ကိုယ်တိုင်သိစေခြင်း

ထီးနဲ့ဖိနပ် မပါ၊ နွေခါမှ သိ။
ဒါနနဲ့သီလ မပါ၊ သေခါမှ သိ။
ဆိုသော စကားပုံလေးကို ကြားဖူးကြမယ်ထင်ပါတယ်။
နေပူပြင်းသော နေ့လည်ခင်း တစ်ချိန်မှာ အမိုးအကာ မပါဘဲ သွားဖူးကြသောသူများ သိနိုင်ပါတယ်။ လက်ရှိ နေ့လည်ခင်းတွေတောင် အတော်ပူနေပြီ မဟုတ်ပါလား။
အိမ်မှာ နေတာတောင် အတော်ပူနေပြီဖြစ်ပေမယ့်၊ ထိုကဲ့သို့ နေပူပူထဲတွင် ထီးလဲမပါ ဖိနပ်လဲမစီးထားရင်တော့ စဥ်းစားသာကြည့်ပေတော့ဗျို့။ အပေါ်ပူ၊ အောက်ပူ၊ အတော်ကို ခံစားရခက်မည့်အမျိုးဗျာ။ ဒီလိုပါပဲတဲ့ မိမိ၏ ဒါနတွေ သီလတွေ မရှိထားဘူးဆိုရင်တော့ သေမှသာသိမယ်ဆိုသော စကားပုံလေး ဆိုရိုးလေးလို့ဆိုကြပါစို့။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၅:၁၂-၁၃
သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။
ခရစ်ယာန်တို့၏ ယုံကြည်ချက်ကတော့ မသေခင်ကတည်းကသိရပါတယ်။ အချို့ ခရစ်ယာန်လို့ အမည်တပ်ထားသူတွေကတော့ သေခါမှသိတယ်၊ လက်ရှိကယ်တင်ခြင်းရမရကို မသိနိုင်ဘူး၊ စသဖြင့်ဆိုတာတွေသည် သမ္မာတရားနဲ့ လုံးလုံးဆန့်ကျင်နေပါတယ်။ စစ်မှန်သော ဧဝံဂေလိတရားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံလိုက်တာနဲ့ ကယ်တင်ခြင်း ထာဝရအသက်ကို ရပြီဖြစ်တယ်။ သန့်ရှင်းသော ဝိညာဥ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရမယ်၊ ထိုသန့်ရှင်းသော ဝိညာဥ်တော်က ယုံကြည်သူတွေကိုပေးထားသော စားရန်ဖြစ်တယ်။
ယေရှုကို ရရင် အသက်ကိုရမယ်၊ ယေရှုကို မရရင် အသက်ကိုမရဘူး၊ ထိုအသက်ကိုရတယ်ဆိုတာကိုလည်း သေမှသိရတာမဟုတ်ဘဲ မိမိအသက်ကိုရတယ်ဆိုတာကို ယုံကြည်လက်ခံကတည်းကတင် သိမှတ်ရတယ်၊ အတွင်းစိတ်ချမှုကိုရတာဖြစ်တယ်။ ဒါ့ကြောင့် ထိုသမ္မာတရားကို သမ္မာကျမ်းစာမှာ တိတိကျကျဖော်ပြထားခြင်းဖြစ်တယ်။
အကယ်၍သာ ကယ်တင်ခြင်းသည် သေခါမှသိရမယ်ဆိုရင်တော့ ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်းသည် အနှစ်သာရမရှိတော့ပေ၊ အခြားသော ဘာသာများနှင့် အတူတူပင်ဖြစ်ချေတော့မည်။ ဧဝံဂေလိတရား စစ်စစ်ကို ပေါ့ရွှတ်စေပြီ ပုပ်ပျက်စေပြီ တဆေးရောလိုက်စေပြီ မဟုတ်ပါလား။
ဒါ့ကြောင့် ကယ်တင်ခြင်း ထာဝရအသက်သည် မသေခင်ကတည်းကပင် ကိုယ်တိုင်ရစေတယ်ဟု သိစေတယ် လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားခြင်းဖြစ်တာကို နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါဟု ဆိုသည့်အတိုင်း ကိုယ်တိုင်သိသော သူတွေ အယောက်စီတိုင်း ဖြစ်ကြပါစေလို့ အနည်းငယ် ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet