ဘုရားသခင်၏အချိန်

ဟာမန်၏ မတရားမှုအကြံအစည်ကြောင့် တနိုင်ငံလုံးရှိ ယုဒလူမျိုးတို့၏ စိတ်နှလုံးကြေကွဲနေကြရသည်။ အဓမ္မအမှုကို စနစ်တကျကြံစည်၍ မတရားမှုကြီးကို အကောင်အထည်ဖော်ကာလုပ်ဆောင်နေသော်လည်း ဟာမန်ကောင်းစားနေသည်၊ ပျော်ရွှင်နေသည်၊ ထိုအမှု၌ ဝမ်းမြောက်နေသည်မဟုတ်ပါလား။
မော်ဒဂဲသည်လည်း ထိုအမှုအရာများကြောင့် စိတ်နှလုံးကြေကွဲနေသည်။ အဝတ်ကိုဆွဲဆုတ် ပြာနှင့်လူးကာ ငိုကြွေးနေခြင်း၊ မြို့လယ်သို့သွားကာ အော်ဟစ်မြည်တမ်းခြင်းတို့ကိုကြည့်လျှင် သူ၏စိတ်ခံစားချက်အခြေအနေကို ကျွန်တော်တို့ နားလည်နိုင်မည်ဖြစ်သည်။ သူ့လူမျိုးများ အသတ်ခံရမည့်အရေး၊ ထိုလူမျိုးတို့၏ အပြစ်တစ်ခုမျှမရှိပါပဲနှင့် အနိုင်ကျင့်ခံရမည့်အရေး၊ လူမျိုးသုဥ်းသတ်ဖြတ်ခံရမည့်အရေး၊ အာဏာနှင့် လက်နက်ကို စိတ်ကြိုက်အသုံးချကာ ယုဒလူမျိုးများအပေါ် အနိုင်ကျင့်စော်ကား သတ်ဖြတ်မည့်အရေးသည် မော်ဒဂဲ၏ရင်ထဲတွင် စို့နင့်နေပေလိမ့်မည်။
ထို့ကြောင့်လည်း ကူရာမဲ့သော မည်သူမျှဝင်ခွင့်မရှိသည့် နန်းတော်တံခါးရှေ့တွင်ပင်လျှင် ရပ်ကာ ထိုမတရားမှုနှင့် သဘောမတူကြောင်းကို မော်ဒဂဲပြသနေပေသည်။ ယုဒလူမျိုးများသည်လည်း မတရားမှုကို ဆန့်ကျင်သည့်အနေဖြင့် ငိုကြွေးမြည်တမ်းကြသည်၊ လျှော်တွေအဝတ်များလည်းဝတ်ကာ ပြာနှင့်လူးခြင်း၊ အစာရှောင်ခြင်းများလည်း လုပ်ဆောင်ကြပေသည်။
ထိုမတရားမှုသည် အချိန်မည်မျှကြာမည်မသိပါ သို့သော် မော်ဒဂဲနှင့် ယုဒလူများသည် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ လျှော်တေဝတ်ခြင်း၊ ပြာလူးခြင်းများကို လုပ်မြဲလုပ်ကြသည်။ မော်ဒဂဲသည်ပင်လျှင် နေ့စဥ် နန်းတော်ရှေ့တွင် ရပ်ကောင်းရပ်နေပေလိမ့်မည်။ ထိုသို့လုပ်ဆောင်လေ့ရှိကြသော်လည်း အဓမ္မအမှုကြီးသည် မပျောက်သွားပဲ တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် သာ၍ကြီးစိုးလာသည်၊ ဆုံးရှုံးခြင်းများသည် သာ၍နီးကပ်လာသည်၊ ယုဒမျိုးနွယ်ပျက်သုဥ်းရတော့မည့်နေ့ကို သာ၍သာ၍ နီးကပ်လာသလို ခံစားနေကြရပေမည်။
ဧသတာ၏ ရှင်ဘုရင်ကိုပြောမည့်အရာအတွက် နေ့ညမပျက် သုံးရက်ပတ်လုံးအစာရှောင်ပါဟုဆိုသောအရာအပေါ်၌လည်း ယုဒလူတို့လုပ်ဆောင်ကြမည်ဖြစ်သော်လည်း တစ်ရက်ထက်တစ်ရက် သေဖို့သာနီးကပ်လာသည်ဟုလည်း ခံစားကောင်းခံစားနေရနိုင်မည်။ အမိန့်စာထွက်ကတည်းက၊ သတင်းကြားရကတည်းက လုပ်ဆောင်နေကြတာပဲ ဘာမျှထူးမလာသေးဘူး၊ အချိန်တွေအကြာကြီး အော်ဟစ်မြည်တမ်းပြီး ငိုကြွေးနေကြတာပဲ ဘာတစ်ခုမျှအရာမထင်သေးဘူး၊ အစာရှောင်တယ် ပြာလူးတယ် လျှော်တွေဝတ်တယ် နန်းတော်ရှေ့ရပ်တယ် တစ်နေ့တစ်နေ့ ဘာမှမထူးခြားလာဘူး စသဖြင့် ခံစားနေကြရမည့် ယုဒလူတို့၏ စိုးရိမ်ခြင်း၊ ပူပန်နေရခြင်း၊ နာကျင်နေရခြင်းကိုလည်း အတိုင်းသားမြင်တွေ့ခံစားရနိုင်ပေသည်မဟုတ်ပါလား။
ဧသတာသည် သုံးရက်မြောက်သောနေ့တွင် ရှင်ဘုရင်ကိုတွေ့ရန်သွားသည်။ ထိုသုံးရက်နေ့တွင်ပင် ရှင်ဘုရင်၊ ဟာမန်နှင့် စားပွဲလုပ်သည်။ ထိုနေ့ ညမှာပင် ရှင်ဘုရင် အိပ်မပျော်၍ နန်းတော်မှတ်စာများကိုဖတ်သဖြင့် မော်ဒဂဲ၏ သူ့အပေါ်၌ ကျေးဇူးပြုထားသည့်အကြောင်းကို ပြန်သတိရစေသည်။ လေးရက်မြာက်နေ့တွင် ချိန်းဆိုသော စားပွဲတွင်တော့ ဟာမန်၏ နိဂုံးချုပ်ကို မြင်တွေ့ရပေသည်မဟုတ်ပါလား။
ဧသတာဝတ္ထု ၈:၁၆
ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း ၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက်ကြ၏။
မော်ဒဂဲနှင့် ယုဒလူတို့၏ဖြစ်စဥ်ကိုကြည့်လျှင် အော်ဟစ်ငိုကြွေးခြင်း မည်မျှကြာသည်မသိ၊ လျှော်တေဝတ်ကာပြာလူးခြင်း မည်မျှကြာသည်မသိ၊ အစာရှောင်ရာကာလ မည်မျှကြာသလဲဆိုသည်ကိုလည်း မည်သူမျှမသိပါ။ ထိုကာလအတွင်း သူတို့တစ်ယောက်ချင်းစီ၏ စိတ်ခံစားချက် မည်သို့ဖြစ်နေမည်နည်း၊ မည်မျှအားငယ်နေမည်နည်း၊ မည်မျှစိုးရိမ်ကြောက်ရွံ့နေမည်ကို ကျွန်ုပ်တို့မသိကြပါ။ သို့သော် ထိုကာလသည် အဆုံးမဟုတ်၊ အော်ဟစ်ရင်း ဆုံးရှုံးမသွားသလို၊ ငိုကြွေးရင်းလည်း အပြီးသတ်မသွားသည်ကို ကျွန်ုပ်တို့မြင်တွေ့ရပေသည်။ နှစ်ကြိမ်တွေ့ဆုံသည့်စားပွဲနှင့် ရှင်ဘုရင် အိပ်မပျော်သည့်ညသည် တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါတကား။
ထို့ကြောင့် ကျွန်တော်တို့၏ ငိုကြွေးခြင်း၊ အော်ဟစ်မြည်တမ်းခြင်း၊ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းတို့သည် မည်မျှကြာနေမည်ကို မသိသော်လည်း အချည်းနှီးမဟုတ်ဘဲ ဘုရားသခင်၏အချိန် (God's Timing) သည် ဧသတာ၏အဖြစ်အပျက်များကိုကြည့်လျှင်လည်း နားလည်နိုင်ပေလိမ့်မည်ဟု အနည်းငယ်ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet