ဝိညာဥ်ရေးရာခေါင်းဆောင်

ကျွန်တော်တို့တွေဟာ တစ်ခုခုအခက်အခဲကြုံရတဲ့အခါမှာ စိတ်ပျက်အားငယ်သွားတတ်ကြတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်အသိမိတ်ဆွေ၊ အိမ်ထောင်ဖက်၊ဆွေမျိုးသားချင်း၊ အပေါင်းအသင်း၊ သူငယ်ချင်းတွေစသဖြင့် ထိုသူတို့ရဲ့လက်ညှိုးထိုးအပြစ်တင်ခြင်းကိုခံရတဲ့အခါမှာ ပိုပြီးတော့ အားပျက်စိတ်ဓါတ်ကျကာ အရှုံးပေးချင်သွားကြတယ်။
ကိုယ်ကဦးဆောင်နေရတဲ့ ခေါင်းဆောင်တစ်ယောက်ဆိုလျှင် ကိုယ့်လက်အောက်ကလူတွေကိုဘယ်လိုလမ်းပြပေးရမလဲ၊ အခက်အခဲတွေထဲမှာ စိတ်ပျက်လက်ပျက်ရှိနေမလား။ ရှုံးနိမ့်နေရချိန်တွေမှာ ကိုယ့်အပေါ် ဝေဖန်ခြင်းတွေ၊ အတင်းပြောခြင်းတွေ၊ စသဖြင့်ကြုံတွေ့ရတဲ့အခါမှာ ဒေါသနဲ့တုန့်ပြန်မလား၊ အတုန့်အလှည့်ဟုဆိုကာ ထင်းခွေမကြုံရင် ရေခပ်တော့ကြုံမှာလို့ဆိုနေမလား။
သင်နဲ့ကျွန်တော်ဟာ လုပ်ငန်းခွင်တစ်ခုမှာဦးဆောင်နေရသူ၊ အသင်းတော်၏တစ်ထောင့်တစ်နေရာမှာဦးဆောင်နေရသူ၊ စာသင်ခန်းထဲမှာဦးဆောင်နေရသူ၊ နိုင်ငံရေးကိုဦးဆောင်နေရသူ၊ ပါတီတစ်ခုခုကိုဦးဆောင်နေရသူ၊ နိုင်ငံတော်ကိုတစ်နေရာရာမှဦးဆောင်နေရသူ အစရှိသဖြင့် ဦးဆောင်နေရသော ခေါင်းဆောင်တစ်ယောက်ဖြစ်ကောင်းလည်း ဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင် ဒီလိုအခြေအနေတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။
အာမလတ်လူတွေဟာ ဇိကလတ်မြို့ကိုတိုက်တယ် မီးရှို့ဖျက်ဆီးတယ်။ မြို့မှာရှိတဲ့ မိန်းမအကြီးတွေအငယ်တွေတစ်ယောက်မှမသတ်ဘူး အရှင်ဖမ်းခေါ်သွားတယ်။ ဒါကို ဒါဝိဒ်နဲ့သူ့လူတွေက မြို့ကိုရောက်မှသိရတယ်၊ သားသမီးတွေ၊ မိန်းမတွေမရှိတော့ဘူး ဖမ်းခေါ်သွားတယ်ဆိုတာကိုသိရလို့ ငိုကြွေးကြတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒါဝိဒ်ရဲ့မယားလဲပါသွားတာဖြစ်တယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃၀:၆
ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင် ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊
ဒီနေရာမှာ အခက်အခဲကြုံရ၊ အရှုံးနဲ့ရင်ဆိုင်နေရ၊ သူ့လူတွေရဲ့ဝေဖန်ခြင်း၊ အစရှိသဖြင့် စိတ်ပျက်စရာတွေကိုသာ ပြောဆိုနေကြခြင်းတွေကိုကြုံနေရတဲ့ ခေါင်းဆောင်တစ်ယောက်၏ အခြေအနေကိုမြင်တွေ့ရပါတယ်။ စိတ်လိုက်မာန်ပါ ပြန်တုန့်ပြန်ခြင်း၊ ငါ့လက်အောက်ကလူဖြစ်သောကြောင့် ထိုသူတွေအပေါ်စိတ်ဖြေ၍အော်ဟစ်ခြင်း၊ စိတ်ဆိုးညစ်စရာအချိန်ရောက်သော်လည်း ထိုမိမိလက်အောက်ကသူတွေအပေါ်ကို အော်ဟစ်ဆဲဆိုခြင်းကို မပြုသော ခေါင်းဆောင်တစ်ယောက်၏ အတုယူစရာကိုမြင်တွေ့ရသလို၊ အခြေအနေတစ်ခုကို စိတ်မြန်လက်မြန် ဆုံးဖြတ်၍ ချက်ခြင်းရန်သူနောက်လိုက်တိုက်ခြင်းမရှိပေ။ တနည်းအားဖြင့် ခေါင်းဆောင်တစ်ယောက်၏ စိတ်မြန်လက်မြန် ခံစားချက်အပေါ်အခြေခံကာ ဆုံးဖြတ်ချက်ချခြင်းမဟုတ်ပေ။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃၀:၈
ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊
သင်နှင့်ကျွန်တော်သည် မည်သည့်နေရာတွေ ဦးဆောင်နေသောသူဖြစ်ပါစေ။ မိမိခံစားချက်ထက်၊ မိမိဖြစ်ချင်စိတ်၊ ဝေဖန်ခံရခြင်း၊ လက်ညှိုးထိုးခံနေရခြင်း စသဖြင့်သောအရာတွေထက် ဘုရားသခင်ကိုသာ မေးပါလို့ အားပေးချင်တယ်။ ဒါဝိတ်ဟာ မိမိမယားဖမ်းသွားခြင်းခံရသလို၊ မိမိအခက်အခဲကြုံရသလို၊ ခဲနဲ့ပေါက်ခံရမည့် လက်ညှိုးထိုးခံရခြင်းတွေကြုံရသော်လည်း၊ ခံစားချက်အတိုင်း စိတ်အလိုလိုက်ကာအမြန်မဆုံးဖြတ်ပေ။ ဝိညာဥ်ရေားရာခေါင်းဆောင်တစ်ယောက်သည် မိမိခံစားချက်တွေ၊ ခက်ခဲမှုတွေ၊ ဝေဖန်ခံရခြင်းတွေ၊ လက်ညှိုးထိုးခံရခြင်းကြုံနေရသော်လည်း ဘုရားသခင်ကိုသာ မေးကာ ဆုံးဖြတ်ချက်ကို ချတတ်သောသူ ဖြစ်စေဖို့ရာ အရေးကြီးကြောင်း အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet