သိုးစုတို့၏ဦးတည်ချက်

ကျွန်တော်တို့ယုံကြည်သူတွေကိုသိုးနှင့်ခိုင်းနှိုင်းထားတာကိုအားလုံးသိကြမှာပါ။ သိုးလို့ပြောရင် သိုးထိန်းလဲရှိတော့မပေါ့။ သိုးထိန်းလို့ပြောရပြန်လျှင်လည်းကောင်းသောသိုးထိန်းနဲ့မကောင်းသောသိုးထိန်းရှိမှာဖြစ်တယ်။
မကောင်းတဲ့သိုးထိန်း ၊ အငှားသိုးထိန်းတွေကတော့ သိုးကျောင်းတဲ့အခါမှာသိုးပျောက်လဲကရုမစိုက် ၊ အစာလဲမကျွေး ၊ သားရဲလာလျှင်ထွက်ပြေးတတ်ပါတယ်။ကောင်းသောသိုးထိန်းကတော့ထိုသို့မဟုတ်ပေ။မိမိရဲ့အသက်ကိုတောင်ပေးပြီးကွယ်ကာပေးပါတယ်။ ကျွန်တော်တို့ရဲ့သိုးထိန်းကတော့ယေရှုခရစ်တော်ပင်။
ကျွန်တော်သိုးအကြောင်းကိုအနည်းငယ်လေ့လာကြည့်မိပါတယ်။ သိုးတွေရဲ့မျက်လုံးကအပြင်ကိုအနည်းငယ်ထွက်နေတဲ့အတွက်ခေါင်းမလှည့်ပဲအနောက်ကို
(ခန့်မှန်း270° to 320°)မြင်နိုင်ပေမယ့်နှာခေါင်းနားကိုတော့ရုတ်တရက်မမြင်နိုင်ဘူးဆိုပါတယ်။ မမြင်နိုင်တဲ့ Blind Spot နေရာတွေလဲရှိပါတယ်။ သိုးတွေကသိုးထိန်းရဲ့မျက်နှာနဲ့အသံကိုကောင်းကောင်းမှတ်မိပါတယ်။ သိုးတွေရဲ့ထူးခြားချက်ကတော့သိုးထိန်းတွေကရှေ့ကသွားပါတယ် သိုးတွေသည်သိုးထိန်းရဲ့အနောက်ကနေသာလိုက်ပါတယ်။ နွားကျောင်းသလိုသခင်ကနောက်ကတုတ်နဲ့လိုက်ကျောင်းခြင်းမဟုတ်ပေ။
ဒီလိုနဲ့ကျွန်တော်ဘာကိုမြင်မိသလဲဆိုရင်တော့ သိုးကအနောက်ဘက်ကိုခေါင်းမလှည့်ပဲမြင်နိုင်သလို ကျွန်တော်တို့တွေကရော ဆုံးရှုံးခဲ့တဲ့အတိတ်တွေ ၊ နာကျင်နေခဲ့ရတဲ့အချိန်တွေ ၊ ကျရှုံးခဲ့တာတွေ ၊ ကျခဲ့ရတဲ့မျက်ရည်တွေကိုသာ ပြန်လှည့်မကြည့်ပေမယ့်ကောင်းကောင်းပြန်မြင်နေရသလား။အတိတ်ထဲကရုံးမထွက်နိုင်ဖြစ်နေပါသလား။
ကျွန်တော်တို့တွေသည် သိုးကကိုယ့်အရှေ့ကသိုးထိန်းကိုစေ့စေ့ကြည့်ပြီးအနောက်ကိုလိုက်သလို သခင်ယေရှုနောက်တော်သို့မလိုက်ပဲ ပတ်ဝန်းကျင်ကအခက်အခဲတွေ ၊ ဘေးဘယ်ညာကပြသနာတွေ ၊ ကြောက်စရာဝမ်းနည်းစရာတွေ ၊ အခုချိန်ဆိုရင် Covid-19 ၊ စသဖြင့်ကိုပဲစေ့စေ့ကြည့်နေမိသလားဆိုတာကိုဆင်ခြင်မိဖို့အရေးကြီးပါတယ်။သိုးတို့သည်မမြင်ရတဲ့နေရာတွေ( Blind Spot ) ရှိသော်လည်း ၊ ရုတ်တရက်ကောင်းကောင်းမမြင်ရသောနေရာလဲပဲရှိပေမယ့် သိုးထိန်းသည်မြင်ရတယ် ကွယ်ကာတယ်ဆိုတာကိုနားလည်ရပါတယ်။
ဒီနေရာမှာသိုးတွေသည်အနောက်ကိုမြင်နိုင်သော်လည်း အရှေ့ကသိုးထိန်းနောက်ကိုသာလိုက်တယ် ၊ သိုးထိန်းအသံကိုသာနားထောင်တယ်နားစွင့်တယ်ဆိုတာတွေ့ရတယ်။ သိုးထိန်းသည်သိုးတွေမမြင်ရသော်လည်းကွယ်ကာပေးတာကိုတွေ့ရတယ်။ ကျွန်တော်တို့ယုံကြည်သူတွေကရော သိုးထိန်းဖြစ်သောသခင်ယေရှုခရစ်တော်ကိုစေ့စေ့ကြည့်ပြီး ၊ အသံတော်ကိုနားစွင့်ပါရဲ့လားဆိုတာဆင်ခြင်ကြည့်ဖို့ဖြစ်ပါတယ်။ သိုးတွေကတော့ သားရဲတွေနဲ့တွေ့တဲ့အခါဖြစ်စေ ၊ အသက်အန္တရယ်တွေကြုံနေရရင်လဲပဲစိတ်ချတယ်ဆိုတာကိုနားလည်ရတယ်။ ကျွန်တော်တို့ကရော ဘယ်လိုပါလဲ။
ကျွန်တော်ဆင်ခြင်မိတာကတော့ ကျွန်တော်တို့ယုံကြည်သူတွေသည် လောကမုန်တိုင်းကြုံရသော်လည်း ၊
ဘေးဘယ်ညာမှအခက်အခဲတွေရှိသော်လည်း ၊အတိတ်၏နှိပ်စက်ခြင်းကြောင့်မျက်ရည်ကျရသော်လည်း ၊ ဒီလိုပတ်ဝန်းကျင်မှာရှင်သန်ရပါသော်လည်း ထိုသိုးထိန်းဖြစ်သောသခင်ယေရှုခရစ်တော်၏နောက်ကိုသာလိုက်ကြဖို့ရာလိုပါတယ်။ သိုးထိန်းသည်သိုးရဲ့အကျိုးကိုသာကြည့်တယ် ၊ သိုးရဲ့ လိုအပ်ချက်တွေကိုသိတယ် ၊ ဒဏ်ရာရရင်ဆေးကုပေးတယ် ၊ ပိုးကောင်တွေအကိုက်မခံရအောင်ကရုစိုက်ပေးသလို ထိုနှိပ်စက်ခံရခြင်းတွေကိုသက်သာစေမှာဖြစ်ပါတယ်။
ကျခဲ့ပြီးသောမျက်ရည်များကိုဘုရားသခင်သုတ်ပေးခြင်းအားဖြင့်ကျွန်တော်တို့အတိတ်ကိုအနားပေးရအောင်။ အနာများကိုလည်းဘုရားသခင်စည်းပေးမှာဖြစ်တယ်။ ဘေးဘယ်ညာမှပြသနာအခက်အခဲအဆီးအတားတွေ ၊ Covid-19 ၊ ကြေကွဲစရာဝမ်းနည်းစရာ ၊ ကြောက်စရာတွေကိုမကြည့်ပဲ ထိုအရာတွေရဲ့အထက်မှာရှိသောဘုရားကိုသာစေ့စေ့ကြည့်ရှုကြဖို့ရာအားပေးချင်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇
ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။
ငါ့စကားလို့ဆိုပါတယ်။ ထိုစကားကလမ်းဘေးစကားမဟုတ်ဘူး ၊ ထိုစကားကလူပြောတဲ့စကားမဟုတ်ဘူး ၊ လောကစကားမဟုတ်ဘူးဆိုတာနားလည်ရတယ်။ ယုံကြည်ခြင်းသည်ကြားနာခြင်းမှလာတယ် ၊ ကြားနာခြင်းကဘုရားစကားဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ယုံကြည်ခြင်းကိုသာ၍ကြီးထွားလာဖို့ရာ ဘုရားစကားများများကြားရဖို့လိုပါတယ်။ လမ်းဘေးစကား ၊ လောကစကား ၊ Covid အကြောင်းတွေ ၊ အတင်းအဖျင်းတွေ ၊စသဖြင့်လူကပြောသောစကားတွေမဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ကျွန်တော်တို့ယုံကြည်သူတွေကဘုရားစကားကိုကြား၍ထိုဘုရားနောက်ကိုလိုက်သောသူတွေသာဖြစ်ကြဖို့ရာအနည်းငယ်ဝေမျှခွန်အားပေးပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။