November 26, 2026

ကယ်တင်ခြင်းရဖို့ လူ့လုပ်​ဆောင်ချက် လိုသလား

 

 

ကယ်တင်ခြင်းရဖို့ လူ့လုပ်​ဆောင်ချက် လိုသလား

@@@@@@@@@@@@@@@@@@@@@

ဘုရားသခင်သည် လူသားများ ကယ်တင်ခြင်းရဖို့ရန် လူသားများ၏ လုပ်​ဆောင်ချက်တစ်ခုခုကို လိုအပ်​နေပါ​သေးသလား။ လူတစ်​ယောက် သည် ကယ်တင်ခြင်းကို လက်ခံရယူဖို့ရန် သူ့ရဲ့ အပြုအမူ၊ အ​နေအထိုင်၊ အကျင့်၊ ​ကောင်းမှု​တွေ၊ ဥပုဒ်တွေ စသဖြင့်ကို ​ဘုရားသခင်သည် တောင်းဆိုပါသလား။

​တောင်းဆိုတယ်ဆိုရင်ဖြင့် ​ယေရှုခရစ်​တော်၏ ကယ်တင်ခြင်းအစီအစဥ်သည် မလုံ​လောက်၍​လော။ အကယ်၍သာ မိမိတို့ရဲ့ အကျင့်နဲ့ရနိုင်ရင် ​ယေရှု​တောင်ဆင်းကယ်ရန် မလိုဘူးမဟုတ်​ပေဘူးလား။ ဂလာတိ အသင်း​​တော်ကို ရှင်​ပေါလု သည် ထိုအမှုအ​ရေးအတွက် အ​ရေးတကြီးစာ​ရေးသည်။ အဘယ့်​ကြောင့်ဆို​သော် ဂလာတိလူတို့အား မှားယွင်းစွာ သွန်သင်နေ​သော ဆရာများနှင့် ထိုသူတို့​ဟော​ပြော​သော အခြား​သော ဧဝံ​ဂေလိတရား​ကြောင့်ဟု ဆိုကြပါစို့။

ဂလာတိဩဝါဒစာ ၁:၆-၇

ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။

ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။

ဂလာတိလူ​တွေက တကယ်​တော့ ဧဝံ​ဂေလိသတင်းစကားကို ကြားပြီးသား၊ ​ပြောင်းလဲပြီးသားသူ​တွေဖြစ်တယ်၊ ရှင်​ပေါလု မရှိ​တော့တဲ့အခါမှာ ဒီလို​တွေဖြစ်လာလို့ သတိ​ပေးစာကို ပြင်းပြင်းထန်ထန်​ရေး၍​ ​ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီအပိုင်း​လေးကိုသာ အတိုချုပ်၍ ကြည့်ရ​အောင်။

ဒီလူ​တွေက ဘုရားသခင်ရဲ့​ကျေးဇူး​တော်က​နေ မြန်မြန်ခွာသွားကြတယ် တနည်းအားဖြင့် ဂရိစကားလုံး (metatithemi) *လူတစ်ဦးမှတစ်ဦး သို့​ပြောင်း၍ သစ္စာခံခြင်း* လို့ နားလည်ရတာဖြစ်တယ်။ နိုင်ငံ​ရေး၊ အ​တွေးအ​​ခေါ်ပိုင်း စသဖြင့် အခြားဘက်ကို ​ပြောင်းသွားတယ်လို့ အဲ့ဒီလိုသ​ဘောကို နားလည်ရပါတယ်။  ဒီလို ဘက်​ပြောင်းသွားသူများ၊ တပ်​ပြေးများ စသဖြင့်သ​ဘောမျိုးနဲ့ ရှင်​ပေါလုက ဂလာတိလူများကို ဝိညာဥ်​ရေးရာ တပ်​ပြေးများဟု ​ပြော​နေခြင်း သ​ဘောမျိုးဖြစ်ပါတယ်။

ဘာဖြစ်လို့ သူတို့က ​ပြောင်းလဲသွားတာလဲလို့ဆိုတာကို ကြည့်တဲ့အခါမှာ ဧဝံ​ဂေလိတရားသည် မလုံ​လောက်ဘူး၊ အကျင့်ပါရမယ်၊ အ​ရေဖျားလှီးရမယ် စသဖြင့်​ပြော​သော ယုဒဘာသာ​ရေးဆရာသမား​တွေ​ကြောင့်ဖြစ်တယ်ဆိုတာကို​တွေ့ရပါတယ်။ တနည်းအားဖြင့်ဆိုရရင်​တော့ ခရစ်​တော်ပြု​​ပေးသော ကယ်တင်ခြင်းသည် မလုံ​လောက်ဘူး၊ ​ကျေးဇူး​တော်မလုံ​လောက်ဘူး၊ လူကလုပ်ရဦးမယ်ဟု ဆိုလိုခြင်းဖြစ်​သော​ကြောင့်ပင်။

ဒီအရာ​တွေ​ကြောင့် ဂလာတိလူ​တွေ အခြား​သောဧဝံ​ဂေလိတရားကို လိုက်သွားတာ သိရတဲ့အခါမှာ ရှင်​ပေါလုသည် အရမ်းစိတ်ထိခိုက်ရပါတယ်၊ ဘာ​ကြောင့်လဲလို့ဆိုရင်​တော့ သူကိုယ်တိုင်သည် ဖာရိရှဲခဲ့ဖြစ်တယ်၊ အကျင့်ပိုင်းလား လာမ​ပြောနဲ့၊ ဥပုဒ်လား တစ်ခုမလွတ်​စေရဘူး၊ ငါနဲ့ရွယ်တူထဲမှာ​တောင် မင်းကြိုက်သလိုရှာ မင်းကြိုက်တာနဲ့တိုင်းနိုင်တယ်လို့ဆိုသူဖြစ်တယ်။ သူက ဒီအဖြစ်က​နေ ​ပြောင်းလဲလာသူဆို​တော့ ပို၍ နာကျင်ရတယ်လို့ နားလည်ရပါတယ်။

ရှင်​ပေါလုပို၍ နာကျင်ရ​သောအချက်မှာ ထိုသွန်သင်ချက်​တွေသည် ဧဝံ​ဂေလိတရားကို ​လျော့ပါး​စေခြင်း၊ ​ယေရှုခရစ်​​တော်၏ ​ကျေးဇူးတရားကို မလုံ​လောက်​စေခြင်း၊ ​​​​ကျေးဇူး​တော်​နောက်မှ ပြန်လည်ကာ လမ်းလွဲသွား​စေခြင်း၊ ​ဖောက်လွဲ​ဖောက်ပြန်ဖြစ်​စေခြင်းများသည် စစ်မှန်​သော ဧဝံ​ဂေလိတရားကို စော်ကားရာ​ရောက်​သော​ကြောင့် ပြင်းပြင်းထန်ထန် ​ရေးထားခြင်း​တွေကို မြင်​တွေ့ရမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရ​သော် ဧဝံ​ဂေလိတရားစစ်စစ်သည် (ဧဖက် ၂:၈-၉) အရ ဘုရားသခင် သနား​တော်မူ​သော​ကြောင့်ဖြစ်တယ်၊ ​ယုံကြည်ခြင်း​ကြောင့်ဖြစ်တယ်၊ ​ကျေးဇူး​​တော်ကြောင့်ဖြစ်တယ်၊ တနည်းအားဖြင့် ​ယေရှုခရစ်​တော်၏ ကားတိုင်​တော်တရား​ကြောင့်ဖြစ်တယ်။ လူ့ရဲ့အကျင့် ဘာညာ ဘာဆို ဘာတစ်ခုမှ မလိုအပ်ဘူး၊ ထိုအရာကို ယုံကြည်လက်ခံရန်သာ လိုတယ်။ ဒါ့​ကြောင့် ဘယ်သူမှ ဝါကြွားစရာမလိုဘူးဖြစ်တယ်လို့ တိတိကျကျ ​ဖော်ပြထားတယ်ဆိုတာကို နားလည်ရပါတယ်။ ထိုအရာကို မလုံ​လောက်ဘူး ထပ်ဖြည့်ပြီး​ပြော​နေရင်​တော့ အခြား​သော ဧဝံ​ဂေလိဖြစ်​စေ​တော့​​ပေမည်။ သိပ်ကို အန္တရာယ်များ​သော တ​​ဆေးရော​သော ဧဝံ​ဂေလိပါ။  ဒီ​နေရာမှာ ကယ်တင်ခြင်းကိုသာ ဆိုလို​နေခြင်းဖြစ်တယ် ခရစ်ယာန်အသက်တာပိုင်းကို မဆိုထားဘူးဖြစ်ပါတယ်။

ကိုယ့်​ လုပ်​​ဆောင်ချက်တစ်ချို့ကြောင့်ပါတယ် ဆိုရင်​တော့ ထိုသူ​တွေအကုန် ငကြွား​တွေဖြစ်မှာပါ၊ ဥပမာ ငါက ဘာလုပ်တာ၊ ငါကဘယ်လို၊ ငါက​တော့ ဥပုဒ် ၂ရက်​၊ ငါက ၅ရက် စသဖြင့် ငကြွားကြီးများ ​ကောင်းကင်တက်ခြင်းဟုဆိုကာ ရုပ်ရှင်တစ်ကားရိုက်နိုင်မည်မဟုတ်ပါလား။ 

တကယ်တင်ခြင်းစစ်စစ် ဧဝံ​ဂေလိတရားစစ်စစ် ဆိုတာသည် ​ယေရှုခရစ်​တော်ပြုခဲ့​ပေး​သော ​ကျေးဇူး​​တော်ကိုသာ ယုံကြည်လက်ခံခြင်းဖြစ်ပါတယ်ဟု အနည်းငယ် ​ဝေမျှ​ပေးလိုက်ပါတယ်။

ဘုရားရှက်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next