အနတ္တသက်သက်သာ

အရာရာတိုင်းသည် အနတ္တဟူသော စကားကို လူတိုင်းကြားဖူးကြလိမ့်မည်။ နေရောင်အောက် ကောင်းကင်အောင်၌ ရှိသမျှသော အရာရာတို့သည် ကွယ်ပျောက်ကြရဦးပေမည်။ သင် လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ အနတ္တသည် သင့်ကို မညှာပါ။
နေရာတိုင်း နေရာတိုင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်း စသဖြင့် မည်သည့်နေရာတွင် နေထိုင်ကြခြင်း ဖြစ်ပါစေ အနတ္တကတော့ ကြိုဆိုလျှက်ပါ။ ယနေ့တွင်ရှိနေသောအရာ မနက်ဖြန်မသေချာ၊ နေ့မြင် ညပျောက်၊ အခိုးအငွေ့အလား မတည်မြဲသည့် လူ့ဘဝတွင် ကျွန်ုပ်တို့နေထိုင်ကြသည်။
လောကတွင်ရှိသည့် မည်သည့်အရာမဆို အနတ္တသက်သက်ပင်။ ယနေ့ဂုဏ်ပြုဆုတံဆိပ်ရရှိခဲ့လျှင်ပင် နောက်တစ်ဦးသည် ထိုနေရာအတွက် အသင့်ရှိနေသည်။ ထိုအချိန်သို့ရောက်လျှင် ထိုဆုတံဆိပ်အစား အခြားတစ်ခု နေရာယူသွားခဲ့ချေပြီမဟုတ်ပါလား။
ထို့အတူပါဘဲ လောကကြီးထဲတွင် ငွေကြေးဥစ္စာပေါများခြင်းသည် အနတ္တ၊ ဂုဏ်ရှိန်ထည်ဝါခြင်းသည် အနတ္တ၊ အာဏာပါဝါကြီးခြင်းသည် အနတ္တ၊ ရုပ်ရည်ရူပကာသည် အနတ္တ စသဖြင့် ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက်ပင်ဖြစ်ကြပေသည်။
ဒေသနာကျမ်း ၁:၂
အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
ယောဘ၏ ငွေကြေးဥစ္စာပေါကြွယ်ဝခြင်းသည် အနတ္တဖြစ်ကြောင်းသိမြင်ခဲ့ကြသလို၊ ရှောလုဘုရင်နေရာကို ဒါဝိဒ်၊ ဒါဝိဒ်ဘုရင်နေရာကို ရှောလမုန် စသဖြင့် အာဏာစက်သည်လည်း အနတ္တ၊ ယောသပ်ကျွန်ဘဝမှ အိမ်ထိန်း၊ အိမ်ထိန်းမှ ထောင်ကျကာ ထောင်ထိန်း၊ ထိုမှတဆင့် ဒုတိယဘုရင်၊ ဒံယေလသုံ့ပန်းဘဝမှ ဝန်ကြီး၊ ဝန်ကြီးဘဝမှ ခြင်္သေ့စာကျွေးခံရ၊ ထိုမှတဆင့် ... စသဖြင့် အရာရာတိုင်းတို့သည် အနတ္တသက်သက်ပင် မဟုတ်ပါလား။
ယနေ့ သင်နှင့် ကျွန်ုပ်ဖက်တွယ်နေ့သည့် စည်းစိမ်၊ ပစ္စည်းဥစ္စာ၊ ဂုဏ်ဒြပ်တွေ၊ အာဏာတွေ စသဖြင့် အမျိုးမျိုးသော စွဲလန်းခြင်းတို့သည် အနတ္တသက်သက်ပင်ဖြစ်ချေသည်မဟုတ်ပါလား။ ဆရာဇော်ဂျီ၏ ကဗျာတစ်ပိုဒ်ကို ဖော်ပြပေးချင်ပါသည်။
"သြော် ... လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။"
ကျွန်ုပ်တို့ အိုရမည်၊ နာရမည်၊ သေရပေဦးမည်။ ဒါဆိုရင် မိတ်ဆွေ ... ဒီစွဲလန်းခြင်းတွေ များစွာထဲက လွတ်မြောက်နိုင်ပါ့မလား။ အနတ္တဖြစ်သည့် လူ့လောကမှာ သင်သေသွားလျှင် သင်ဘယ်သွားမည်နည်း။ သင်၏ ဝိညာဥ် အဘယ်ခရီးဆက်မည်နည်း။ သင်အသက် ကြီးကြီး၊ ငယ်ငယ် သေခြင်းတရားသည် မျက်နှာ မလိုက်ဘူးဆိုတာကို သင်သတိရပါစေ။
ဒါ့ကြောင့် သင့်ရဲ့ စည်းစိမ်တွေလည်း မကယ်တင်နိုင်ဘူး၊ သင့်ရဲ့ ဂုဏ်ဒြပ်တွေကလည်း မကယ်တင်နိုင်ဘူး၊ သင့်ရဲ့ ရုပ်ရည်ရူပကာလည်း မကယ်တင်နိုင်ပြန်ဘူး၊ သင့်ရဲ့ ရာထူးအရာခံ တွေကလည်း အချည်းနှီးဖြစ်သလို၊ သင့်ရဲ့ အာဏာပါဝါသည်လည်း မကယ်တင်နိုင်ပြန်ဘူးဆိုတာကို နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။ ထို့ကြောင့် ကျွန်ုပ်တို့ မြင်နေရသောအရာ၊ နေရောင်အောက်တွင်ရှိသောအရာ၊ စသဖြင့် ခပ်သိမ်းသောအရာရာတိုင်း အရာရာတိုင်းတို့သည် အနတ္တသက်သက် အနတ္တသက်သက်သာ ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet