ငြင်းပယ်ခြင်း၏နောက်ကွယ်

ဘဝမှာ လူတိုင်း လူတိုင်း၏ မကြားချင်ဆုံးသည် နိုး(No) ဟူသောစကားလုံး ဖြစ်နိုင်သည်။ ထိုနိုး၏ အဓိကရည်ရွယ်ချက်မှာ ငြင်းပယ်ခြင်းဖြစ်နေတတ်သောကြောင့် မနှစ်မြို့တတ်ကြပေ။ လူတိုင်း လူတိုင်းရဲ့ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ငြင်းပယ်ခြင်းကို ခံစားခဲ့ဖူးကြမယ်လို့ ထင်ပါတယ်။
မိသားစု၏ ငြင်းပယ်ခြင်း၊ ချစ်ရသူ၏ ငြင်းပယ်ခြင်း၊ ကျန်းမာရေး၏ ငြင်းပယ်ခြင်း၊ စီးပွားရေး၏ ငြင်းပယ်ခြင်း၊ ပညာရေး၏ ငြင်းပယ်ခြင်း၊ အစရှိသဖြင့် ခံစားရတဲ့အခါမှာ စိတ်ပျက်အားငယ်စွာဖြစ်ကြတတ်ပါတယ်။ ဒီလိုနဲ့ ထိုငြင်းပယ်ခြင်းတွေကို ခံစားရပြီးတဲ့နောက်မှာ တစ်ခါတစ်လေ ရှင်သန်ဖို့တောင် အားအင်ဆိုတာ မရှိတော့တဲ့အထိ စိတ်ဓါတ်ကျသွားတဲ့သူတွေ ဒုနဲ့ဒေးပါ။ ဒီလိုခံစားချက်တွေကို ရင်ဝယ်ပိုက်လို့ စိတ်ကျရောဂါ၊ စိတ်ကျရောဂါ၏ နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့ မိမိကိုကိုယ် ထိခိုက်နာကျဥ်စေခြင်း၊ မိမိကိုကိုယ် အဆုံးစီရင်ခြင်းအထိ ဖြစ်ပွားစေတတ်ပါတော့တယ်။
ငြင်းပယ်ခြင်းဆိုတာဟာ လူတိုင်းမလိုချင်သောအရာတစ်ခုဆိုပေမယ့် ဒီငြင်းပယ်ခြင်းရဲ့နောက်ကွယ်မှာ မမြင်နိုင်တဲ့ မထင်မှတ်ထားတဲ့ အရာတစ်ခုရှိတယ်ဆိုတာကို အနည်းငယ်အားပေးချင်ပါတယ်။ မိတ်ဆွေနဲ့ကျွန်တော်ရော ထိုငြင်းပယ်ခြင်းတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လို အသက်ရှင်ကြရမယ်ဆိုတဲ့အပေါ်ကို နားလည်စေဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။
ရှင်ယောဟန်ခရစ်ဝင် ၁:၁၁
သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။
သခင်ယေရှုခရစ်တော်သည်လည်း ငြင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။ ဒါဟာ ပရောဖက်ပြုချက်ပြည့်စုံခြင်းတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဟေရှာယ (၅၃:၃) ၏ ပရောဖက်ပြုချက် ပြည့်စုံသွားခြင်းကြောင့် ထို ငြင်းပယ်ခြင်းသည် ပရောဖက်ပြုချက်ပြည့်စုံခြင်းကို အထောက်အကူပြုနေသည်ကို မြင်တွေ့ရပါတယ်။ ထိုငြင်းပယ်ခြင်းအားဖြင့်လဲ ယေရှုခရစ်တော်၏ ကားတိုင်တက်ခြင်းကို ထောက်ပံ့ပေးနေသည်။ လူ့အသက်ကို သတ်ခြင်း၊ ဓါးပြတိုက် စသဖြင့် နာမည်ဆိုးနှင့်ကြော်ကြားသော လူဆိုးကြီး ဗာရဗ္ဗကိုသာ ရွေးခြယ်ကြပြီး အပြစ်မရှိသော၊ ဖြောင့်မတ်သော ယေရှုကို ငြင်းပယ်ကြခြင်းသည် အော့နှလုံးနာ၊ ငိုကြွေးချင်စရာ၊ နာကျဥ်ခံစားရသည်မှာ အမှန်ပင်ဖြစ်ပေသည်။ သို့သော်လည်း ထိုငြင်းပယ်ခြင်းသည် ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း၊ ကယ်တင်ခြင်းအစီအစဥ်အတွက် တစ်စိတ်တစ်ဒေသအရေးကြီးသော အပိုင်းတစ်ခုဆိုလျှင်မမှားပေ။ ထိုငြင်းပယ်ခြင်းမရှိလျှင် ကားတိုင်တက်ဖို့ရန်မရှိ၊ ကားတိုင်တက်ခြင်းမရှိလျှင် အသေခံအသွေးသွန်းခြင်းမရှိ၊ ထိုအသေခံခြင်းမရှိလျှင် ရှင်ပြန်ထမြောက်ခြင်းမရှိ၊ ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် အချည်းနှီးယုံကြည်ကြပြီ မဟုတ်ပါလော။ ကယ်တင်ခြင်းလည်း မပြည့်စုံတော့ပေ။ ဒါ့ကြောင့် ထိုငြင်းပယ်ခြင်းသည် အင်မတန် ပြည့်စုံကောင်းမွန်သော ဘုရားသခင်ဘုန်းတော်ထင်ရှား တစ်ခုအပါအဝင်အဖြစ် ရှိနေပါတော့တယ်။ ထိုငြင်းပယ်ခြင်း၏ နောက်ကွယ်တွင်လည်း မိမိတို့ လူသားများအတွက် ကယ်တင်ခြင်းကျေးဇူးတော်ကို ထောက်ပင့်ခြင်းပင်ဖြစ်ချေသည်။
ရှင်မဿဲခရစ်ဝင် ၂၇:၂၁
ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။
ဒီလိုပါပဲ ကျွန်တော်တို့ကြုံတွေ့ ခံစားရတဲ့ ငြင်းပယ်ခြင်းတွေသည် နာကျဥ်ခံစားရသော်လည်း ထိုနောက်ကွယ်ကို မြင်နိုင်စေဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။ ယခုချိန်မှာ သင်ဟာ အလုပ်အကိုင်တွေရဲ့ ငြင်းပယ်ခြင်းကို ခံနေရပါသလား၊ ကျန်းမာရေး ပြန်ကောင်းလာစေဖို့ ငြင်းပယ်ခြင်း ခံနေရသလား၊ စီးပွားရေးလား၊ ပညာရေးလား စသဖြင့် ငြင်းပယ်ခြင်းတွေကို ခံစားနေရသော်လည်း ထိုငြင်းပယ်မှုကို ရင်ဆိုင်ပြီး နောက်လာမယ့် အခွင့်အရေး၊ အကျိုးကျေးဇူး၊ သင့်အသက်တာမှာ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေခြင်းတွေကို မြင်နိုင်ပါစေ။
ဒီလိုပါပဲ မိမိသည် ယုံကြည်သူခရစ်ယာန်တစ်ယောက် ဆိုရင်တော့ ငြင်းပယ်မှုကို နေ့စဥ် ကြုံတွေ့နေရမှာဖြစ်သလို၊ ငြင်းလဲ ငြင်းပယ်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ မိမိကိုယ်မိမိ ငြင်းပယ်ခြင်းပဲဖြစ်ပါတယ်။ ယေရှုက ငါ၌ဆည်းကပ်လိုသူဆိုရင် ငြင်းပယ်ပါဟုဆိုသည့်အတိုင်း မိမိ၏ ဇာတိသဘောတွေကိုငြင်းပယ်သောသူဖြစ်ပါစေ။
ရှင်လုကာခရစ်ဝင် ၉:၂၃
ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
နေ့စဥ် မိမိ၏ ဖြစ်ချင်စိတ်၊ မိမိ၏ ငါဆိုသော အတ္တ၊ ဇာတိသဘောတွေကို ငြင်းပယ်ကာ အသက်ရှင်ပြီး ကိုယ့်လက်ဝါးကားတိုင်ကို ကိုယ်ထမ်းသော သူတွေဖြစ်စေပါ။ သခင်ယေရှုခရစ်တော်ကိုသာ ဗဟိုပြုပြီး အသက်ရှင်တတ်ဖို့ ငြင်းပယ်ခြင်းကို လုပ်ကို လုပ်ဆောင်ရမှာဖြစ်တယ်။ ထို ငြင်းပယ်ခြင်းသည် တစ်ကြိမ်တစ်ခါတည်းမဟုတ်၊ နေ့စဥ်နေ့တိုင်း၊ အကြိမ်ကြိမ်အခါခါ ငြင်းပယ်ရမည်ဖြစ်ပါတယ်။ ထိုငြင်းပယ်ခြင်းသည် နာကျဥ်ရမှာဖြစ်တယ်၊ ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့ ခံစားမှု၊ ကိုယ်ဖြစ်ချင်တာ မဖြစ်ရတဲ့ အလိုမကျမှု၊ ကိုယ့်ခံစားချက်တွေ ဘေးဖယ်ထားကာ မြေမြှုပ်သင်္ဂြိုလ်ရတဲ့ နာကျဥ်မှု စသဖြင့်တွေကို ကြုံတွေ့ခံစားရနိုင်သော်လည်း ထိုငြင်းပယ်ခြင်း၏ နောက်ကွယ်မှာ ဝိညာဥ်ရေးရာ အသီးအပွင့်နှင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းကို သေချာပေါက် ပြန်လည်ရိတ်သိမ်းခွင့် ရမှာဖြစ်ပါတယ်။
ထိုငြင်းပယ်ခြင်းတွေဟာ စိုက်ပျိုးစဥ်အခါမှာတော့ ငိုကြွေးရမှာပါ၊ နာကျဥ်ရမှာပါ။ နေ့စဥ် နေ့တိုင်း အကြိမ်ကြိမ်အခါခါ မျက်ရည်ကျလျှက် ပင်ပန်းစွာ ငြင်းပယ်ရခြင်းတွေသည် တစ်နေ့မှာ ရွှင်လန်းစွာရိတ်သိမ်းရမှာဖြစ်ပါတယ် ဆိုတာကို နားလည်စေချင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကိုကိုယ်ငြင်းပယ်လျှက် ယေရှုခရစ်တော်၌ ဆည်းကပ်ကာ ငြင်းပယ်ခြင်း၏နောက်ကွယ်၌ ရှိသော အသီးအပွင့်ကို ရရှိပိုင်ဆိုင်နိုင်ကြပြီး မိမိ၏ အသက်တာမှာ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်း ရှိကြပါစေလို့ အနည်းငယ်တိုက်တွန်း ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet