အထက်အရပ်မှလာသော ပညာ

ထာဝရဘုရားသည် ပညာကိုပေးတော်မူတတ်သည်ဟူ၍ ကျွန်ုပ်တို့သိကြသည်။ ထိုဥာဏ်ပညာကို "Wisdom" ဟုဆိုပေသည်။ ၎င်းသည် မည်မျှအရေးပါသနည်း၊ ထို Wisdom ဆိုသည်မှာ ဘာကိုဆိုသည်ကိုလည်း သိဖို့ရန်အတွက် အင်မတန်အရေးကြီးပါသည်။
"Wisdom is the ability to know what is true or right." ဆိုသည့် ဖွင့်ဆိုချက်များစွာထဲမှ တစ်ခုကို ကျွန်တော် ဖတ်မှတ်မိပါသည်။
ဥာဏ်ပညာသည် အမှားနှင့်အမှန်ကို ခွဲခြားနိုင်သည်။ ကောင်းမွန်သော တရားစီရင်ခြင်းမျိုး သို့တည်းမဟုတ်၊ တရားမျှတစွာစီရင်နိုင်ခြင်း ဘက်မလိုက်သည့် "Unbiased Judgment" မျိုး၊ သနားခြင်းကရုဏာစိတ်မျိုးရှိတတ်သည်ဟူသည့် စသောအရာမျိုးများကိုလည်း အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြပေသည်။
ပညာတတ်တိုင်းလည်း အမှားနှင့် အမှန်ကို မခွဲခြားတတ်ဘူးဆိုသည်ကို ကျွန်ုပ်တို့လက်ခံကြမည်ထင်ပါသည်။ စာတတ်တိုင်း စာကိုသိသည်ဟု ဆိုသူတိုင်းလည်း "Wisdom" မရှိဘူးမဟုတ်ပါလား။ ဘာကိုနားလည်ရသလဲဆိုလျှင်ဖြင့် လူတစ်ယောက်သည် ဘွဲ့ရပညာတတ်ဖြစ်ပါစေ၊ Doctor ဘွဲ့များ ဘယ်လောက်ပင် ရထားရထား၊ မည်သည့်နိုင်ငံတွင် သင်ယူလာပါစေဦးတော့ ထို "Knowledge" အဲဒီပညာ အဲဒီ ဂုဏ်ဒြပ်တွေသည် အမှားနှင့်အမှန်ကို မသိဘူး၊ ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်ဘူး၊ ဘက်မလိုက်သော စီရင်ဆုံးဖြတ်ခြင်းမျိုးကို မဖြစ်စေဘူးဆိုသည်ကို ကျွန်ုပ်တို့လက်ခံနိုင်မည်ထင်ပါသည်။
ဆိုလိုချင်သည့်အဓိပ္ပါယ်ကတော့ စာတတ်တိုင်း ပညာရှိမဟုတ်ဘူးဆိုသည်ကို နားလည်ရပါသည်။ ကျွန်တော်တို့နေထိုင်ရာ လောကကြီးကိုဖြစ်စေ နိုင်ငံအသီးသီးကိုဖြစ်စေ ကြည့်လိုက်မည်ဆိုလျှင်လည်း ပညာတတ်များပါသည်ဖြစ်သော်လည်း ပညာရှိနည်းသည်ဆိုသည်ကိုလည်း လက်ရှိလောကကြီးထဲတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များ အခြေအနေများကိုကြည့်လိုက်လျှင် နားလည်နိုင်ပေသည်။
နောက်တစ်ခုကတော့ "knowledge" ဆိုသည့်အရာသည် စာသင်ကြားခြင်း၊ စာအုပ်ဖတ်ခြင်းမျိုး စသောအရာမျိုးများမှလာသည် ဥပမာဆိုရလျှင် ကျောင်းတက်ခြင်းကဲ့သို့သော သင်ယူခြင်းမျိုးဟု ပြော၍လည်း ရပေသည်။ "Wisdom" ဆိုသည်မှာတော့ စာဖတ်ခြင်း စာသင်ယူခြင်း ကျောင်းတက်ခြင်းမျိုးမှရရှိတာမျိုးမဟုတ်ပြန်ဘူးပဲ။ ထို့ကြောင့်လည်း ပညာတတ်ဖြစ်သော်လည်း အမှားလား အမှန်လား မသိ၊ ဓမ္မလား အဓမ္မလားကိုလည်း မခွဲခြားတတ်၊ ဘက်မလိုက်ဘဲ မှန်ကန်စွာတရားမစီရင်တတ်သည့် ပညာမဲ့များစွာရှိနေကြသည်ဟုလည်း ဆိုပြန်၍လည်း ရပြန်ပေသည်မဟုတ်ပါလား။ ဤအဖြစ်များကြောင့်လည်း "ပညာတတ်အောက်တန်းစား" ဟုအချို့ကဆိုကြပြန်သေး၏။
(ဒေသနာကျမ်း ၉:၁၈) ပညာသည် စစ်လက်နက်ထက် သာ၍ကောင်းမြတ်၏။
စစ်လက်နက်များကို ဘယ်လောက်ပင်ရှိရှိ ဘယ်လောက်ပင်ပိုင်ဆိုင်ထားပါစေဦးတော့၊ တကယ်တမ်း ပညာသာမရှိလျှင်တော့ သုံးစား၍ မရပြန်ဘူးပဲ။ ဒါ့ကြောင့်လည်း ပညာကသာ၍ ကောင်းမြတ်သည်ဟုဆိုခြင်းဖြစ်ပေဦးလိမ့်မည်။ NIV (Wisdom is better than weapons of war)
"Wisdom" (ဟွတ်ခ်မာ "Chokmah") ထိုစာလုံးကို Masoretic Text of the Hebrew Bible တွင် ၁၄၉ ကြိမ်တွေ့ရသကဲ့သို့၊ "wise, intelligent, skillful" စသည့်သဘောမျိုးဖြစ်သော (ဟခ်ဟမ် "Chakam") ဆိုသည့်စကားလုံးကို ၁၃၇ ကြိမ်တွေ့ရတယ်။ Hebrew Bible တွင်တော့ ၂၂၂ကြိမ်ဟုလည်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ထိုသို့ဆိုလျှင် အဲဒီဥာဏ်ပညာကို ကျွန်တော်တို့တွေဘယ်ကနေများ ရနိုင်လိမ့်မည်နည်း။
ရှင်ယာကုပ်ဩဝါဒစာ ၁:၅
သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။
ဘယ်ကရလဲ? ဘယ်လိုရနိုင်မလဲ? ဘုရားသခင်ဆီမှသာ ရနိုင်တယ်မဟုတ်ပါလား ... အဲဒီဥာဏ်ပညာက အမှားနှင့်အမှန်ကိုလည်း ခွဲခြားသိတယ်၊ အဲဒီဥာဏ်ပညာက ဓမ္မနှင့်အဓမ္မကိုလည်း ခွဲခြားတတ်တယ်၊ အဲဒီဥာဏ်ပညာက ကောင်းမွန်သည့် တရားစီရင်ခြင်းမျိုးကိုလည်း ပြုတတ်တယ်။ ထိုသို့ ပိုင်းခြားနားလည်တတ်သည့် ဥာဏ်ပညာက ဘယ်ကလာသလဲဆိုလျှင်ဖြင့် ဘုရားသခင်ဆီမှလာတာဖြစ်တယ်ဆိုတာကို နားလည်ရပေသည်။
ရှင်ယာကုပ်ဩဝါဒစာ ၃:၁၇
အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။
NIV (But the wisdom that comes from heaven is first all pure)
KJV (But the wisdom that is from above is first pure)
အထက်မှလာသော ပညာ ... ထိုပညာသည် သန့်ရှင်းသည်၊ စင်ကြယ်သည်၊ ကရုဏာနှင့်ပြည့်သည်၊ ကောင်းကျိုးပေးသည်၊ အမှားနှင့်အမှန်ကိုလည်း ခွဲခြားတတ်သည်၊ ဓမ္မနှင့်အဓမ္မကိုလည်း ခွဲခြားတတ်ရုံမျှသာမက တရားမျှတစွာ တရားစီရင်တတ်သည်ဟုနားလည်ရပေသည်။
ရှောလမုန်မင်းကြီးကိုကြည့်မည်ဆိုလျှင် ဘုရားသခင်ဆီမှ ဥာဏ်ပညာကိုသာ တောင်းခံသလို၊ ဘုရားသခင်ကလည်း သူ့ကို အထက်အရပ်မှလာသော ပညာကိုလည်း ပေးခဲ့ပာသည်။ ဒါ့ကြောင့်လည်း ဒီဘုရင်သည် ဖြောင့်မတ်စွာ စီရင်ခြင်းမျိုး၊ တရားမျှတတဲ့ ဆုံးဖြတ်ခြင်းမျိုး၊ ဘက်မလိုက်တဲ့ဘုရင်၊ ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ရှင်ဘုရင်ဖြစ်သည့်အတွက် လူများကလည်း ကြောက်ကြသကဲ့သို့ ရိုသေကြသည်၊ ချီးမွမ်းခဲ့ကြသည် ဆိုသည်မှာတော့ ကျမ်းစာကိုဖတ်သူတိုင်း သမိုင်းကိုလေ့လာတွေ့ရှိကြသူတိုင်းငြင်းမရသော သက်သေများပင်မဟုတ်ပါလား။ အကယ်၍ သူသာ ထိုအရာများနှင့် ဆန့်ကျင်ဘက်များဖြစ်သည့် ဘက်လိုက်သော စီရင်ခြင်း၊ တရားမျှတမှု မရှိခြင်း၊ ဦးနှောက်ကလည်း မရှိခြင်းမျိုး၊ အသုံးမကျသည့် သူသာဖြစ်နေမည်ဆိုလျှင်တော့ ကဲ့ရဲ့ခံရမည်၊ ရှုံ့ချခံရမည်၊ လှောင်ပြောင်ခံရမည်သာမကသေးပဲ၊ နောက်ဆုံးတွင်တော့ တိုင်းပြည်ပျက်မှာပဲမဟုတ်ပါလား ...
အထက်အရပ်ကလာသော ပညာကိုရသည့် ရှောလမုန်မင်းကြီး၏ အဓိကသော့ချက်များကိုကြည့်မယ်ဆိုရင် ...
ဓမ္မရာဇဝင်တတိယစောင် ၃:၃ (ခမည်းတော်ဒါဝိဒ်၏ စီရင်ချက်များကို စောင့်ရှောက်ခြင်း။) ဒါဆိုဘာတွေများလဲ ... ဘာတွေများဖြစ်မည်နည်း ...
(၁) ထာဝရဘုရားကိုချစ်
(၂) စိတ်နှလုံးအကြွင်းမဲ့ သမ္မာတရား၌ကျင်လည်
(၃) ထာဝရဘုရား၏ လမ်းတော်သို့လိုက်
(၄) တရားတော်တွေကို စောင့်ရှောက်
ဒါဆိုရင် ပြုလေရာရာ၊ သွားလေရာရာမှာ အောင်မြင်မယ်။ (ဓမ္မရာဇဝင်တတိယစောင် ၂:၁-၅)
ထိုအချက်များ၏ အဓိကအချုပ်သည် ဘာများဖြစ်မည်နည်း ...
(သုတ္တံကျမ်း ၉:၁၀) ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကသာလျှင် ပညာ၏အဓိကအချုပ်ဖြစ်ပေသည်။ (Fear of the LORD is the beginning of wisdom) နောက်တစ်ချက်သည် ထိုသန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းခြင်းကသာလျှင် ဥာဏ်ဖြစ်သည်။
ထို့ကြောင့် အရေးအကြီးဆုံးသောအရာသည်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် အဲဒီဘုရားကို သိကျွမ်းခြင်းသည်သာလျှင် အထက်အရပ်မှလာသော ပညာကို ရရှိခြင်းဖြစ်နိုင်သကဲ့သို့ ယနေ့တွင်လည်း သင်နှင့် ကျွန်ုပ်တို့သည်လည်း (ရှင်ယာကုပ်ဩဝါဒစာ ၁:၅) အရ "အဲဒီပညာကို စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းကြလျှင် ရမှာဖြစ်သည်မဟုတ်ပါလား"
အဲဒီပညာသည် အမှားနှင့်အမှန်ကို ခွဲခြားသိခြင်း၊ ဓမ္မနှင့်အဓမ္မကို ပိုင်းခြားနားလည်ခြင်း၊ ဘက်မလိုက်သော တရားစီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်တတ်ခြင်း၊ တရားသဖြင့်စီရင်တတ်ခြင်း၊ သနားခြင်းကရုဏာရှိခြင်း စသည့် ထိုကဲ့သို့သော အရာတွေသာလျှင် အထက်အရပ်မှလာသောပညာဖြစ်ပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet