ခေါင်းစဥ်တွေမည်မျှပြောင်းပါစေ

တစ်နေ့မှာ ဒီလောကကြီးထဲကနေ ထွက်သွားရမယ်လို့ သင် စဥ်းစားကြည့်ဖူးပါသလား မိတ်ဆွေ။ စဥ်းစားဖူးသည်ဖြစ်စေ၊ မစဥ်းစားဖူးသည်ဖြစ်စေ ဒီမေးခွန်းလေးကို ကိုယ့်စိတ်ထဲမှာ တီးတိုးဖြေကြည့်ပါ။
(၁) ငါသေရင် ငါ့ရဲ့ဝိညာဥ်သည် ဘယ်ကိုသွားမလဲ။
(၂) တမလွန်ရေးအတွက် ငါကြိုးစားပြီး ပြုနေသော အရာတွေသည် လုံလောက်ရဲ့လား။
(၃) သေခြင်းအတွက် ခေါင်းစဥ်အမျိုးမျိုးရှိသောကြောင့် ဘယ်လိုသေသေ စိတ်ချလို့ရပါ့မလား။
(၄) သေခါနီးရော စိတ်ကောင်းကောင်း ထားနိုင်ပါရဲ့လား။ စိတ်ဆိုးမိရင်ရော။
(၅) တကယ်ရော ကောင်းတာတွေကို ငါလုပ်နိုင်ရဲ့လား၊ လုပ်နိုင်ရင်ရော တကယ်ပဲ ကောင်းရာရောက်မယ်လို့ အာမခံနိုင်ရဲ့လား။
သင့်ရဲ့ တမလွန်အတွက် အာမခံပေးနိုင်တာကတော့ ယေရှုခရစ်တော်သာဖြစ်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ကောင်းရာရောက်မယ် ဆိုသော်လည်း သင်ဘယ်လောက်ထိ ကောင်းအောင်နေနိုင်သလဲ၊ ဘယ်လောက်ထိ ကောင်းတာလုပ်နိုင်သလဲ ဆိုသော မေးခွန်းမိမိကိုယ်တိုင် မေးခွန်းမေးရန်လိုအပ်လာပါလိမ့်မယ်။ ပြန်လည် ရေတွက်ကြည့်ရင် ငယ်စဥ်ကနေ လက်ရှိထိရော ကောင်းတာနဲ့ မကောင်းတာ ဘာပိုများနေပါမလဲ။
လူဆိုတာ သေမျိုးတဲ့၊ ဒီတော့ လူကတော့ သေမှာပါပဲ။ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ နှလုံး၊ ကားတိုက်၊ ဆိုက်ကယ်မှောက်၊ ရေနစ်၊ ဓါတ်လိုက်၊ ဦးနှောက်သွေးကြောပျက်၊ ကိုဗစ် စသဖြင်သော ခေါင်းစဥ်သာ ပြောင်းသွားကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုပဲ ခေါင်းစဥ်ပြောင်းပြောင်း ထိပ်စီးပြောင်းသွားပါစေ တစ်နေ့နေ့မှာတော့ သင်လဲ သေမှာပဲ၊ ကျွန်တော်လဲ သေမှာပဲ ဆိုတာကိုတော့ မမေ့ဖို့ရာ အရေးကြီးပါတယ်။
ဧဖက်ဩဝါဒစာ ၂:၉
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
မိမိ၏ လုပ်ဆောင်ခြင်းတွေကြောင့် တမလွန်အရေးဟာ စိတ်မချရနိုင်တာကိုတော့ နားလည်သဘောပေါက်ကြမယ်ထင်ပါတယ်။ ဒါ့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကသာ သင်နှင့်ကျွန်ုပ်ရဲ့ တမလွန်ကို စိတ်ချရစေတာဖြစ်တယ်၊ စစ်မှန်သော အာမခံကိုပေးတာဖြစ်တယ်။
သင်သည် အပေါ်မှာ မေးထားတဲ့မေးခွန်းကို ဖြေကြည့်ပြီးပြီ၊ မိမိကိုယ်တိုင် မတတ်နိုင်ဘူးဆိုတာကို နားလည်သဘောပေါက်တယ်ဆိုရင်တော့ သင့်အတွက် အာမခံပေးသူ ယေရှုခရစ်တော်အားဖြင့် သင့်ရဲ့ တမလွန်ကို စိတ်ချရစေပါတယ်။
ဧဖက်ဩဝါဒစာ ၂:၈
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
အကယ်၍ မိတ်ဆွေ သင်က သင့်ရဲ့ တမလွန်အတွက်ကို တိကျတဲ့အဖြေမရှိသေးဘူးဆိုရင် ... ဘယ်အချိန်မှာပင် သေပါစေ၊ ရိုးရိုးပဲသေသေ၊ ဆန်းဆန်းပဲသေသေ၊ သွေးပဲတိုးတိုး၊ လေပဲဖြတ်ဖြတ်၊ ကိုဗစ်မကလို့ ကိုဗစ်ဘိုးအေပဲလာလာ၊ ခေါင်းစဥ်တွေဘယ်လောက်ပင် ပြောင်းပါစေဦးတော့ ယေရှုခရစ်တော်ကို ရသောသူသည် တမလွန်အတွက် တိကျတဲ့အဖြေ စစ်မှန်တဲ့ အာမခံဖြစ်ပါတယ်ဆိုတဲ့ သတင်းကောင်းလေးကို ဝေမျှပေးခြင်းဖြစ်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ကမိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet