပါများလာရင်စိတ်ပျက်မယ်အားငယ်မယ်ဘုရားသခင်၏တတ်နိုင်ခြင်းတွေတောင်မေ့လျော့လာနိုင်တယ်။ ထိုသူတွေကဘုရားရဲ့တတ်နိုင်ခြင်းကိုမသိတာမဟုတ်ပဲနဲ့လောကစကားကြားပါများလို့မေ့လျော့တယ်လို့ဆင်ခြင်မိပါတယ်။ဒါ့ကြောင့်မို့လို့ ဘုရားစကားများများကြားမှသာ ဆင်ခြင်တတ်မယ်ခွန်အားယူတတ်မယ်ဖြစ်တယ်။ကြားစေဖို့ရာကိုယ်ကလည်းရွေးချယ်ရပါတယ်။ အခုခေတ်က Facebook/Youtube တွေမှာလည်းတရားဟောချက်တွေရှိပါတယ်။ ကိုယ်ကလောကအရာကိုကြည့်မလား၊ဥပမာ၊အိုပါး၊ဗိုလ်ကြီးစသဖြင့်လုပ်နေမလား။စစ်မှန်သောနှုတ်ကပါတ်တော်ကိုရွေးချယ်နားထောင်နှလုံးသွင်းမလား။
(မြင်အောင်ဥပမာပြောခြင်းသာ)
ရောမဩဝါဒစာ ၁၀:၁၇
သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
ဆာလံကျမ်း ၂၇:၁၄
ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့။
ဒီလိုစကားတွေများများကြားဖို့လိုအပ်တယ်ဘုရားစကားကသာတည်ဆောက်စရာဖြစ်တယ်။ စိတ်နှလုံးမှာသာဘုရားစကားရှိထားရင်တော့ ဆုံးရှုံးခြင်းတွေ၊အခက်အခဲတွေကြုံတဲ့အခါ နှုတ်ကပါတ်တော်နဲ့တုံ့ပြန်နိုင်တယ်။
နေ့ညမပျက်ဆင်ခြင်တတ်သောသူဖြစ်စေဖို့အရေးကြီးတယ်။ အကယ်၍သာကိုယ့်နှလုံးသားထဲမှာလောကအရာပဲရှိရင် လောကလိုတုန့်ပြန်မိမယ်၊ပြန်ပြောမိမယ်၊(ဥပမာ။ Covidကုသဆေးမရှိဘူး၊လုပ်လိုက်ပါလား၊ရိုက်လိုက်ပါလား၊ယောကျ်ားမဟုတ်ဘူးလား။ဘယ်အရာမှအလကားမရဘူး၊စသဖြင့်ပေါ့) နှလုံးသားထဲမှာနှုတ်ကပါတ်တော်ဘုရားစကားနဲ့ပြည့်နေမှသာတုန့်ပြန်မှုမှန်ကန်မှာဖြစ်ပါတယ်။ရွေးခြယ်တတ်မှာဖြစ်တယ်။ ရှောလုတို့ကြောက်နေချိန်မှာဒါဝိဒ်ကတော့သက်သေရှိတယ်၊ဘုရားအတူရှိတာကိုစိတ်ချတယ်။သူဘယ်လိုတုန့်ပြန်ရမလဲသူသိတယ်၊လောကသားတွေကဲ့သို့(ရှောလုနဲ့ဣသရေလလူတွေလို)မတုန့်ပြန်ဘူးဆိုတာကိုနားလည်ရပါတယ်။
နောက်ဆုံးနှုတ်ကပါတ်တော်လေးတစ်ချက်နဲ့ခွန်အားပေးချင်ပါတယ်။
ဆာလံကျမ်း ၆၃:၅-၆
အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကိုလည်းကောင်း၊ ဆူသောအသားကိုလည်းကောင်း စား၍ဝသကဲ့သို့၊ အကျွန်ုပ်၏ ဝိညာဉ်သည်ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။