မျက်ရည်စများ၏နောက်

လူတိုင်းလူတိုင်း ငိုခဲ့ဖူးကြပါလိမ့်မယ်။ လူတိုင်း လူတိုင်းဟာ အမိဝမ်းတွင်းမှ စတင်ထွက်လာကတည်းကိုကပင် ငို၍ထွက်လာခဲ့ကြသူတွေချည်းပါပဲ။ ထိုငိုကြွေးခြင်းကိုကြည့်ရမည်ဆိုလျှင် ဆေးပညာအရ မငိုဘဲထွက်လာသူသည် စိုးရိမ်ရပြီး၊ ငိုအောင်ပင် တင်ပါးကိုရိုက်ကြပါသေး၏။ ထိုငိုကြွေးခြင်းသည် ကလေးငယ်၏ အဆုပ်အတွက် အထောက်အကူပြုစေသည်။
အသက်အရွယ်အပိုင်းအခြားအလိုက် ငိုကြွေးရခြင်းအမျိုးမျိုးကို ကြုံခဲ့ရပေမည်။ မိဘဆူလို့၊ ဆရာမရိုက်လို့၊ စသဖြင့်တွေမှာလည်း ပြန်လည်ဆင်ခြင်ကြည့်မယ်ဆိုရင် ထိုကလေးငယ်အတွက်ပင်ဖြစ်ချေသည်။ အခြားသော အရာများကြောင့် ငိုကြွေးရခြင်းတွေ ရှိကောင်းရှိနေနိုင်သေးသည်၊ အဆင်မပြေခြင်း၊ မနာလိုခြင်း၊ မတရားစွတ်စွဲခံရခြင်း စသဖြင့်ဖြစ်ပေသည်။
ယောသပ်ကိုကြည့်မည်ဆိုရင်၊ အစ်ကိုအရင်းတွေမှ ရောင်းစားခြင်း၊ မတရားစွတ်စွဲခံရခြင်း၊ ကျွန်အဖြစ်နေရခြင်း၊ စသဖြင့် အင်မတန် ငိုကြွေးစရာဖြစ်ခဲ့သည်။ ထိုမျက်ရည်စများ၏နောက်၌ ဘုန်းတော်ထင်ရှားခြင်းနှင့် ရူပါရုံပြည့်စုံစေခဲ့သည်။
ဟာန္နကိုဆင်ခြင်ကြည့်မယ်ဆိုရင်လည်း အကြိမ်ကြိမ်စိတ်နှလုံးနာကျင်ရတယ်၊ ရန်သူနှိပ်စက်ခြင်းလို့တောင် မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို (Psychological Violence) ခံစားခဲ့ရတာဖြစ်တယ်။
(Emotional Abuse) အကြိမ်ကြိမ်ခံစားခဲ့ရလို့လည်း ငိုကြွေးခဲ့ရပါတယ်။ ထိုမျက်ရည်များ၏နောက်မှာတော့ ရှမွေလ ကိုဘုရားသခင်ပေးသနားခဲ့ပါတယ်။
ကျွန်တော်တို့တွေရော ဘယ်ချိန်ထိများ ငိုကြွေးနေရပါသလဲ၊ ဘယ်လောက်ထိ နာကျဥ်နေရပြီလဲ၊ ဘယ်လောက်ထိများ ကြာနေဦးမလဲလို့ ငိုကြွေးရင်းနဲ့ ပင်ပန်းနေပြီလား။ ဘာအတွက်များ ငိုကြွေးနေရတာလဲ၊ ငွေကြောင့်လား၊ လူကြောင့်လား၊ ပြဿနာလား၊ အခက်အခဲတွေကြောင့်လား၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ ဘာတွေဘာတွေကြောင့်များ ငိုကြွေးနေရပါသလဲဆင်ခြင်ကြည့်ရအောင်။
ထိုငိုကြွေးရသော မျက်ရည်များဟာ အချည်းနှီးတော့မဖြစ်စေမှာကတော့ သေချာပါတယ်။ ငြိမ်သက်ခြင်း၏ အရှင် ကတော့ ဒီလိုဆိုပါတယ် "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့၊ ငါသည်ချမ်းသာပေးမည်။" ဒီချမ်းသာခြင်းက ငြိမ်ဝပ်ခြင်းချမ်းသာကို အဓိကဆိုလိုပါတယ်။ Rest ကိုဆိုလိုခြင်းဖြစ်သောကြောင့် မိမိ၏ အခက်အခဲပြဿနာ၊ ငိုကြွေးခြင်းတွေကြားထဲကနေ ငြိမ်ဝပ်ရသော အခွင့်ကို သင်ရောကျွန်ုပ်ပါရှိပါတယ်။
ထိုဧမာနွေလဘုရားနှင့်အတူရှိသောကြောင့် ငိုကြွေးရခြင်းကြုံရသော်လည်း ဝမ်းမြောက်ခြင်းရှိကာ၊ ငြိမ်ဝပ်လျှက်နေရပါတယ်။ ဧမာနွေလအနက်မှာ ကျွန်ုပ်တို့နှင့် အတူရှိတော်မူသော ဘုရားဟုဖြစ်သည်။ ကျွန်တော်တို့၏ မျက်ရည်စများ၏နောက်မှာတော့ အဘယ်ကဲ့သို့သော အဖြေ၊ အဘယ်ကဲ့သို့သော ဘုန်းတော်ထင်ရှားခြင်း၊ အဘယ်ကဲ့သို့သော အလိုတော်နှင့်ညီသော အရာကို ခံစားရရှိမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် ယုံကြည်သူအယောက်စီတိုင်းဟာ စောင့်မျှော်နေရင်း မျှော်လင့်ရင်းနဲ့ဝမ်းမြောက်နေကြမယ်လို့ ယုံကြည်ပါတယ်။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂:၃
ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။
နာကျဥ်နေရတာကို ပင်ပန်းနေပြီလား၊ ပြဿနာအခက်အခဲတွေကို အရှုံးပေးချင်နေပြီလား၊ လောကကြီးကနေ ထွက်ပြေးချင်နေပြီလား၊ ဘုရားသခင်လို့ အော်ခေါ်နေရလွန်းလို့ အာခေါင်တွေနာနေပြီလား၊ ငိုကြွေးနေရခြင်းတွေ တာရှည်နေပြီလား၊ မျက်ရည်တွေခမ်းလောက်အောင်ဖြစ်နေပြီလား၊ အားအင်တွေချည့်နဲ့ကာ လဲကျတော့မှာလာ မိတ်ဆွေ။ ဆိုင်းသော်လည်း ဆက်လက်၍ မျှော်လင့်ပါ၊ သင့်အတွက် သင်၏ရူပါရုံသည် နောက်မကျဘဲ ချိန်းချက်သော အချိန်ပြည့်စုံတဲ့အခါမှာ ဧကန်အမှန်ကို ရောက်လာကာ ဘုန်းတော်ထင်ရှားစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့၏ မျက်ရည်စများသည် အချည်းနှီးမဖြစ်စေဘူးဆိုတာကို နားလည်စေချင်ပါတယ်။ မျက်ရည်စများ၏နောက်တွင် အမြဲတမ်း အဖြေတစ်ခုဟာ စောင့်ကြိုနေပါတယ်လို့ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet