စိတ်နှလုံးသွန်းလောင်းခြင်း

လူတစ်ယောက်ရဲ့ စိတ်ချမ်းသာပျော်ရွှင်မှုသည် ပစ္စည်းဥစ္စာပိုင်ဆိုင်မှု ငွေကြေးချမ်းသာကြွယ်ဝမှု စသည်တို့နှင့် လုံးဝမသက်ဆိုင်ပေ။ လောကမှာ တချို့က ချမ်းသာပေမယ့် စိတ်ဆင်းရဲနေရတယ် ၊ တချို့ကျပြန်တော့လဲ တစ်ခုခုကြောင့် စိတ်ညစ်ရပြန်တယ် ၊ အမျိုးမျိုးသော နာကျဥ်စရာတွေရဲ့ နှိပ်စက်ခြင်းတွေကို ခံနေရတတ်ကြပါတယ်။
ကျွန်တော်တို့ယုံကြည်သူတွေမှာလဲ တစ်ခုခုရဲ့ နှိပ်စက်ခြင်းကြောင့် နာကျဥ်ခံစားငိုကြွေးနေရခဲ့ရင် ဟန္နကို အတုယူကြဖို့ဖြစ်ပါတယ်။ ဧလကာနတွင် အမျိုးသမီးနှစ်ယောက်ရှိပါတယ် ဟန္နနှင့်ပေနိန္န တို့ဖြစ်သည်။ ဟန္နသည် သူ၏အမျိုးသား ဧလကာန၏ချစ်ခြင်းကိုခံရသူဖြစ်တယ်။ ချမ်းသာကြွယ်ဝသောသူလဲဖြစ်ပါတယ်။ သို့သော် သားသမီးမရှိပေ။ ပေနိန္နတွင် သားသမီးရှိသည်။ ဟန္န၏ သားသမီးမရှိသော ထိုအားနည်းချက်ကို ပေနိန္နက ထိုးနှက်သည်။ သူတို့တွေသည် နှစ်တိုင်း ရှိလောမြို့ကို ထာဝရဘုရားအား ပူဇော်ရန် သွားသည်။ သွားတိုင်း အမြဲထိုအားနည်းချက်ကို ထိုးနှက်နှိပ်စက်ခံရလေ့ရှိသည်။ ဧလကာနသည် ယဇ်ပူဇော်ချိန်ရောက်တိုင်းတွင် ပေနိန္နနှင့်သားသမီးတို့ကို ဝေမျှသည်ထက် နှစ်ဆသောအဖို့ကို ဟန္နအားပေးသော်လည်း သူမပျော်ရွှင်ပေ။ သူ၏အားနည်းချက်ကို ကဲ့ရဲ့လွန်းအားကြီး၍ ရန်သူနှောက်ယှက်လွန်းလို့ မအိပ်နိုင် မစားနိုင် စိတ်ဆိုးညစ်ရတယ်ဆိုတာကို တွေ့ရပါတယ်။ သူ့အပေါ်နာကျဥ်စေသော ပေနိန္နကို ပြန်လည်ရန်မူခြင်းမျိုး တုန့်ပြန်ရန်တွေတာတွေ မတွေ့ရပေ။ သူဘာလုပ်သလဲဆိုရင်တော့
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁:၁၀
ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ၍၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည်ကား၊-
လူကိုမတုန့်ပြန်ဘူး ၊ လူဖြစ်သော ဧလကာနကို ပြန်တိုင်ပြီးကုန်းမတိုက်ဘူးဆိုတာကိုတွေ့ရပါတယ်။ ညှိုးငယ်သောစိတ်နဲ့ မျက်ရည်များစွာကျလျှက် ဆုတောင်းတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီလိုဆုတောင်းတာကို ဧလိက မြင်တယ် ဒါပေမယ့် ပါးစပ်သာလှုပ်တယ် အသံမကြားသောကြောင့် စပျစ်ရည်ယစ်မူးနေတယ်လို့ ထင်တဲ့အတွက် ဘယ်လောက်တောင်ယစ်မူးနေမှာလဲ ၊ စပျစ်ရည်ယစ်မူးခြင်းကို ရှောင်ပါလို့ အမြင်နဲ့ရမ်းပြောတယ်ဆိုတာကိုတွေ့ရတယ်။ ဧလိပြောတာကို စိတ်မဆိုးဘဲ ပြန်လည်ရှင်းပြပြီး ထာဝရဘုရားရှေ့မှာ စိတ်နှလုံးကို သွန်းလောင်းနေတယ်လို့ဆိုတယ်။
ကျွန်တော်တို့တွေဟာ သူတပါးအပေါ်ကို အမြင်နဲ့ဆုံးဖြတ်တတ်ကြတယ် ၊ ပြောတတ်ကြတယ်၊ ဒါကိုလဲ သတိထားရမှာဖြစ်ပါတယ်။ သူတပါးရဲ့အမြင်နဲ့ ကိုယ့်အပေါ်မှားယွင်းစွာ စွတ်ဆွဲခြင်းကို ဟန္နသည်အေးဆေးစွာပြန်လည်ရှင်းပြပြီးတော့ စိတ်ဆိုးခြင်းမရှိဘူး ကောင်းမွန်သောစကားကိုသာဆိုတယ်လို့တွေ့ရပါတယ်။ ကိုယ့်အပေါ် နာကျဥ်စေသူကိုလည်း ရန်မတုန့်ပြန်သလို ၊ ကုန်းတိုက်ခြင်းတွေမလုပ်ဘဲ ထာဝရဘုရားကိုသာ အားကိုးတယ် ၊ ကိုးစားပြီး ရှေ့ဆက်ရမယ့်အသက်တာကိုဖြတ်သန်းတယ်ဆိုတာကိုနားလည်ရပါတယ်။ စိတ်နှလုံးကိုသွန်းလောင်းတယ် ၊ မျက်ရည်များစွာကျပြီး ဆုတောင်းခြင်းဆိုတာတွေသည် နှိမ့်ချခြင်းများစွာပါသည်။ ဧလိက ငြိမ်ဝပ်စွာသွားပါ ဘုရားသခင်ပေးသနားတော်မူပါစေ လို့ဆိုတဲ့နောက် ခြားနားသောမျက်နှာနဲ့ပြန်သွားတယ်ဆိုတာဟာ သူမ၏ယုံကြည်ခြင်းကိုလဲ တွေ့ရပါတယ်။ ဟန္နသည် တကယ်ကလေးရသွားတဲ့အခါမှာလဲ သစ္စာဝတ်ကို ဖြေတယ်ဆိုတာကိုဆက်လက်တွေ့ရပါတယ်။ ဒါဟာယုံကြည်သူများအတွက် အရေးကြီးသောအတုယူစရာ တစ်ခုအပါအဝင်ပင်။
ကျွန်တော်တို့ယုံကြည်သူတွေမှာ နာကျဥ်ဝမ်းနည်းစရာတွေ ၊ ငိုကြွေးနေရတာတွေ ၊ စိတ်ပျက်အားငယ်နေရတာတွေအစရှိသဖြင့်ရှိမှာပါ။ ပြဿနာတွေများစွာအတွက် မျက်ရည်ကျလျှက် စိတ်နှလုံးကိုသွန်းလောင်းကာ ဆုတောင်းနေခြင်းတွေအတွက် ကျွန်ုပ်တို့၏မျက်ရည်ကို ဘုရားသခင်ကိုယ်တိုင်သုတ်ပေးခြင်းကို ခံစားရမှာဖြစ်ပါတယ်ဆိုတာကို ဝေမျှခွန်အားပေးချင်ပါတယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁:၁၅
ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi