ထိုအနာသည် သေနာမဟုတ်

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြင်နေရတယ်၊ကြားနေရတယ်၊ ဘယ်မှာတော့ကူးသွားတယ်(Covid)၊ဘယ်မှာနေသွားတာ ဘယ်နှစ်ယောက်မြောက်ပါ၊သူကဘယ်ကိုဆက်သွားတယ်၊ဘယ်လောက်ကြာမှတွေ့တယ်
ဘယ်သူတွေများကူးနေပြီလဲ၊ကိုယ့်ဆီမှာရောရှိနေမလား။ စိတ်ပူပင်တတ်ကြပါတယ်။ ကိုယ်ချစ်တဲ့သူတွေအတွက်လည်းစိတ်ပူပေးတတ်ကြတယ်။
ကိုယ့်အတွက်မစိုးရိမ်ရင်တောင်မှကိုယ်ချစ်သောသူတွေကိုတော့ ဘေးကင်းစေချင်ကြတာပါပဲ။
ရှင်ယောဟန်ခရစ်ဝင် ၁၁:၄
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ယုံကြည်သူရဲ့အသက်တာမှာ ကြုံတွေ့ရသောအရာတစ်ခုစီတိုင်းက မတော်မဆဆိုတာမရှိဘူး၊တိုက်ဆိုင်တာမရှိဘူးဆိုတာကိုနားလည်ရပါတယ်။ ဒီအရာတွေအားဖြင့် ဘာဖြစ်စေဖို့လဲ၊ကိုယ့်ကို ဘာနားလည်စေချင်တာလဲ၊ဘုရားသခင်ဘာကိုမြင်စေချင်တာလဲ၊ဘာပြောချင်တာလဲဆိုတာကို သတိမလွတ်စေပဲ နားလည်ဖို့ရာရှိတယ်ဆိုတာကိုခွန်အားပေးချင်တယ်။ သတိမလွတ်စေဖို့ဆိုရင်တော့ စစ်မှန်သောနှုတ်ကပါတ်တော်သမ္မာတရားကိုနေ့ညမပျက်ဆင်ခြင်အောက်မေ့တတ်စေဖို့အရေးကြီးပါတယ်။
သင်နဲ့ကျွန်တော်မကြုံတွေ့ချင်သောအရာတွေလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ဒီအရာတွေထဲကနေ ခွန်အားယူတတ်ဖို့လိုအပ်တယ်။ ကြုံတွေ့ရသောအရာတစ်ခုစီတိုင်းမှာ ဝိညာဥ်ရေးရာ(Level)အဆင့်မြင့်လာဖို့နဲ့ဘုရားဘုန်းထင်ရှားဖို့ရာဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်။
ယေရှုက ထိုအနာသည်သေနာမဟုတ်လို့ဆိုတယ်။
ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်လို့ပြောပါတယ်။ ဟုတ်ပါတယ် ကျွန်တော်တို့ကြုံတွေ့နေရသော Covid-19 ၊စားဝတ်နေရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး၊အစရှိသဖြင့် အခက်အခဲများစွာဟာ ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ရန်အတွက်သာဖြစ်တယ်လို့ ဝေမျှအားပေးချင်တယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၁:၄၅
ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကိုမြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။
ဒီလိုပါပဲ ကျွန်တော်တို့အပေါ် ယေရှုခရစ်တော်ပြုပေးသောအရာတွေကိုသူတပါးမြင်တတ်စေဖို့ရာ မိမိကိုယ်ကိုဆင်ခြင်တတ်ဖို့လိုအပ်တယ်။ သို့မှသာ မိမိတို့အပေါ်ယေရှုခရစ်တော်ပြုပေးသောကျေးဇူးတော်ကိုမြင်၍ သူတပါးသည် ဘုရားကိုမြင်ဖို့ရာ၊ကယ်တင်ခြင်းရဖို့ရာဖြစ်လာမယ်။ ဒါတင်မကသေးပဲ
ရှင်ယောဟန်ခရစ်ဝင် ၁၁:၄၆
အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။
တချို့ကတော့ ကြားပြောတယ်လို့ဆိုတယ်။တနည်းအားဖြင့်တော့ တဆင့်သက်သေပြန်ခံကြတာကိုတွေ့ရတယ်။
ဒါကြောင့်မို့လို့ မိမိတို့ကြုံတွေ့နေရသော Covid သော်လည်းကောင်း အခြားအရာတစ်ခုခုသော်လည်းကောင်း ရှိကောင်းရှိနေပါလိမ့်မယ်။
ဒီကနေ့မှာ ကျွန်တော် အားပေးချင်ပါတယ်။
ထိုအနာသည် သေနာမဟုတ် ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့သာဖြစ်တယ်လို့ အနည်းငယ်ဝေမျှအားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။