သမ္မာသတိရှိလျှက်စောင့်

ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၅:၈
သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။
ဟုတ်ပါတယ်။ ယုံကြည်သူတွေဟာသေးငယ်သောအမှုအရာမျိုးဖြစ်နေပါစေသတိလက်လွတ်မနေစေပဲသမ္မာသတိနဲ့နေရမှာဖြစ်ပါတယ်။ စကားပြောခြင်းဖြစ်စေ၊ပြုမူခြင်း၊သွားလားခြင်းအစရှိသဖြင့်အဘယ်အမှုကိုပြုသည်ဖြစ်စေ သမ္မာသတိရှိဖို့ရာလိုအပ်ပါတယ်။
Facebook တွင် ၈နာရီမှာတက်တက်လာသော Covid လူနာဆေးစစ်ချက်သတင်းလေးဖတ်မိရင်းနဲ့ဆင်ခြင်နေမိပါသည်။
ကျွန်တော်ငယ်ငယ်က ဝူခုန်းကားအရမ်းကြိုက်ခဲ့ဖူးပါတယ်။ ၁တန်းလောက်ဖြစ်မယ်ထင်ပါတယ်။ အမြဲစောင့်ကြည့်ခဲ့ဖူးသည်။ မီးပျက်နေရင်တောင် TV ရှေ့မှမခွာပါ။ မီးလာတာနဲ့ TV တန်းဖွင့်ရန်စောင့်နေမိခဲ့ဖူးပါသည်။ထို့အတူပါပဲ အခုနောက်ပိုင်းမှာလဲ Korea ရုပ်ရှင်တွေခေတ်စားလာခဲ့ပြန်ပါသည်။ကိုယ်ကြိုက်သောရုပ်ရှင်လေးတွေလာလျှင်စောင့်ကြည့်ဖူးကြမည်ဟုထင်မိပါသည်။
ည၇နာရီမှာကိုယ်ကြိုက်တဲ့ရုပ်ရှင်လာမယ်ဆိုလျှင် ၇နာရီမထိုးခင်ထဲက TV ဖွင့်ထားပြီး ကြိုစောင့်နေတတ်ကြသည်မဟုတ်ပါလား။ ရုပ်ရှင်မှမဟုတ်ပါဘူး ဘယ်အရာမဆိုကိုယ့်အတွက်အရေးကြီးတာ၊ကြိုက်တာ၊မြတ်နိုးတာ၊စသဖြင့်သောအရာတွေအတွက်ဆိုအမြဲကြိုတင်အချိန်ယူတတ်သလို အချိန်ပိုယူတတ်ကြတယ်ဆိုတာမည်သူတစ်ဦးတစ်ယောက်မှငြင်းဆိုနိုင်မည်မဟုတ်ပေ။
ချစ်သူရည်းစားနဲ့ မနက်၁၀နာရီချိန်းဆိုထားလျှင်၉နာရီ၉နာရီခွဲလောက်ထဲကကြိုရောက်နေတတ်ကြသည်မဟုတ်လား။ဘာကြောင့်ပါလဲ ...
ချစ်တာကိုး။ ကိုယ့်အတွက်တန်ဖိုးထားရလို့ ချစ်သောသူဖြစ်သောကြောင့်ပင်။ ဒါဆိုလျှင် ထိုကဲ့သို့အချိန်ပေးခြင်းမျိုးကို မိမိကိုးကွယ်သော မိမိကိုအသက်ပေး၍ချစ်သော ယေရှုခရစ်တော်ကိုရော အချိန်ပေးမိပါရဲ့လားလို့ဆင်ခြင်မိဖို့ရာလည်းလိုအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲဆင်ခြင်နေမိပါတယ်။
ယခုလဲ Covid လူနာစစ်ဆေးတဲ့သတင်းကိုည၈နာရီမှာပုံမှန်ကြေညာပေးနေတော့ ထိုသတင်းကိုပဲစိတ်ဝင်စားပြီးမျှော်လင့်နေမည့်သူများဘယ်နှစ်ယောက်တောင်ရှိနေမလဲလို့ ကျွန်တော်စဥ်းစားနေမိပါသည်။
ကျွန်တော်တို့ယုံကြည်သူတွေသည် သမ္မာသတိနဲ့နေထိုင်ဖို့ရာလိုအပ်သလို ယုံကြည်သူများအချင်းချင်း သမ္မာတရားကိုသာ၍သိစေဖို့လဲတည်ဆောက်ပေးကြဖို့ အားပေးကြဖို့ကိုမြင်မိပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ်ချစ်သောဘုရား၊ကိုယ့်ကိုချစ်သောဘုရားကို အချိန်ပေးကြရအောင်လို့ နှိုးဆော်ပေးချင်ပါတယ်။ အခုလိုအချိန်ဆိုလျှင် အချိန်တွေသာ၍ပိုထွက်လာပါပြီ၊ နှုတ်ကပါတ်တော်ဖတ်ရှုလေ့လာခြင်း၊တရားဒေသနာနားထောင်နာယူခြင်း၊အမျိုးမျိုးသောဆင်ခြင်ပိုင်းခြားခြင်းများကိုအချိန်ပေးဖို့ရာတန်ပါပြီလို့တိုက်တွန်းနှိုးဆော်ပေးချင်သလို၊မိမိ၏စောင့်ဆိုင်းခြင်းတွေသည် ရုပ်ရှင်တွေ၊Covid သတင်းတွေမဟုတ်စေဘဲ နှုတ်ကပါတ်တော်ဘုရားစကားကိုသာဖြစ်စေပြီးတော့၊ကျွန်တော်တို့ယုံကြည်သူတွေသည် မီးခွက်မှာဆီအပြည့်ဖြည့်ထားသောသတို့သမီးကဲ့သို့ သမ္မာသတိရှိလျှက်အိပ်မပျော်ပဲနေကြပါစို့လို့ အနည်းငယ်ခွန်အားပေးတိုက်တွန်းချင်ပါတယ်။
သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၆
သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။
ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၄:၇
ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှါ စောင့်နေကြလော့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။