ဆရာကြီးလော၊ အသင်းတော်လော၊ ယေရှုလော

ညနေပိုင်းအဆာပြေကို ဈေးကဝယ်သော ကြာဇံချက်ကလေးစားရင်းသာ ဗိုက်ဖြည့်လိုက်ပါတယ်။ ကြာဇံချက်ကတော့ အရည်ကျဲကျဲ၊ ပါဝင်ပစ္စည်းမစုံမလင်နှင့် ဖြူဖန့်ဖန့် ဟင်းရည်တစ်ခွက်လိုဖြစ်နေပါတော့တယ်။ ပြောရရင်တော့ ကြာဇံချက်အင်္ဂါရပ်နှင့်မညီပေ၊ ကြာဇံချက်ရုပ်မပေါက်တဲ့ ကြာဇံချက်ပေါ့လေ။
ကျွန်တော်တို့ခရစ်ယာန်တွေသည်လည်း တချို့မှာ ဘာရုပ်မှမပေါက်သော ခရစ်ယာန်တွေဖြစ်နေတတ်သည်။ ထစ်ခနဲရှိဆဲမည်၊ ဒေါသထွက်မည်၊ သောက်မည်စားမည်၊ စသဖြင့် အိပ် စား ကာမ ဤသုံးဝနှင့် ပျော်မွေ့နေသော ဘာရုပ်မှမပေါက်သူများထဲမှာ မိမိပါဝင်နေမိလျှင် တစ်ချက်လောက် စဥ်းစားဆင်ခြင်ဖို့သင့်ပေမည်။
ခရစ်ယာန်တို့၏အခြေခံယုံကြည်ချက်၊ ခရစ်ယာန်တို့၏ကျင့်ဝတ်၊ ဩဝါဒကဘာကိုလက်ခံသလဲ ရောသမမွှေလား ဒါတွေမသိသောသူတွေနားမလည်သောသူတွေများစွာရှိနေသေးသည်ကို ဝမ်းနည်းစွာတွေ့ရသည်။ ရောသမမွှေသည် သားစိုး၏သီချင်းသာကောင်းချင်ကောင်းမည်ဖြစ်သော်လည်း ခရစ်ယာန်ဩဝါဒပေါင်းစုံ၊ ယုံကြည်ချက်အရောအနှောပေါင်းစုံ၊ စသဖြင့်တော့ မကောင်းပေ။ တချို့ဆိုလျှင် မိမိ၏ဆရာသမားလွဲလို့လွဲမှန်း မသိသလား၊ သိသလားတော့မသိပေ၊ သူကတော့ သမ္မာတရားမှာမရပ်တည်ဘဲ အလွဲကိုသာကာကွယ်ပြောဆိုခြင်းမျိုးလဲတွေ့ရသည်။ ဘုရားသခင်ထက် ဆရာကို၊ အသင်းတော်ကို၊ ဩဝါဒအလွဲကိုသာ ဗဟိုပြုကာအသက်ရှင်နေကြသောသူများကိုဝမ်းနည်းစွာတွေ့နေရပါသေး၏။ တချို့ဆိုလျှင် ယေရှုခရစ်တော်ကိုပယ်၍ မိမိအသင်းတော်သည် ကျေးဇူးတရားဖြစ်သည်ဟု ခိုင်းနှုင်းခြင်းများကိုတွေ့ရတယ်။ တချို့ကလဲ အခြားအသင်းတော်က ကယ်တင်ခြင်းနှင့်မဆိုင် မိမိ၏အသင်းတော်သာ ကယ်တင်ခြင်းပေးနိုင်တယ်၊ ကယ်တင်ခြင်းသည် လျှို့ဝှက်နက်နဲသောကြောင့် မိမိတို့ဆီသာပါဝင်မှ ကယ်တင်ခြင်းရမည်ဟု အလွဲယူကာအယူလွဲကြပြန်သေးသည်။ ကြာဇံချက်ဘာရုပ်မှမပေါက်တာ အရေးမကြီးသော်လည်း သမ္မာတရားကိုမသိသောခရစ်ယာန်တွေ ဘာရုပ်မှမပေါက်ဘဲ လွဲနေခြင်းကတော့ ပြဿနာရှိသည်။
မိတ်ဆွေ သင့်ကိုကျေးဇူးပြုသောသူက ယေရှုခရစ်တော်လော သင့်ဆရာကြီးလော။ ကယ်တင်ခြင်း ကျေးဇူးတရားတွေကရော ယေရှုကြောင့်လား သင့် အသင်းတော်သင့် ဆရာကြီးကြောင့်လား၊ ဘာရုပ်မှမပေါက်သော ကြာဇံချက်ဟာ စားလို့ရသေးပေမယ့် ဒီအရာကတော့ လွဲမှားသောခံယူယုံကြည်ချက်ဖြစ်သောကြောင့် ဆရာကြီးနှင့်အသင်းတော်တွေအပေါ်ကိုသာ ကိုးကွယ်နေမိသလို အလွဲယူကာ အယူလွဲမသွားကြစေဖို့ရာစဥ်းစားဆင်ခြင်ပါလို့ပြောချင်ပါတယ်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁:၁၂-၁၃
သင်တို့က၊ ငါသည်ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည်ကေဖ တပည့်ဖြစ်၏။ ငါသည်ခရစ်တော်တပည့် ဖြစ်၏ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ၏။
ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet