မြက်ပင်ကဲ့သို့ ရိတ်ခြင်းခံရမည့်သူများ

ရုပ်ရှင်ကြည့်သည့်အခါတိုင်းတွင် လူဆိုးများကို မင်းသားမှ လူဆိုးမှန်းသိရသည့် တစ်ချိန်တည်းမှာပင် အနိုင်ယူခြင်းကို ကျွန်ုပ်တို့မျှော်လင့်တတ်ကြသည်။ သို့သော် ဇာတ်သိမ်းမှသာ ဇာတ်ရည်လည်လည်ဖြင့် ပြစ်မှုထင်ရှားစွာ သက်သေနှင့်တကွ ဖမ်းဆီးအနိုင်ယူလေ့ရှိသည်ကို သိကြမည်လည်းဖြစ်သည်။
ထို့အတူပင် မတရားသောသူများ၊ လူဆိုးများကို ရုပ်ရှင်ထဲကအတိုင်း မြန်မြန်ဖြစ်စေချင်သည်၊ ထို့ကြောင့်လည်း ဇာတ်မသိမ်းသေးသည့်အရာကိုသာ ငြူစူမိတတ်ကြသည်။ ၃၇ခုမြောက်သော ဆာလံ အပိုဒ်ငယ် ၁တွင် ဘာပြောထားသလဲ ဆိုရင်ဖြင့် "လူဆိုးတို့၏ အကြောင်းကြောင့် စိတ်မပူနှင့်၊ မတရားသဖြင့်ပြုသောသူတို့ကို မငြူစူနှင့်" ဟုပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ...
ဆာလံကျမ်း ၃၇:၂
အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍၊ စိမ်းသောပျိုးပင် ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။
အကြောင်းရှိသည်။ ထိုသူတို့သည် မကြာခင်မှာပင် မြက်ပင်ကဲ့သို့ အရိတ်ခံရမည်။ ညှိုးနွမ်းပျက်ဆီးကြရဦးမည်ဖြစ်သည်။ ထိုအရာကို ဆင်ခြင်ကြည့်သည့်အခါမှာတော့ မြက်ပင်အရိတ်ခံရသည်မှာ မြက်ပင်ဖြစ်ခြင်း၏ ထင်ရှားသောကြောင့်ပင်ဖြစ်သည်ကို မြင်ယောင်မိပါသည်။
ပျိုးပင်နှင့် မြက်ပင်အတူရောနှောကာ ပေါက်ရောက်နေသည့်အချိန်တွင် နှုတ်ယူလေ့မရှိကြပါ၊ ထင်ရှားသည့်အချိန်ရောက်လျှင်တော့ ပေါင်းသင်မြက်နှုတ်လုပ်ငန်းကို ဆောင်ရွက်လေ့ရှိကြသည်မဟုတ်ပါလား။ ထို့နောက်တွင်တော့ ပျိုးပင်တို့သည် ကောင်းမွန်စွာ ရှင်သန်ကြပြီး မြက်ပင်များမှာ မီးထဲသို့ပစ်ချခြင်း သို့မဟုတ် ဖျက်ဆီးရန် ဖယ်ထုတ်လိုက်ခြင်းကို စိုက်ပျိုးသည့်သူများသည် လုပ်ဆောင်လေ့ရှိကြသည်ဟု နားလည်ရပါသည်။
ထို့ကြောင့် လူဆိုးများ၊ မတရားသောသူများ၏ အကြောင်းကြောင့် စိတ်မပူနှင့် မငြူစူနှင့်ဆိုသည့်အတိုင်း ကာလအချိန်ကို စောင့်ဆိုင်းကြပါစို့။ မကြာမမြင့်မီဟု ဆိုသည့်အတိုင်း အချိန်တန်လျှင် ထိုသို့သောသူတို့သည် မြက်ပင်ကဲ့သို့ရိတ်ခြင်းကိုခံရခြင်း၊ အပင်နှင့်တကွ အခက်အလက် မျိုးစေ့ပါမကျန် ညှိုးနွမ်းပျက်ဆီးခြင်း၊ ဖယ်ထုတ်ခြင်းကိုခံကြရမည့်သူများသာဖြစ်ကြောင်း အနည်းငယ်ဆင်ခြင်ရင်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet