Allergy

အသားအရောင် ဖြူသည် မဲသည် ဝါသည်။
ဗမာ၊ ကချင်၊ ကရင်၊ ကယား ဖြစ်သည်။
ဘယ်နိုင်ငံသားဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ်၊ အသားရောင်တွေ လူမျိုးရေးတွေသည် လူ့သတ်မှတ်ချက် ယူဆချက်ဖြစ်ပါတယ်။ သမ္မာကျမ်းစာ ရှုထောင့်မဟုတ်ပေ။
လူသားတိုင်းသည် ဘုရားသခင်ဖန်ဆင်းထားသော အာဒံမှ ဆင်းသက်လာသော လူမျိုးလည်းဖြစ်သည်။ ဒါ့ကြောင့် လူဖြစ်သော ကျွန်ုပ်တို့သည် အာဒံမှ ဆင်းသက်လာကြသော လူမျိုးတစ်မျိုးတည်းဖြစ်ပေသည်။ ကျွန်ုပ်တို့တွင် မယ်လနင် (Melanin) မည်မျှပါ၍ အသားအရောင် မည်သို့ပင် မတူညီ ကွဲပြား ခြားနားနေကြပါစေ အရေးမကြီးချေ။ မည်သည့် စကားကိုပြောနေပါစေ၊ မြန်မာ၊ ကချင်၊ လီဆူ၊ ချင်း၊ အင်္ဂလိပ်၊ ဂျပန်၊ စသဖြင့် ကြိုက်တဲ့စကားပြောပြော သမ္မာကျမ်းစာ ရှုထောင့်ကတော့ အားလုံးသည် အတူတူပင်ဖြစ်သည်။
တနည်းဆိုရင်တော့ အမဲလေးရော၊ အဖြူလေးရော၊ ဖထီးရော၊ ပါကညောရော၊ လူတိုင်းကို ဘုရားသခင်ချစ်ပါသည်။ ဘုရားသခင်ကို ချစ်ပါတယ်ပြောနေသော်လည်း အသားအရောင်၊ လူမျိုးရေး ခွဲခြားဆက်ဆံနေသေးလျှင် ဘယ်လိုလုပ်ပြီး ပျောက်ဆုံးဝိညာဥ်တွေကို ခရစ်တော်နဲ့ မိတ်ဆက်ပေးနိုင်ပါ့မလဲ။ မြင်ရသော သူတွေကို မချစ်နိုင်မှတော့ မမြင်ရတဲ့ ဘုရားကို ချစ်ပါတယ်ဆိုတာကို ဘယ်လိုဖြစ်နိုင်မလဲ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တယ် အော်နေပြီးတော့ လူလူချင်း မချစ်မှတော့ ခွဲခြားဆက်ဆံနေမှတော့ ဘုရားသားဆိုတာ ဘယ်လိုနားလည်ကြမလဲ။
ဂလာတိဩဝါဒစာ ၃:၂၈
ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။
သခင်ယေရှုကိုလက်ခံယုံကြည်သော ကျွန်တော်တို့သည် ဂျူးလူမျိုးမဟုတ်ပါ။ တပါးအမျိုးသားဖြစ်ပါတယ်။ ပေတရု၊ ရှင်ပေါလု၊ ဆရာယုဒသန်၊ ဦးနော၊ စသဖြင့် အဆင့်ဆင့်တို့သည် တပါးအမျိုးသားတွေလို့သာ ခွဲခြားဆက်ဆံမယ်ဆိုရင် သင်နဲ့ကျွန်ုပ်အတွက် ရင်လေးစရာပါ။
ခရစ်တော်၌ လူမျိုးမရှိပါ။ ယုဒ၊ ဟေလသ၊ ကချင် ကရင် ဗမာ၊ ဂျပန်၊ တရုတ်၊ စသဖြင့် မရှိဘူးဖြစ်တယ်။ ယောကျာ်း မိန်းမ ခွဲခြားခြင်း၊ ကျွန်အဆင့်ခွဲခြားခြင်း လုံးဝမရှိပါ။ အားလုံးသည် ယေရှုခရစ်တော်၌ တလုံးတဝတည်းဖြစ်ပေသည်။ ထိုသို့ သခင်ယေရှု၌ တလုံးတဝတည်းဖြစ်သော ကျွန်ုပ်တို့က အခြားသူတွေကို ခွဲခြားရမည်လော။
ဒီလိုနဲ့ "မေတ္တာစက်ဝိုင်း" ဆိုတဲ့ သီချင်းလေးကို သတိရမိပါတယ်။ ကျွန်တော်တို့တွေအားလုံး အတူတူပဲဖြစ်ပါတယ်။ "ရယ်တတ်တယ်၊ ပြုံးတတ်တယ်၊ ကြင်နာတတ်တယ်" တချို့ကလည်း လူသားချင်းတူသော်လည်း ခံစားမှုတွေထပ်တူမရနိုင်ခဲ့ကြပြန်ဘူး။ "စဥ်းစားကြည့်စမ်း၊ ရေမြေခြားနေလို့လား၊ အမျိုးအနွယ် အဖွဲ့အစည်း၊ အသိုင်းအဝိုင်းကြောင့်လား၊ အတွေးအခေါ်မတူလို့ မဆက်စပ်မိတာလား" ဒါ့ကြောင့် "ကွဲပြားတဲ့ အသိတွေ စုစည်းကာ မေတ္တာရဲ့စက်ဝိုင်းမှာ ပေါင်းစည်းကြမယ်၊ မျှတတဲ့ အတွေးတွေ ဖော်ထုတ်ကာ မေတ္တာရဲ့စက်ဝိုင်းမှာ" လို့ဆိုတဲ့အတိုင်း ပေါင်းစည်းနိုင်ဖို့ ...
ဒီနေ့မှာ မိတ်ဆွေနဲ့ကျွန်တော် ပြန်လည်ဆင်ခြင်ဖို့ဖြစ်ပါတယ်။
၁) ကိုယ့်အမျိုးမှကိုယ် ချစ်သလား
၂) လူမျိုးရေးအရမ်း အသားပေးနေမိသလား
၃) အသားအရောင် ခွဲခြားနေမိလား
၄) ကျား၊မ ခွဲခြားဆက်ဆံနေမိသလား
၅) ပုဂ္ဂိုလ်ရေး အသားပေးနေမိသလား
၆) ခွဲခြားဆက်ဆံခံရသူတွေကို စာနာမိသလား
၇) လူကိုလူလိုမြင်ဖို့ရန် ဘာကတားဆီးနေသလဲ
လူသားတိုင်းသည် ကယ်တင်ခြင်း သတင်းစကားကြားရဖို့ရန် သခင်အလိုတော်ရှိတယ်။ ထိုမဟာစေစားချက်ကို လုပ်ဆောင်နိုင်ရန် သင်နဲ့ကျွန်ုပ်အတွက် အဘယ်အရာကများ ပိတ်ဆို့နေသလဲဆိုတာ အရေးကြီးပါတယ်။ လူတိုင်းမှာ တစ်ခုခုကို ဓါတ်မတည့်သလို ကြည့်မရတာ (Allergy) ရှိတတ်ကြပါတယ်။ အချို့က အသားမဲတာ၊ စကားထစ်တာ၊ စကားမပီတာ၊ တိုင်းရင်းသား၊ ကျား၊ မ၊ LGBT၊ လူဖြူ၊ လူမဲ၊ ဘာသာမတူသူ၊ နိုင်ငံခြားသား၊ စသဖြင့် အမျိုးမျိုးသော ပိတ်ဆို့ကာဆီးနေတဲ့ (Allergy) တစ်ခုခုရှိနေတတ်ပါတယ်။ ထိုအရာတွေကို ဖယ်ရှားဖို့ရာ သခင်ယေရှု၏ မေတ္တာကိုလိုအပ်ပါတယ်။
စဥ်းစားကြည့်ရရင် တပါးအမျိုးသားတွေဖြစ်တဲ့ ကျွန်တော်တို့က မထိုက်တန်ပဲ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကိုရသလို၊ ချစ်ခြင်းမေတ္တာကို ရတယ်မဟုတ်ပါလား။ ဒီသခင့်မေတ္တာကို ဘာ့ကြောင့်များ ပြန်လည် ဝေမျှ မပေးနိုင်ရမှာလဲ၊ ဧဝံဂေလိတရားကို ဒီပိတ်ဆို့နေခြင်းက တားဆီးနိုင်မှာတဲ့လား မိတ်ဆွေ။ ဒီပိတ်ဆို့ခြင်းကြီးထွားလာတဲ့အခါမှာ မဟာစေစားချက်ကို သတိရပါ၊ တန်ရဲ့လားလို့ စဥ်းစားပါ။ သခင့်မေတ္တာနဲ့ မဟာစေစားချက်လား၊ ဆက်လက် ပိတ်ဆို့စေမလား သင်ရွေးချယ်ပါ။ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ရာ ဘုရားသခင်ကောင်းကြီးရှိပါစေ။ သခင့်ရဲ့ မေတ္တာနဲ့ ဒီ Allergy ကို ဖယ်ရှားကြရအောင်လို့ အနည်းငယ် ဝေမျှတိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet