ခေါင်းဆောင်တစ်ယောက်၏ ဆုတောင်းခြင်း

ကျွန်တော်တို့ခရစ်ယာန်တွေသည် အခြေအနေပေါ်မူတည်သော ဆုတောင်းခြင်းမျိုး အရမ်းလုပ်တတ်ကြသည်။ အဆင်မပြေချိန်မှာ ဆုတောင်းတတ်ကြပြီး ဘုရားသခင်ဟု ခဏခဏ သတိရတတ်ကြတယ်၊ အဆင်ပြေနေချိန်မှာတော့ မေ့လျော့နေတတ်ကြတယ်။ အခြေအနေတွေ အချိန်အခါတွေပေါ် မူတည်သော ဆုတောင်းခြင်းမျိုး မဖြစ်စေဖို့ရန် သတိပြုဆင်ခြင်ဖို့ရာ လိုအပ်တယ်ဆိုတာ နားလည်ရပါတယ်။
ဒံယေလကတော့ ဆုတောင်းအားကြီးသောသူဖြစ်တယ်။ သူဟာ အခြေအနေတွေကို ကြည့်မနေဘူး၊ အခြေအနေတွေအထက်က ထာဝရဘုရားကိုသာ မျှော်ကြည့်သောသူဖြစ်တယ်ဆိုတာကို မြင်တွေ့ရပါတယ်။ ရှင်ဘုရင်က ဒံယေလကို နိုင်ငံတစ်နိုင်ငံလုံးကို အပ်နှင်းမယ်လို့ ကြံစည်ထားတယ်ဆိုတာကို တွေ့ရတယ်။ သူ့အား မနာလိုသော ဝန်ကြီး၊ မြို့ဝန် စသဖြင့် လူတစ်စု၏ မကောင်းသော အကြံအစည်ကို သူရင်ဆိုင်ရခဲ့တယ်။ အပြစ်တင်စရာတစ်ခုမျှ မရှိသော်လည်း သူ၏ဆုတောင်းခြင်းကို ရမယ်ရှာခဲ့လေတော့သည်။
ဒံယေလအနာဂတ္တိကျမ်း ၆:၁၀
အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
ဘုရင်မှတပါး အခြားသောလူဖြစ်စေ၊ ဘုရားဖြစ်စေ ရက်သုံးဆယ်အတွင်းမှာ ဆုတောင်းသောသူ မှန်သမျှကို ခြင်္သေ့တွင်းထဲသို့ ချပစ်ရမည်ဟူသော အမိန့်တော်သည် အသက်ရှင်နိုင်စရာမရှိသော အခြေအနေတစ်ခုဖြစ်ပေသည်။ စိတ်ညစ်စရာကောင်းလွန်း၍ ဆုမတောင်းနိုင်ခြင်း၊ ပျော်လွန်း၍ဆုတောင်းရန်မေ့ခြင်း၊ ငိုကြွေးရလို့၊ အသဲကွဲလို့၊ နာကျဥ်ခံစားရလို့၊ စသဖြင့် ကျွန်တော်တို့က ခေါင်းစဥ်တွေတပ်ကြ၊ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တွေသာ တစ်ခုပြီး သုံးလေး ခြောက် ခုနှစ်ခုပေးတတ်ကြသည်။ ဒံယေလကတော့ ထုံးစံအတိုင်း ဆုတောင်းမပြတ်ပေ။ အခြေအနေပေါ် မမူတည်သော ဆုတောင်းခြင်းနှင့် အခြေအနေတွေရဲ့ အထက်က ထာဝရဘုရားကိုသာ ကြည့်သောအရာကို တွေ့ရပါတယ်။
ရှင်မာကုခရစ်ဝင် ၁:၃၅
နံနက်အချိန်၊ မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။
သခင်ယေရှုခရစ်တော်ကို ကြည့်မယ်ဆိုရင်လည်း မနက်စောစောထ၍ အမြဲ ဆုတောင်းတယ်ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့တွေအတွက် အတုယူဖို့ရာ ပုံသက်သေကောင်းကို ပြသပေးခဲ့ခြင်းတွေ ဖြစ်သောကြောင့် ဆင်ခြင်ဖို့ရာ အင်မတန်မှလိုအပ်ပါတယ်။ ဒါဟာ ခေါင်းဆောင်တစ်ယောက်အတွက်သာမက ယုံကြည်သူတိုင်း သင်ယူရမည့်အချက်တွေထဲမှတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့တွေကရော အခြေအနေတွေအပေါ်မှာသာ ရပ်၍ စိတ်ညစ်လွန်းလို့၊ ဆုံးရှုံးမာစိုးလို့၊ နာကျဥ်ရလို့၊ ငိုကြွေးရလို့၊ ပျော်စရာတွေကြောင့် ဘုရားသခင်ကိုမေ့နေလို့ စသဖြင့်တွေ၌သာ လုံးလည်ချာလည်လိုက်၍ ဖြတ်သန်းနေမှာလား ဆိုတာကို မိမိရဲ့ နှလုံးသားမှာ ဆင်ခြင်ကြည့်ပါ။ အခြေအနေတွေရဲ့ အထက်မှာရှိသော ဘုရားသခင်ကိုမြင်တတ်၍ ဆုတောင်းအားကြီးသော ခေါင်းဆောင်တွေ၊ ယုံကြည်သူတွေဖြစ်စေကြဖို့ရာ အနည်းငယ်တိုက်တွန်း ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet