ယားနာ

ယားနာဆိုတာ အင်မတန်မှ ယားတတ်တဲ့အနာတစ်ခုဖြစ်ပါတယ်။ ယားတော့လဲ ကုတ်ကြရတာပေါ့လေ။ အဲဒီမှာပဲ ပြဿနာကစတော့တာပါပဲ။ ယားလို့ကုတ်တယ် ကုတ်လို့ယားတယ် ဟော ယားလို့ကုတ်ပြန်တယ် ကုတ်လို့ပဲထပ်ခါထပ်ခါယားရပြန်ပါလေရောလား။ အော် ယားနာဆိုတာကလဲ ကုတ်မှအရသာရှိတယ်လို့ထင်ရပြန်တာကိုး။
ဟုတ်ပါတယ် ယားနာဆိုတာကုတ်မှ အရသာရှိသလိုခံစားရတယ်ဆိုတာမျိုး ဖြစ်နေပေမယ့် အနာရဲ့ဒဏ်ရာကပိုပြီးပြင်းထန်ပါလေရော။ ပျောက်ကိုမပျောက်နိုင်တော့ဘူး ကုတ်လိုက်ယားလိုက် ယားလိုက်ကုတ်လိုက်၊ ကုတ်လိုက်ပြန်ယားလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတာပါပဲလေ။
ဟုတ်ပါတယ်။ လူက သိပ်ညည်းတွားရတာကို အရသာတွေ့တယ်။ တစ်ခုခုဆို သူများကိုပဲ လက်ညှိုးထိုအပြစ်တင်ချင်တယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြဿနာလေးကို သူများအပြစ်လို့ပြောလိုက်ရရင်ပဲ ညည်းတွားရရင်ပဲ ယားနေတာကို ကုတ်ရသလိုပင် အရသာ သိပ်ကိုရှိလှတယ်ထင်ရတယ် ပြီးရင် ပြန်ခံစားရတယ် ပြန်ယားတော့ ပြန်ကုတ် ပြန်ညည်းတွားပေါ့လေ။ ကျွန်တော်တို့တွေက အကျိုးမရှိသော်လည်း မိမိရဲ့ အခက်အခဲတွေ၊ ပင်ပန်းဆင်းရဲခြင်းတွေကို ထပ်ခါထပ်ခါ ညည်းတွားနေမိလား။ တချို့က ပြဿနာကိုပဲ ကြည့်တယ်၊ အဲဒီပြဿနာကကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ဒီအရာကိုပဲ မြင်တယ် ပြန်ပြောတယ်၊ ညည်းတွားတယ်၊ ငိုကြွေးတယ် ဒါပေမယ့် ပြဿကရှိနေတုန်းပဲဖြစ်တယ်။ နာကျင်ရတယ်ပျောက်သလားဆိုတော့လဲ ယားနာလိုပဲ ကုတ်လိုက်ပြန်ယားလိုက် ယားလိုက်ပြန်ကုတ်လိုက်နဲ့သာ ပတ်ချာလည်နေသည်။ ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ယားနာကဲ့သို့ ဆေးသင့်မှပျောက်မှာပါ။ ထိရောက်တဲ့ဆေးကိုတော့ လိုပါတယ်။
မောရှေနဲ့ က္ကုသရေလလူတွေက ဧဒုံပင်လယ်ကိုဖြတ်ပြီးတော့ ရှုရတောကိုရောက်တယ်။ အဲဒီတောကနေ သုံးရက်ခရီးဆက်ပြီးတော့ ရေကိုသောက်ဖို့ရှာမတွေ့ဘူး ရေငတ်တယ်ပေါ့လေ။ ဒီလိုနဲ့ မာရအရပ်ကိုရောက်တဲ့ အခါမှာ ရေကိုခါးလွန်းလို့ မသောက်နိုင်ကြဘူးဖြစ်တယ်။
ဒီလူတွေက မောရှေကိုအပြစ်တင်တယ်၊ သူတို့ကို ဦးဆောင်ပြီးခေါ်လာသူကို ရေခါးတဲ့အတွက် အပြစ်တင်တယ်ဆိုတာကိုတွေ့ရတယ်။ အရှေ့မှာသက်သေတွေ အများကြီးကြုံခဲ့ရသော်လည်း ရေပြဿနာကိုသာ မြင်တယ် ယားနာလိုပဲ ကုတ်ဖို့သာသိတယ် ဆေးမသိဘူး မသုံးဘူး မလိမ်းဘူးလို့ နားလည်ရတယ်။
ကျွန်တော်တို့တွေရော ဘဝမှာ မာရအရပ်ကဲ့သို့ ခါးသီးခြင်းတွေ၊ ခက်ခဲခြင်းတွေ၊ ပင်ပန်းဆင်းရဲခြင်းတွေနဲ့ နာကျင်ငိုကြွေးနေရသလား၊ မျက်ရည်များစွာနဲ့ဝမ်းနည်းမှုတွေဟာ အသက်ရှင်ရဖို့ ဆောင် ခါးသီးလွန်းတယ်လို့ ခံစားနေရပါသလား။ ထိုကဲ့သို့ မာရအရပ်မှာရောက်နေရသော်လည်း မောရှေကို အပြစ်တင်၍ ရှေ့မှာကြုံခဲ့သော အတွေ့အကြုံကိုမေ့လျော့ကြသလို သင်ရောမေ့နေမလား။ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းတွေ၊ ကောင်းကြီးမင်္ဂလာတွေကို မရေတွက်မိတော့ဘူးလား၊ ကျေးဇူးတော်ကိုမေ့လျှော့သွားပြီလားလို့ ဆင်ခြင်ကြည့်ပါ။ ကျွန်တော် အားပေးချင်တယ်မိတ်ဆွေ ဒီနေ့မှာ ထိုအရပ်မှရေကို ချိုစေမှာဖြစ်တယ်၊ ထိုရေကိုသောက်သုံး၍ သင့်ရဲ့ ဘဝအမောတွေကို ပြေစေမယ်၊ ကျနေရတဲ့မျက်ရည်တွေကို ထိုရေနဲ့ မျက်နှာသစ်၍ ရွှင်လန်းစွာ သီချင်းဆိုရတဲ့ အခွင့်ကိုရမယ်၊ အားပြည့်လျှက် ဝမ်းမြောက်ရလိမ့်မယ်လို့ အတိအကျပြောချင်တယ် သင်ဒီနေ့မှာ တကယ်လွတ်မြောက်ပြီဖြစ်တယ်။
ထွက်မြောက်ရာကျမ်း ၁၅:၂၅
မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တစ်ပင်ကိုပြတော်မူ၏။ ထိုအပင်ကိုရေထဲသို့ချပြီးလျှင်၊ ရေသည်ချိုလေ၏။
မောရှေကတော့ လူကိုမပြောဘူး ထာဝရဘုရားကိုသာ အော်ဟစ်တယ်။ လူမှာအဖြေမရှိဘူး၊ ဘေးဘယ်ညာမှာ အဖြေမရှိဘူး၊ ဒါပေမယ့် ကျွန်တော်တို့က လူကိုအပြစ်တင်ချင်တယ်၊ အားကိုးချင်တယ်၊ အဖြေကိုမျှော်လင့်တယ်၊ ဘေးဘယ်ညာကများလားလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် မောရှေရတဲ့အဖြေကတော့ ထာဝရဘုရားဆီကလာတဲ့ အဖြေဖြစ်တယ်။ ဒီအဖြေကို လိုက်လျှောက်တဲ့အခါမှာတော့ ရေသည်ချိုလေ၏တဲ့။ ခါးသီးခြင်းတွေအတွက် အဖြေက ဘုရားသခင်ဆီမှာပဲဆိုတာကို နားလည်ရသောကြောင့် ထိုဘုရားက ယနေ့သင့်ကို အဖြေပေးပါစေ၊ လွတ်ခြင်းအခွင့်ကိုပေးပါစေ။
သင့်ရဲ့ဝန်ထုတ်တွေကိုချလိုက်ပါတော့လို့ ပြောချင်ပါတယ်။ သခင်ဘုရားပေးတဲ့ ငြိမ်ဝပ်ခြင်းချမ်းသာနဲ့အတူ သင့်ရဲ့ခါးသီးခြင်းများစွာဟာ ယေရှုခရစ်တော်၏ သစ်တိုင်(Cross) အားဖြင့် ချိုရသောအခွင့်ကို ယခုပင်ရရှိပြီဖြစ်သောကြောင့် ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုပါတော့လို့ အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၁၁:၂၈
ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi