ဘဝတွေထဲက ဘဝတစ်ခုရဲ့တမလွန်

မနက်မိုးလင်းသွားလို့ မျက်စိနှစ်လုံးပွင့်တဲ့ချိန်မှစ၍ တစ်နေ့တာလုံးကို စိတ်ပျက်လက်ပျက်ဖြတ်သန်းခဲ့ဖူးကြမယ်။ ညဘက်တိုင်းမှာ ညင်သာစွာ အိပ်စက်ချင်ပေမယ့် မျက်လုံးတွေမှတ်မရနိုင်အောင် စိုးရိမ်ခြင်းတွေက မနက်ဖြန်ရောက်မှာကို တွေးပူမိနေသူတွေလဲရှိနေဦးမယ်။
စားဝတ်နေရေးဆိုတာကို ရုန်းကန်နေရတာနဲ့ အချိန်တွေကုန်၊ လူပင်ပန်း၊ အသက်တွေသာကြီးလာတယ် ဘာမှရေရေရာရာမရှိ၊ အသက်အရွယ်လေးကရလာတော့ ခြေတစ်ဖက်က ဟိုဘက်လမ်းကို (သေလမ်း) ကြိုလှမ်းထားသလိုဖြစ်နေပြန်တယ်လို့ ခံစားရမိတဲ့သူတွေ ဒုနဲ့ဒေးပါ။ ထမင်းစားဖို့အရေး တစ်နေကုန် ရုန်းကုန်မှ လေးငါးထောင်မပြည့်တပြည့်၊ ကလေးကျောင်းစားရိတ်နဲ့ ကျန်းမာရေးစားရိတ်ကို မေ့ထားခဲ့ရတာ အတော်ကိုကြာခဲ့ပါပြီ။
အော် သူများတွေ ကောင်းတာတွေလုပ်တော့ အားကျလိုက်ရတာ၊ ငါ့မှာတော့ စားဖို့တောင် အားကုန်တဲ့အထိ လှုပ်ရှားရုန်းကန်နေရတာ၊ နောင်တမလွန်ဆိုတာ ငါနဲ့မဆိုင်ပါဘူးလေလို့ အံကြိတ်ကာ ဇွတ်မေ့ချင်ယောင်ဆောင်နေခဲ့တာ ဘယ်တုန်းကတည်းကပါလိမ့်လို့တောင် မေ့နေတဲ့အထိပါလား။ ဒီလိုအခြေအနေတွေကိုသာ ရင်ဆိုင်လာခဲ့ရင်းနဲ့ လောကကြီးကို စွန့်ခွာရမယ့်တစ်နေ့သာ ရောက်လာခဲ့ရင်တော့ ... မေ့ထားခဲ့သမျှ တမလွန်အရေး ရင်အေးပါဦးတော့မလားလို့ တစ်ခါတစ်ခါတော့လည်း တွေးမိနေပြန်တယ်လေ။
ငယ်စဥ်ကကြားဖူးနားဝရှိတဲ့ ထီးနဲ့ဖိနပ်မပါ နွေခါမှသိ၊ ဒါနနဲ့သီလမပါ သေခါမှသိလို့ဆိုတာကို သွားသတိရမိပြန်တော့လည်း သူများတွေလို မလုပ်နိုင်ပြန်တော့ ခက်ပေသား။ ငါ့အတွက်တော့ ကောင်းတာတွေလုပ်မှ ကောင်းတာတွေဖြစ်မယ့် တမလွန်ဆိုတာ အိပ်မက်ဆိုးပါလားလို့ တွေးနေမိလေရဲ့။ တခါတလေတော့လည်း တွေးမိသား ငါသာတတ်နိုင်ရင် တမလွန်အရေးဘယ်လိုလှူပြီး ဘယ်လိုလုပ်ပစ်လိုက်မယ်ပေါ့၊ ငါသာသေသွားလို့ ကောင်းရာရောက်ရင် လူတွေကိုတော့ ကပ်ကြွားလိုက်ချင်ရဲ့။ အင်း ကိုယ်လုပ်လို့ဖြစ်ကြေးဆိုရင်လဲ အဲ့ဒီ တမလွန်ဆိုတဲ့နေရာမှာ ငါလို ငကြွားတွေပဲရှိနေမလားမသိပါဘူးလေ။ ဝိုး ... ဘာပဲဖြစ်ဖြစ်တော့ တမလွန်အတွက် ငါဘာမှမလုပ်နိုင်ဘူးမို့ ငါနဲ့မဆိုင်ပါဘူးလေ။
ဒီလိုနဲ့ပေါ့ ညနေ အလုပ်သိမ်းလို့ အိမ်အပြန်မှာ ခေါင်းငိုက်စိုက်လို့ လျှောက်လာခဲ့တယ်။ ရုတ်တရက် ကိုယ့်အရှေ့ကို လူတစ်ယောက်ရောက်လာတယ် သူ့လက်ထဲမှာလဲ စာရွက်လေးကိုင်ထားတယ်။ ကချင်ဘေးလွယ်အိပ်လေးလွယ်လို့ ပုဆိုးနဲ့ရှပ်အင်္ကျီအဖြူနဲ့ ထီးကဆောင်းထားသေးတယ်။ ဒီကောင်တွေလာပြန်ပြီလို့ စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ရင်း ဟိုတခါတော့ ဒီကောင်တွေကို နှင်ထုတ်လိုက်တယ်။ အေး ဒီတစ်ခါတော့ ရစ်ဦးမယ်လို့ တွေးရင်း လက်ဆွဲနှုတ်ဆက်လိုက်ပြီး ... ကိုယ်လုပ်မှကိုယ်စားရတဲ့ဘဝကို လက်တွေ့ဆန်ဆန်ဖြတ်သန်းလာခဲ့တာ ကြာခဲ့ပြီကွ ပြစမ်းပါဦး မင်းစာရွက်ဟုဆိုကာ ရိသဲ့သဲ့ပြုံး၍ လှမ်းယူလိုက်လေသည်။ သေခြင်းတရားက အရွယ်မရွေးဘူး ငါသိတယ်၊ ကွေးသောလက် မဆန့်မှီ ဆန့်သောလက် မကွေးမှီဆိုတာ မင်းလဲသိတယ် ငါလဲသိတယ်၊ မျက်စိတမှိတ် လျှပ်တစ်ပြက်ဆိုတာ ရှိတယ်လေဟုဆိုရင်း နေ့လည်မှကျန်သော ဆေးပေါ့လိပ်ကို ထုတ်ဖွာလိုက်တော့သည်။ ဒီလိုနဲ့ ... အေး မင်းအခုသေရင် မင်းဘယ်ရောက်မလဲဟု ရိသဲ့သဲ့နှင့်မေးလိုက်လေသည်။ ထိုမေးခွန်းကို သူက ပြုံး၍ သူ့ရဲ့တမလွန်အတွက်စိတ်ချရသောအဖြေကိုဆိုလေသည်။
တော်ပါသေးတယ် သူကတော့ပြန်မမေးခဲ့ချေ၊ မဟုတ်ရင် ကျွန်တော့်မှာ ဖြေစရာအဖြေမရှိပေ။ စာရွက်လေးကိုဖွင့်ကြည့်ရင်း ... ယေရှုခရစ်တော်ဆိုသူက ငါ့ကို တမလွန်အတွက် စိတ်ချမှုပေးနိုင်ရဲ့လားဟု အရဲစွန့်၍မေးလိုက်မိပါတော့တယ်။ ရေနစ်နေသူတစ်ယောက်အတွက်တော့ ရေကူးသင်နေလို့ ကုန်းပေါ်မရောက်ဘူးဆိုတာကိုတော့ ကျွန်တော်သိနေသည်။ ကိုယ်ကသာ ဘာမှမဟုတ်တာ ကိုယ်လုပ်လို့ရတာဆိုရင် မြောက်ကြွမြောက်ကြွနှင့် ဝါကြွားချင်တာ လူ့သဘာဝမဟုတ်ပါလား။ လောကအရာတောင် ကြွားချင်နေတာ၊ တမလွန်အတွက် ကိုယ်လုပ်လို့ရတာဆိုရင်တော့ ဘယ်ပြောကောင်းမလည်း မျက်နှာကိုချေနေမိမှာဟု တွေးမိခဲ့ဖူးတယ်သာဆိုတာ တကယ်တော့ ဘယ်သူမှ တမလွန်အရေး အတိအကျမပြောခဲ့ကြချေ။ ထိုသူတွေက လုပ်တော့လုပ်တယ် အတိအကျတော့အဖြေမပေးနိုင်ကြလို့ မလုပ်နိုင်သူ ကိုယ့်အတွက်တော့ ပိုလို့ရယ်ဝေးလို့ပေါ့။
ဒီလိုနဲ့ သူတို့ပြောတဲ့ ယေရှုခရစ်တော်ဆိုတဲ့ ဘုရားကိုမြည်းစမ်းခွင့်ရခဲ့တယ်။ ရေနစ်သူကို ရေထဲထိဆင်းကယ်မှသာ ဖြစ်သလို အပြစ်သားတွေဖြစ်တဲ့ တမလွန်အရေး အဖြေမရှိတဲ့ လူသားအားလုံးအတွက် ကယ်တင်ခြင်းကို အခမဲ့ ပေးခဲ့တယ်လို့ဆိုပြီး ကယ်တင်ခြင်းအကြောင်းကို ပြောပြခဲ့ကြတယ်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုသလို ကိုယ်တိုင်သိနေတော့ ကြိုက်သလောက် ကောင်းအောင် နေပါသော်လည်း မရဘူးဆိုတာသိနေပြန်တော့ မလုံမလဲဖြစ်လာတယ်။ လူဆိုတာ ကိုယ့်ဩဿပ္ပစိတ်ကိုကိုယ်ပဲသိတယ်လေ။ ဒီလိုနဲ့ ညဘက်တောင်အိပ်မပျော်ဘူး ငါသာသေသွားရင် ဘယ်ရောက်မှာလဲဆိုတဲ့ အတွေးတွေထဲမှာ ချာချာလည်နေရင်း၊ နောက်ဆုံးမှာ ရင်ဘတ်ပေါ်လက်တင်ပြီး စိတ်အေးအေးထားကာ စိတ်ထဲကနေ ရေရွတ်လိုက်မိတယ် ... ငါ့ရဲ့ဝိညာဥ်သည် ငါသေရင် ဘယ်ကိုသွားမှာလဲလို့ပေါ့။ ဩဿပ္ပမှာ သိနေတယ် လူမတတ်နိုင်တဲ့အရာ၊ ဘယ်လောက်ပဲ လုပ်နိုင်တယ်လို့ မာနတွေနဲ့ပြောနေကြပါစေ ဩဿပ္ပမှာသိနေပြန်တော့ ... နောက်ဆုံးမှာ သတင်းစကားကြားပြောပေးတဲ့ လူတွေကို အရမ်းကျေးဇူးတင်သွားမိလေရဲ့။
တမလွန်ကို တိကျတဲ့အဖြေမရှိဘူး၊ ဘာဆိုဘာမှလဲ မတတ်နိုင်ပါဘူး၊ အသက်ရှင်ရမှာခက်ခဲရတဲ့အထဲ တမလွန်ပါကြောက်နေရတဲ့ ကျွန်တော်တို့လို လောကီသားများအတွက် ထာဝရအသက်ကိုရစေခြင်းငှာသာမက ယခုဘဝ၊ နောင်ဘဝအတွက် ငြိမ်ဝပ်ခြင်းချမ်းသာရဖို့ရာ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်။ ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ကျွန်တော့်လိုပဲ မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet