ဘာမျှမရှိသော်လည်း မျက်မှောက်တော်ရှိတယ်

ကျွန်တော်တို့ ခရစ်ယာန်တွေက ဘာမရှိလို့၊ ညာမရှိလို့ဆိုတာမျိုးတွေ အရမ်းပြောတတ်ကြတယ်။ Praise and Worship အတွက် ပစ္စည်းမစုံလို့၊ စင်မြင့်မြင့်မရှိလို့၊ မီးရောင်စုံမဖမ်းစားလို့၊ ကီးဘုတ်မရှိလို့၊ ဂီတာကမရှိလို့ စသဖြင့်အမျိုးမျိုးသော မရှိခြင်းကိုသာ ပြောတတ်ကြတယ်။ ဒါတွေမရှိခင် ခေတ်ကာလ အချိန်တွေတုန်းကရော ဘယ်လို ချီးမွမ်းကိုးကွယ်ခြင်းတွေလုပ်ခဲ့သလဲ။ ဒါလဲ စဥ်းစားစရာတစ်ခုဖြစ်နေပြန်တယ်၊ ဘာဖြစ်လို့လဲဆိုရင် ခုန်ပေါက်ပြီး Worship သီချင်းတွေနဲ့ မီးရောင်စုံအောက်မှာမှ မျက်မှောက်တော်ရှိသယောင် ဆိုတတ်ကြသောကြောင့်၊ ဒါတွေမရှိခင် ဓမ္မသီချင်းတွေနဲ့ချီးမွမ်းနေကြချိန်မှာရော မျက်မှောက်တော် မသက်ရောက်တော့ဘူးလား ဆိုတာ ဆင်ခြင်ကြည့်ဖို့လိုတယ်လို့ နားလည်ရပါတယ်။
ဆာလံကျမ်း ၁၃၉:၇
ဝိညာဉ်တော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
တခါတလေမှာ စိတ်ခံစားချက် (Emotion) ကိုသာခံစားရပြီး မျက်မှောက်တော်ဟု ထင်ယောင်ထင်မှားဖြစ်တတ်ကြပါတယ်။ မီးရောင်စုံတွေဖမ်းစားပြီး၊ သံစဥ်ကဆူညံ၍ ရင်ဘတ်ကိုထိခြင်း၊ ခုန်ပေါက်နေ၍ စိတ်ခံစားချက်ကို ဖမ်းစားခြင်းလား၊ တကယ်ကိုယ်နဲ့ဘုရားသခင်အကြား ခံစားမှုလားဆိုတာကိုတော့ ခွဲခြားတတ်ဖို့လိုပါလိမ့်မယ်။ ဒီလိုနေရာတွေဟာ မျက်မှောက်တော်မရှိဘူး၊ စိတ်ခံစားချက်ကြောင့်ပါလို့ ဆိုလိုခြင်းမဟုတ်ပေ။ ဒါကိုတော့ ခွဲခြားသိမြင်စေချင်ပါတယ်။ ဘုရားသခင်၏ မျက်မှောက်တော်ဟာ အသင်းတော်ကြီးခြင်း ငယ်ခြင်း၊ ထိုသို့ စင်မြင့်ထက်မှ သံစုံတီးဝိုင်းတွေ မီးရောင်စုံရှိခြင်း မရှိခြင်းတွေနဲ့ လုံးဝမသက်ဆိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဆာလံဆရာကတော့ ကောင်းကင်ကိုတက်ရင်လည်း ကိုယ်တော်ရှိတယ်၊ မရဏနိုင်ငံမှာ အိပ်ယာခင်းရင်တောင် ကိုယ်တော်ရှိတယ်လို့ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကိုရှောင်ရှားလို့ မရကြောင်းကိုဆိုပါတယ်။
ဒါ့ကြောင့် ဘာပစ္စည်းကိရိယာမှ မရှိရင်လည်း လက်ခုပ်တီး၍ ချီးမွမ်းခြင်းအားဖြင့်လည်း မျက်မှောက်တော်ကို ခံစားရနိုင်တယ်ဆိုတာကို ဆင်ခြင်ဖို့လို့ပါတယ်။ ကျွန်တော်တို့က ချီးမွမ်းကိုးကွယ်ခြင်းကို သီချင်းဆိုခြင်း၊ တင်ဆက်ပြသခြင်းအလားသာ သဘောထားနေမိသလား၊ စိတ်နှလုံးထဲကနေ ချီးမွမ်းကိုးကွယ်ခြင်းလား ဆိုတာဟာ ဒီကာလတွေမှာ သာ၍ဆင်ခြင် ပြင်ဆင်ဖို့ဖြစ်လာတာဟာ ကျေးဇူးတော်လို့ ဆိုရမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့မှာ ဘာပစ္စည်းမှ မရှိပါသော်လည်းပဲ မျက်မှောက်တော်ရှိပါတယ်ဆိုတာကို အနည်းငယ်ဝေမျှရင်း ယခုလိုကာလတွင် အိမ်မှာပင် လက်ခုပ်တီး၍ ကျေးဇူးတော်ကိုချီးမွမ်းလျှက် ချီးမွမ်းကိုးကွယ်ကြရအောင်လို့ ခွန်အားပေးတိုက်တွန်းချင်ပါတယ်။
ဆာလံကျမ်း ၁၃၉:၈
ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet