ယေဟောဝါယိရေ

အခက်အခဲတွေကြုံရတိုင်းကြုံရတိုင်းမှာ တွေးပူမိတတ်ကြတာ လူ့သဘာဝပါ။ ဒီတောင်ကိုမောင်ကျော်နိုင်ပါ့မလား၊ ဒီအရာကိုဘယ်လိုဖြတ်သန်းရပါ့မလဲ အစရှိသဖြင့်လူတိုင်းလူတိုင်း တွေးပူတတ်ကြပါတယ်။ ကျွန်တော်တို့ ယုံကြည်သူခရစ်ယာန်တွေလည်း အနည်းနဲ့အများတော့ တွေးပူမိတတ်တာတွေ ရှိနေတတ်ကြပါတယ်။
အာဗြဟံကို ဘုရားသခင်က မင်းရဲ့သားဦးကိုငါ့ကိုပေးပါလို့ တောင်းတဲ့အခါမှာ သူမငြင်းဆိုခဲ့ပါဘူး။ သူ့ရဲ့အသက်ကြီးမှ ရသောသား၊ သွေးသားအရင်း၊ သားဦးလဲဖြစ်တယ်၊ အချိန်အတိုင်းအတာတစ်ခုထိလည်း သူနဲ့အတူတူနေလာခဲ့သောကလေးတစ်ယောက်ပါ။ ကျွန်တော်တို့ရဲ့ အမြင်မှာ ဒီအဖြစ်ဟာ ကလေးသဘာဝဆော့တာမျိုးတွေ တူတူဆော့ပေးခဲ့တာတွေ၊ တီတီတာတာပြောဆိုခြင်း၊ ချွဲနွဲ့ခြင်း၊ ထိုကဲ့သို့ ချစ်စရာကောင်းသော ကလေးငယ်တစ်ယောက်၏ဖခင်တစ်ယောက်ရဲ့ ရင်ထဲကခံစားချက်ကို သူကျော်လွှားနိုင်ပါ့မလားလို့ စိုးရိမ်စရာတစ်ခုရှိလာပြန်ပါတယ်။ သူ့ရဲ့သားဖြစ်သူ၏ မီးလဲပါတယ်၊ ထင်းလဲပါတယ်၊ သိုးသူငယ်ယဇ်ကောင်ကဘယ်မှာလဲလို့မေးသော မေးခွန်းကို အာဗြဟံမည်ကဲ့သို့ ခံစားချက်မျိုးဖြင့်ဖြေဆိုခဲ့ရပါသနည်း။ အင်မတန်နာကျင်ခံစားရစေမည်ဖြစ်သော်လည်း ဘုရားသခင်ပြင်ဆင်ပေးလိမ့်မယ်ဆိုသော ယုံကြည်ခြင်းသည် သူ၏ နာကျင်မှုကိုသက်သာစေမည်မှာတော့ အမှန်ပင်။
ကမ္ဘာဦးကျမ်း ၂၂:၈
အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဖို့ သိုးသူငယ်ကို ဘုရားသခင်သည် မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။
နောက်ဆုံးအချိန်ရောက်သည်အထိ အာဗြဟံ၏လုပ်ရပ်သည် သူ၏ဘုရားသခင်အပေါ်ကြောက်ရွံ့ခြင်း၊ သစ္စာရှိခြင်း၊ အသက်ကြီးမှဘုရားသခင်ပေးသောသားကို ဘုရားသခင်သာပြန်ပေးနိုင် ထပ်ပေးနိုင်တယ်ဆိုသော ယုံကြည်ခြင်းကိုမြင်တွေ့ရပါတယ်။ နောက်ဆုံးအချိန်မှာဘုရားသခင်၏ပြင်ဆင်ပေးထားသော ယဇ်ကောင်ကိုမြင်ရတယ်၊ ဒီယဇ်ကိုပူဇော်ပြီးတော့ အဲဒီနေရာအရပ်ကို ယေဟောဝါယိရေလို့ခေါ်ဆိုသမုတ်တယ်ဆိုတာကိုနားလည်ရပါတယ်။ တနည်းအားဖြင့် ထာဝရဘုရားပြင်ဆင်တော်မူမည်လို့အဓိပ္ပါယ်ရပါတယ်။
ကမ္ဘာဦးကျမ်း ၂၂:၁၄
ထိုအရပ်ကို ယေဟောဝါယိရေဟု အာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ရှိသတည်း။
ကျွန်တော်တို့အယောက်စီတိုင်းမှာလည်း ထို့အတူ ပူပန်စရာ၊ အခက်အခဲတွေ၊ ပင်ပန်းဆင်းရဲခြင်းတွေ၊ နာကျဥ်စရာတွေ၊ အစရှိသဖြင့်အမျိုးမျိုးသော ဒုက္ခအခက်အခဲပြဿနာတွေရှိနေပါသော်ငြားလည်းဘဲ နောက်ဆုံးအချိန်ထိကိုဆက်သွားပါ၊ လက်မလျှော့၊ အားလျော့စိတ်မပျက်ဘဲ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းကို သာ၍တိုး၍တည်စေပါ။ ယေဟောဝါယိရေ ဟုသမုတ်သည့်အရပ်လို့ဆိုသည့်အတိုင်း ယခုပင်သင်ရှိရာအရပ်သည် ထာဝရဘုရားပြင်ဆင်တော်မူသောအရပ် ဖြစ်ပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi