ဘာရယ်မဟုတ်ဘူးလို့ထင်နေသလား

ယောရှုသည် အာဣမြို့ကိုတိုက်ဖို့ရန် သူ့လူတွေကို အကုန်မစေလွှတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွယ်လို့ဖြစ်တယ်၊ ယေရိခေါမြို့လောက် မခက်ဘူးဆိုတာကိုသိတယ်၊ သူလျှိုလဲလွှတ်ပြီးစုံစမ်းထားတယ်။ ဒါပေမယ့် သူတို့တွေရှုံးသွားတယ်၊ မထင်မှတ်တာတွေဖြစ်သွားခဲ့တယ်။
အဲ့ဒီမြို့သားတွေရှေ့မှာ ထွက်ပြေးရတယ်ဆိုတာကိုတွေ့ရတယ်။ ယောရှုသည် အဝတ်ကိုစုတ်ပြီးတော့ အသက်ကြီးသူတွေနဲ့အတူတူ ခေါင်းပေါ်ကိုမြေမှုန့်ကိုတင်ပြီး ထာဝရဘုရားရဲ့သေတ္တာတော်ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျှက်နေတယ်ဆိုတာကိုတွေ့ရပါတယ်။ သူအဖြေရခဲ့ပါတယ်။
ယောရှုမှတ်စာ ၇:၁၂
ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ်သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကိုလှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။
ဒီလိုနဲ့အဖြေရှာရင်းရှာရင်း တစ်ယောက်သောသူကပြစ်မှားထားတယ်။ သူ့ရဲ့နာမည်က အာခန်။ ကျိန်အပ်သောအရာကို သတိနဲ့ရှောင်ပါ၊ ရွှေငွေကြေးဝါစသဖြင့်ထာဝရဘုရားဖို့ သန့်ရှင်းစေပြီး ဘဏ္ဍာတော်ထဲကို သွင်းရမယ်လို့အစကလဲမှာထားပြီးသားဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ မနာခံတဲ့သူ နာမည်က အာခန်ဖြစ်တယ်။
ယောရှုမှတ်စာ ၇:၂၀-၂၁
အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှုဟူမူကား၊
လုယူသောဥစ္စာတို့တွင် မြတ်သောဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော်တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါသည်ဟု ယောရှုအား ပြန်လျှောက်လေ၏။
သူကတော့ ဘာရယ်မဟုတ် တပ်မက်မိလို့လုပ်လိုက်ရုံလေး၊ ဒါပေမယ့် တစ်ဖက်မှာတော့ ယောရှုတို့ရှုံးနိမ့်ရတယ် စစ်သူရဲတွေသေကြေပျက်စီးသွားရတယ်။ ဒီပစ္စည်းလေးတွေက ဘာမှတော့မဟုတ်ပါဘူး ဒါပေမယ့် မလုပ်ရဘူးလို့တိတိကျကျကြိုပြောထားတဲ့ အရာဖြစ်နေတယ်။ အာခန်ကတော့ ဘာရယ်မဟုတ်ပါဘူးဆိုပေမယ့် တစ်ဖက်ကတော့ က္ကုသရေလအမျိုးသားတို့ရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်တဲ့အပြင် နောက်ဆုံးမှာ အာခန်ပါကိုယ်စိုက်တဲ့အရာကို ပြန်ရိတ်သိမ်းလိုက်ရပြန်တယ်။ အာခန်၏ သားသမီး၊ သိုးနွား တွေမှအစ မနာခံခြင်းရဲ့ရိတ်သိမ်းခြင်းကိုခံစားရတယ်ဆိုတာကိုနားလည်ရပါတယ်။ အာခန်က သူ့ရဲ့ပြစ်မှားခြင်းကို မိမိရဲ့တဲအတွင်းမှာသိမ်းထားတယ်ဆိုတာကိုတွေ့ရသလို ကျွန်တော်တို့အယောက်စီတိုင်းကရော မိမိရဲ့ အသက်တာတဲအတွင်းမှာ ဘာတွေများသိမ်းထားနေမိပြီလဲ။
အပေါက်လေးသေးသေးလေးသည်လဲ လှေတစ်စီး၊ သင်္ဘောတစ်စီးကို နစ်မြှုပ်ပစ်လိုက်နိုင်စွမ်းရှိပါတယ်။
စီးပွားရေးအနေနဲ့ကြည့်ရင်လဲ ငွေကြေးစီးဆင်းမှု အသေးလေးတစ်ခုစီတိုင်းသည် စီးပွားရေးတစ်ခုလုံးလဲပြိုသည်အထိ သက်ရောက်စေတတ်တယ်ဆိုတာကိုသိရတယ်။ ကျွန်တော်တို့အယောက်စီတိုင်းကရော ဘာရယ်မဟုတ်ဆိုသော အမှားလေးတစ်ခုကနေ ဘယ်လောက်ထိဆုံးရှုံးသွားနိုင်မလဲ၊ မိမိရဲ့မိသားစုတွေကိုများ သက်ရောက်စေမလား၊ အာခန်၏ပြစ်မှားခြင်းကြောင့် က္ကုသရေလအမျိုးသားတွေဆုံးရှုံးရသလို ကျွန်တော်တို့ကြောင့် ယုံကြည်သူညီကိုမောင်နှမတွေများ ဆုံးရှုံးသွားစေမလားဆိုတာကို ဆင်ခြင်မိပါတယ်။ ဒီတော့က ကျွန်တော်တို့တွေက အာခန်လို မနာခံခြင်း၊ ပြစ်မှားခြင်းကို ဘာရယ်မဟုတ်တဲ့ တပ်မက်ခြင်းလေးကစ၍ မိမိနှင့်တကွ မိမိနဲ့သက်ဆိုင်သူတွေပါ ဆုံးရှုံးသွားရတာလိုမျိုးမဖြစ်စေဖို့ရန် ဆင်ခြင်ပိုင်းခြားနိုင်ဖို့ရာ လိုအပ်ပါတယ်။ ဘာရယ်မဟုတ်ပါဘူးဆိုသော သေးငယ်သောအရာလေးမှအစ သမ္မာတရားကို သမ္မာသတိနဲ့ထိန်းကြပါစို့လို့ အနည်းငယ်ခွန်အားပေးတိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi