ငယ်စဥ်မှစသွန်သင်ပါ

ဖွားမြင်သော သားသမီးများသည် ဘုရားသခင်ဆုချသော ရတနာဟူ၍ နားလည်ထားကြသည်။ မိဘများသည်လည်း သားသမီးများ၏ ကွယ်ကာရာ ကောင်းကင်တမန်အလား မှတ်ယူကြပေသည်။ တစ်နေ့နေ့မှာတော့ ထိုသားသမီးများကိုယ်တိုင်သည်ပင်လျှင် မိဘများ၏ နေရာသို့ ရောက်ရှိလာကြရပေဦးတော့မည် မဟုတ်ပါလား။
မိဘစကားနားထောင်ခြင်းအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအရာ ဖြစ်သည်ကိုလည်း သားသမီးများသိထားရပေမည်။ သို့သော်လည်း အချို့သော မိဘများသည် ထိုအချက်အားဖြင့်သာ သားသမီးများကို အနိုင်ယူခြင်း၊ မတရားပြုခြင်းများကို ကျမ်းစာအားကိုး၍ လုပ်ဆောင်တတ်ကြသူများလည်း ရှိတတ်ကြသည်။ ထိုသို့လိုရာစွဲခြင်းမရှိစေဘဲ သားသမီးများအား စိတ်ဆိုးစေခြင်းကို မပြုကြဘဲ ဘုရားသခင်၏ အလိုတော်နှင့် အညီသာ သွန်သင်ဆုံးမခြင်းကိုပြုတတ်ပြီး ကျွေးမွေးပြုစုတတ်သော မိဘများဖြစ်စေကြဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။
မိဘများ၏ သွန်သင်ခြင်းများအပေါ်တွင် မူတည်၍လည်း ထိုသားသမီးများသည် အနေအထိုင်၊ အပြုအမူ၊ အပြောအဆို၊ ယဥ်ကျေးသိမ်မွေ့ခြင်းများ ကွာခြားသွားတတ်ကြသည်ကို နားလည်ကြမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သို့သော် အရေးအကြီးဆုံးအချက်မှာတော့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းပင်ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့မှသာ ထိုသားသမီးများသည် ဘုရားသခင်၏ မကြိုက်မနှစ်သက်သည်ကို ရှောင်ကျဥ်တတ်ကြမည်၊ ဒုစရိုက်ကို ရှောင်ရှား၍ ဘုရားသခင်နှစ်သက်တော်မူသော အရာများကိုသာ ပြုစုတတ်လာကြမည် မဟုတ်ပါလား။
နှုတ်ကပတ်တော်တစ်ချက်မှာတော့ ယခုကဲ့သို့ဆိုပါတယ်။
"သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။" (သုတ္တံ ၂၂:၆)
ဟုတ်ပါသည်။ ငယ်သောအရွယ်မှစ၍ လေ့ကျက်လာသော သူငယ်သည် အသက်ကြီးသောအခါတွင် ဘုရားသခင်၏ အလေ့အလာ၊ သဘောတော်၊ အလိုတော် စသဖြင့်ကို နားလည်တတ်ပြီး သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်လာမည်ဖြစ်သည်။ ထိုသူတို့သည်ပင်လျှင် မိဘနေရာသို့ရောက်လျှင် သမ္မာတရားနှင့်လျော်ညီမှန်ကန်စွာ ပြန်လည်သွန်သင်တတ်လာမည်ကို နားလည်ရသည်။
သမ္မာတရားနှင့်အညီ သွန်သင်ဆုံးမခြင်းကိုခံရ၍ အသက်တာကို ပြင်ဆင်လာသော သူငယ်သည် အသက်ကြီးသောအခါတွင် ဘုရားသခင်ကို ကြောက်ရွံ့တတ်ခြင်း၊ ဘုရားသခင် မနှစ်သက်သည်ကို ရှောင်ကျဥ်တတ်ခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ အဓမ္မတရားလမ်းကို ရှောင်ကျဥ်ခြင်းတို့အပြင် သမ္မာတရားလမ်းအတိုင်း ဘေးဘယ်ညာကို မတိမ်းစောင်းအောင် သွားတတ်ကြမည်ဖြစ်သည်။
သမ္မာတရားနှင့်အညီ သွန်သင်ခြင်းကို နာခံတတ်သော သားသမီးများသည် မိဘများ၏ ရွှင်လန်းဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်ကြသည်။ တနည်းအားဖြင့်ဆိုရသော် မိဘများသည်ပင်လျှင် သမ္မာတရားနှင့်အညီ သွန်သင်ကြရမည်ဖြစ်ပြီး သားသမီးများသည် ထိုမိဘတို့၏ စကားကို နားထောင်ခြင်းသည် ဘုရားသခင် နှစ်သက်တော်မူရာပင်ဖြစ်ချေသည်။ ထိုသို့သော သားသမီးများသည် မိဘတို့၏ အားဆေးတစ်ခွက်အလားပင်ဖြစ်ကာ အလိုတော်နှင့်ညီသော သားလိမ္မာ၊ သမီးလိမ္မာများပင် ဖြစ်ကြသည်မှာ မြေကြီးလက်ခက် မလွဲပင် ဖြစ်ချေတော့သည်ကို (ဧဖက် ၆:၁) တွင်လည်း သက်သေထူနေသည် မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet