ဘယ်လိုအသီးမျိုးလဲ

လူတစ်ယောက်၏ ပုံစံအနေအထား၊ အပြုအမူ၊ ပြောဟန်ဆိုဟန်၊ လုပ်ဆောင်ချက်များကိုကြည့်၍ ထိုသူ၏ သဘောထားကိုသိနိုင်သည်။ ထိုသူသည် မည်သို့သောသူဖြစ်သလဲ၊ ထိုသူသည် ညာတတ်သလား၊ ထိုသူသည် ယုတ်မာသလား၊ ထိုသူသည် ကလိန်ကကျစ်လား စသဖြင့် သိနိုင်သည်။ အချို့လူကြီးများ၏ အဆိုအရတော့ ကြံအင်လက္ခဏာဟုလည်း ခေါ်ဆိုကြသည်။
"စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ" ဆိုသကဲ့သို့ လူတစ်ယောက်၏ စကားပြောဆိုခြင်းကို ကြည့်၍လည်း ထိုသူ၏ စိတ်သဘောထားအမှန်နှင့် ထိုသူ၏ အခြေအနေကို အကဲခတ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
အသီးကောင်းလျှင် အပင်ကောင်းသည်ဟုဆိုနိုင်သကဲ့သို့ ကျွန်တော်တို့၏ အသီးကောင်းပါရဲ့လား။ မိတ်ဆွေ၏ အသက်ရှင်ခြင်းသည် အများအတွက် ဘေးဖြစ်စေသလား၊ အကျိုးဖြစ်စေသလား။ "ကျီးအာသီး" ကဲ့သို့ အပြင်ပန်းသာလှ၍ စားသုံးမရဖြစ်နေသလား။ သို့မဟုတ် "ထုံးသုတ်ထားသော အုတ်ဂူ" ကဲ့သို့ အပြင်ပိုင်းလှပနေသော်လည်း အတွင်းမှာတော့ ပုပ်ပွနေသလား ယနေ့မှာ ဆင်ခြင်ကြဖို့လိုပါသည်။
ရှင်မဿဲခရစ်ဝင် ၁၂:၃၃
အသီးအားဖြင့် အပင်၏သဘောထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြ လော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။
ထို့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူများ၏ အသက်ရှင်ခြင်းလက္ခဏာသည် အင်မတန်အရေးကြီးပေသည်။ အသက်ရှင်ခြင်းလက္ခဏာအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေမလား၊ ဘုန်းတော်ရှုံ့ချခြင်းကို ဖြစ်စေမလား ယနေ့ သတိထားကြဖို့ဖြစ်ပါသည်။
မကောင်းသောအပင်သည် မကောင်းသောအသီးကိုသာ သီးနိုင်သည်။ ကောင်းသောအပင်ဖြစ်မှသာ ကောင်းသောအသီးကို သီးမည်ဖြစ်သည်။ ကျွန်တော်တို့သည် သခင်ယေရှုခရစ်တော်ကို တကယ်ရသောသူဖြစ်သလား၊ ရတယ်ဆိုရင် တကယ်ကောင်းသော အသီးကိုသီးရပေမည်မဟုတ်ပါလား။ ထို့ကြောင့် အသီးကောင်းလျှင် အပင်ကောင်းသည်၊ ကောင်းသောအပင်သည် ကောင်းသောအသီးကိုသာ သီးသည်ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များ၏ အသီးကား အဘယ်သို့သော အသီးများဖြစ်ကြသနည်း။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet