မမျှော်လင့်သော မျှော်လင့်ခြင်း

ဘဝမှာ မထင်မှတ်ထားသော အဖြစ်တွေ၊ မမျှော်လင့်ထားသော အကြောင်းအရာတွေ၊ မဖြစ်ချင်တဲ့အရာတွေ ဖြစ်လာခဲ့ချိန်ရောက်လာတဲ့အခါ ခံနိုင်ဆိုတာမရှိနိုင်ဘူးလို့ ထင်နိုင်ပါတယ်။ ဟုတ်ပါတယ် မလွယ်ကူလှပါဘူး။ ရုတ်တရက် အသက်ရှူရပ်သွားရလောက်အောင် နာကျဥ်ရတဲ့ခံစားမှုကို မည်သို့မည်ပုံနှင့်မျှ ရှောင်နိုင်မည်မထင်ပါ။ အရုပ်ကြိုးပျက် ပြိုလဲသွားတတ်ကြသလို၊ အော်ဟစ်ပြီး ပေါက်ကွဲတတ်ကြတာလဲ ရှိကြ ပေမပေါ့။
သမ္မာကျမ်းစာမှ အဖြစ်အပျက်လေးတစ်ခုကို လေ့လာကြည့်မယ်ဆိုရင်လည်း မမျှော်လင့်ထားတဲ့ ခါးသီးခြင်းတွေသည် ဒါဝိဒ်၏ ရင်ဝကို ရုတ်တရက် ဝင်ရောက်ကာ ခြေစုံဖြင့် စောင့်ကန်လိုက်လေသလား မြင်တွေ့ရသည်။
ဒါဝိဒ်နှင့်သူ့လူတွေသည် တစ်ရက်မှာတော့ မနက်စောစောထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြတယ်။ သုံးရက်နေတော့ သူတို့တွေ ဇိကလတ်ကို ပြန်ရောက်တဲ့အခါမှာတော့ သုဿန်တစ်စပြင်မြင်ကွင်းက ဆီး၍ ကြိုနေလေသည်။ အဝေးမှ မောမောပန်းပန်းနှင့်ပြန်ရောက်၍ အမောဖြေရမလား၊ ချစ်ရသူတွေကိုမြင်၍ အမောများပြေလေမလားအောက်မေ့ပါတယ်။ တကယ်မြင်ရတဲ့မြင်ကွင်းကတော့ မီးလောင်ကွင်းသာဖြစ်နေလေရဲ့။ သူဘယ်လိုဖြေသိမ့်နိုင်မလဲ သူရဲ့ လက်ရှိနေထိုင်ရာမြို့ကတော့ နေ့မြင်ညပျောက် ပြာပုံဖြစ်လေပြီ။ ကိစ္စမရှိဘူးလေလို့ ဖြေသိမ့်နိုင်စေဦးတော့။
သူ့မိန်းမနဲ့ သူ့လူတွေရဲ့ မိသားစုတွေ ဘေးကင်းပါရဲ့လားဟု စိုးရိမ်၍ မိန်းမရေလို့ အော်ခေါ်မိလေမလား။ ခဏအကြာမှာ ပစ္စည်းတွေ အရာဝတ္ထုတွေကို မီးတောက်တဲ့အသံကိုသာကြားရပြီး တုန့်ပြန်သံမကြားရတဲ့အခါမှာတော့ ဒါဝိဒ်ရင်ထဲမှာ တောက်လောင်နေတဲ့မီးက အပြင်မှာလောင်တဲ့မီးထက် ပို၍ပို၍ ပူပြင်းစွာ တောက်လောင်လေမည်လား။ ဒီလိုနဲ့ သူမမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုက သူ့ရင်ကို တောက်လောင်စေလေပြီ။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃၀:၂
မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။
ရင်ဝကို စို့နဲ့ရိုက်လေသလား၊ မထင်မှတ်ထားဘူး ဖြစ်လာတယ်။ မမျှော်လင့်ထားဘူး ကြုံရတယ်။ မဖြစ်ချင်ဘူး ဖြစ်လာရတယ်။ သို့သော် ခံနိုင်သလားဆိုတော့ သူလဲ နာကျဥ်ရတယ်၊ သူလဲ ပူပန်ရတယ်၊ သူသည် စိတ်လဲ ညှိုးငယ်တတ်ပါတယ်။ နာကျဥ်ဒဏ်ရာတွေနဲ့ သူ့လူတွေရဲ့ ဒေါသကို ခါးစည်းခံရမလိုကြုံပြန်ပါလေသည်။ ကြုံရတဲ့ အဖြစ်ချင်းအတူတူ၊ မြို့မီးလောင်ပျက်ဆီးခြင်းသည်လည်း အတူတူ အကျိုးပျက်ရတယ်၊ မိန်းမတွေပါသွားတဲ့အထဲမှာလည်း ဒါဝိဒ်၏ မိန်းမအပါအဝင်ဖြစ်ပေမယ့် သူတစ်ယောက်ကိုသာ အပြစ်ဆိုကြတယ်၊ သူတစ်ယောက်သာ ကျောက်ခဲနှင့်အပေါက်ခံရမလိုလို၊ မည်သို့ မည်မျှ ရင်ဝသို့ ရုတ်ချည်းဝင်ရောက်လာသော ခြေစုံကန်ချက်တွေဖြစ်မည်နည်း။ အဖြေကို ဘယ်လိုရှာရမည် မသိ၊ အဖြေမရှိရလေခြင်းဟုဆိုကာ ဒါဝိဒ်အပေါ်သို့သာ ဒေါသတွေပုံချကာ ဖြေလျှော့ချင်လေသလား။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃၀:၆
ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင် ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊
သို့သော် သူသည် မည်သို့ မည်မျှပင် အလွန်စိတ်ငြိုငြင် ဆင်းရဲတယ်ဟုဆိုစေကာမူ၊ သူသည် ထာဝရဘုရားကိုသာ ကိုးစားတယ်လို့ မြင်တွေ့ရတယ်။ မိတ်ဆွေရော ကျွန်တော်ရော မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ကြုံရကောင်းကြုံရနိုင်ပါတယ်။ ရင်ဝကို ဘယ်ကဝင်လာမှန်းမသိတဲ့ ခြေကန်ချက်တွေကို ခံစားရနိုင်ပါတယ်၊ ခံစားရတာခြင်းအတူတူ ကိုယ့်တစ်ယောက်သာ အပြစ်တင်ခြင်း ဝေဖန်ခြင်းကို ခံစားရနိုင်ပါတယ်၊ အဖြေရယ်ဘယ်ဆီမှန်းမသိလို့ သေချင်လောက်အောင် နာကျဥ်ငိုကြွေးရခြင်းသည် မမျှော်လင့်ထားပေမယ့် ဘယ်ကနေဘယ်လို ဝင်လာသည်ကိုပင် သိခွင့်ရယ်မရှိလိုက်ရပါလားဟု သင်ဒီလိုစဥ်းစားကောင်း စဥ်းစားနေနိုင်ပါတယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃၀:၈
ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊
ဒါဝိဒ်ကတော့ အဖြေမရှိလေ၊ ခက်ခဲလေ၊ နာကျဥ်ရလေ၊ စိတ်ငြိုငြင်ဆင်းရဲသော်လည်း ထာဝရဘုရားကိုသာ အားကိုးတယ်။ သူလိုက်ရမလား၊ လိုက်ရင် မှီမလားလို့ ထာဝရဘုရားကိုသာ မေးမြန်းတယ်လို့ မြင်တွေ့ရတယ်။ ကျွန်ုပ်တို့သည်လည်း ခက်ခဲလေ၊ ပင်ပန်းလေ၊ အဖြေမရှိလေ၊ နာကျဥ်ရလေ၊ ငိုကြွေးရလေ၊ ဘာကြီးဖြစ်နေဖြစ်နေ ဘယ်အရာကို အားကိုးသလဲ။ ထာဝရဘုရားကိုသာ အားကိုးသလား၊ မိမိစိတ်ဆန္ဒကိုသာ ဦးစားပေး၍ ဆုံးဖြတ်သလား ဒါကို ဆင်ခြင်ဖို့ရာလိုပါတယ်။
မိတ်ဆွေ လက်ရှိမှာ အားငယ်ကောင်းအားငယ်နေမယ်၊ စိတ်ညစ်နေရင် စိတ်ညစ်နေမယ်၊ လောကကြီးကို စိတ်ကုန်ကောင်း စိတ်ကုန်နေလိမ့်မယ်၊ သင့်ရဲ့ ခက်ခဲခြင်းပြဿနာတွေသည် အဖြေမရှိတော့ဘူးလို့ ထင်ကောင်းထင်နေမယ်၊ မမျှော်လင့်ဘဲ ကြုံရဖြစ်ရခြင်းတွေသည် သေချင်လောက်အောင် ခဲရင်းဆိုးယုတ်နေတယ်လို့ ခံစားငိုကြွေးနေရကောင်း နေရပါလိမ့်မယ်။ သို့သော် သင့်အတွက် အဖြေသည် အဆင်သင့်ရှိထားတယ်။ သင်သည်လည်း ဒါဝိဒ်လို မမျှော်လင့်ထားတာတွေကို ကြုံတွေ့ရတဲ့အခါမှာ စိတ်ငြိုငြင်ဆင်းရဲပေမယ့် ထာဝရဘုရားကိုသာ အားကိုးဖို့၊ မေးမြန်းဖို့ မမေ့လျော့ပါနဲ့လို့ ဆိုချင်ပါတယ်။
ဆုတောင်းချက်။ အိုအဖ ဒီပြဿနာတွေကို မကြုံချင်ပေမယ့် ကြုံခဲ့ရပါတယ်၊ မမျော်လင့်ထားတဲ့ အရာက ဖြစ်လာတဲ့အခါမှာ ကျွန်တော်/မ အားလျော့စိတ်ပျက်မိပါတယ်။ ဒါဝိဒ်၏ရင်ထဲက မီးလို ပူပြင်းလွန်းလို့ အသက်မရှင်နိုင်တော့ဘူးလို့ ထင်မှတ်ရလောက်အောင် စိတ်ငြိုငြင်ဆင်းရဲခြင်းကို အပြည့်အဝခံစားနေရပါတယ်။ သို့သော်လည်း ကိုယ်တော်ကိုသာ အားကိုးပါတယ်၊ ကိုယ်တော်ကိုသာ ခိုလှူံကိုးစားပါတယ်။ ကိုယ်တော့်ထံမှ အဖြေနဲ့သက်သာခြင်းသည် ကျွန်တော်/မ ၏ ငြိမ်ဝပ်ခြင်းချမ်းသာဖြစ်စေမူပါ။ ကိုယ်တော်ကိုသာ မျှော်လင့်လျှက် အသက်ရှင်ပါမည်ဟု သခင်ယေရှုခရစ်တော်၏ အမည်နာမ၌ ဆုတောင်းပါ၏။ အာမင်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet