ဝိညာဥ်ရေးရာ Virus ( Spirit Of The Virus )

Covid ထက်ကြောက်စရာကောင်းသော S-Virus လို့ခေါ်တဲ့ ဝိညာဥ်ရေးရာ Virus တစ်မျိုးရှိပေသည်။ သိပ်ကြောက်စရာကောင်းပါသည်။ Covid သည်ကူးစက်တတ်သည်။သို့သော် Online မှမကူးစက်တတ်ပေ။ S-Virus ကတော့ နည်းမျိုးစုံနှင့်ကူးစက်သည်။ Online မှလည်းကူးနိုင်သည်။
Covid သည် ရောဂါအခံရှိသူများသာအထိနာသည်။ကျန်းမာရေးကောင်းသူများသက်သာသည်။ S-Virus ကျပြန်တော့ ဝိညာဥ်ရေးရာနုနယ်သူတွေကျဆုံးသည်။ ရင့်ကျက်သူများသတိလက်လွတ်ဖြစ်လျှင်ကျဆုံးတတ်တာကိုသတိပြုရပေမည်။ Online မှ ဝေဖန်မှုတွေရှိခဲ့ရင်လည်း မခံနိုင်ပဲဝိညာဥ်ရေးရာထိခိုက်ရှနာဖြစ်လာခြင်း၊ဝိညာဥ်ရေးရာခြောက်ကပ်ခြင်းတွေဖြစ်လာကာ တုန့်ပြန်မှုတွေလွဲမှားလာတတ်ကြပါတယ်။
မြန်မာပြည်ရဲ့အလေ့အထက ပုဂ္ဂိုလ်ခင်မှတရားမင်။ ဆရာသမားကိုဗဟိုပြုခြင်းများလှပေသည်။ ဆရာကဗျိုင်းကိုမဲတယ်ဟုဆိုလျှင်လိုက်မဲမည်၊ကျီးကန်းကဖြူတယ်ဆိုလျှင်လိုက်ဖြူသည်၊ဆရာကငရဲသွားလျှင်လိုက်သွားမည်ဆိုသူများအတော်များလှသည်။
ထိုဆရာသမားသည်လည်းလူဖြစ်သောကြောင့်မှားတတ်သည်ဆိုတာမေ့နေတတ်ကြသည်။ မည်သူတစ်ဦးတစ်ယောက်မှမပြည့်စုံပါ။ သူမှားလျှင်မေတ္တာဖြင့်ထောက်ပြပေးသောဆရာသမားများကို အမြင်စောင်းကာ ဘုရားလူကိုမထိနဲ့ဟုအထင်လွဲကြသည်။ သူမှားလျှင်သူနဲ့ဘုရားရှင်းမယ်ဆိုသောစကားများပြောတတ်ကြပါတယ်။
ကျမ်းစာထဲမှာပင် ဘုရားလူဖြစ်သောရှောလုဘိတ်သိတ်ခံဘုရင်မှားကြောင်း၊ဒါဝိဒ်မှားကြောင်းထောက်ပြတာတွေရှိတယ်ဆိုတာမသိချင်ယောင်ဆောင်သလား၊မသိတာလား၊မေ့နေတတ်ကြတယ်လို့သာဆိုကြပါစို့။
ဘုရားလူဆိုတာကိုမည်သို့နားလည်သည်မသိ။ တရားဟောဆရာကိုဘုရားလူဟုဆိုလျှင်တောင် အခြားတရားဟောဆရာတွေကဘုရားလူမဟုတ်ဟုထင်နေသလားမသိပါ။ ဆင်ခြင်ရန်လိုအပ်လှပါသည်။
နာမည်ကြီးဆရာနောက်လိုက်လေဆရာကိုဗဟိုပြုခြင်းများလေဖြစ်နေတတ်သည်ကိုသတိထားမိလာသည်။ထို့ကြောင့် ဘုရားကိုသာဗဟိုပြုခြင်းနဲ့ဆရာသမားထိရင်ဘုရားထိတာထက်နာခြင်းကိုသွန်သင်ပေးဖို့လိုသည်ဟုမြင်မိသည်။ ငါကဘယ်သူ့တပည့်၊မင်းတို့ထောက်ပြနေရတာမနာလိုလို့၊မဝေဖန်မပုတ်ခတ်နဲ့၊သူ့လိုပြောနိုင်ဟောနိုင်လို့လားစသဖြင့်တုန့်ပြန်မှုတွေကိုဆင်ခြင်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့တွေသည် ဘုရားသခင်ကိုသာဗဟိုပြုကြရမှာဖြစ်သလို ကျွန်တော်တို့ကိုးကွယ်သောဘုရားသည် ရန်သူကိုပင်ချစ်ခိုင်းသောဘုရားဖြစ်တယ်ဆိုတာကိုနားလည်နိုင်ဖို့ရာအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၃:၄-၆
တယောက်က၊ ငါသည်ပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ တယောက်က၊ ငါသည်အာပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြောကြလျှင်၊ ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။
ပေါလုကားအဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရား သည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။
ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသော သူဖြစ်၏။ အပင်ကိုကြီးပွါးစေသော သူကား၊ ဘုရားသခင်ပေတည်း။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။