November 26, 2026

ကယ်တင်​တော်မူပါ

ဒါဝိဒ်အား ​ရှင်ဘုရင်ရှောလုလိုက်သတ်​နေတဲ့အချိန်ကာလတစ်ခု ရှိခဲ့ဖူးသည်။ ထိုအချိန်သည် ဒါဝိဒ်အား ​ရှောလုအင်မတန် မနာလို​ဖြစ်​နေချိန်၊ အမှုန့်ကြိတ်ပစ်ချင်​လောက်​အောင် စိတ်နှလုံးယိုယွင်း​နေချိန်လည်းဖြစ်သည်။ ဒါဝိဒ်၏ အပြစ်မရှိပါပဲ ​ရှောလု၏ မနာလိုခြင်း​ကြောင့်သာ အသက်ကိုရန်ရှာခဲ့ခြင်းဖြစ်သည်။ 


ပြစ်မှားခြင်းမရှိ၊ ကျူးလွန်​ထားသောအမှု တစုံတရာမရှိ၊ ​သစ္စာဖောက်ခြင်းမရှိသလို ဥပ​ဒေကိုလည်း မချိုး​ဖောက်ထား​​ပေ။ သို့​သော် မတရားသဖြင့် အသက်ကိုရန်ရှာခြင်းခံခဲ့ရရှာသည်။ တနည်းအားဖြင့် ​ရှောလုသည် သူ့အား ဘုရားသခင်ပယ်ခြင်း ကိုလက်မခံနိုင်ခြင်း​ကြောင့်ဖြစ်​စေ၊ ဘုရင်​နေရာဖယ်​ပေးရမည်​ကို ​ကြောက်​သော​ကြောင့်သော်လည်း​ကောင်း သူ၏ဂုဏ်သတင်းထက်​ ဒါဝိဒ်၏​ကျော်ကြားခြင်းကိုလည်း မနှစ်ခြင်း​ကြောင့်​သော်လည်း​ကောင်းဖြစ်သည်။ "​ရှောလု​အထောင်ထောင်၊ ဒါဝိဒ်​အသောင်း​သောင်း" သည်ပင်လျှင် သက်​သေဖြစ်သည်မဟုတ်ပါလား။ 
​သေချာမြင်​အောင်ကြည့်လျှင် ဒါဝိဒ်သည် ဣ​သ​ရေလပြည်သားတစ်​ယောက်၊ ​ရှောလုဘုရင်၏ ငယ်သားတစ်ဦး၊ စောင်းတီး​သော ဂီတသမား​လေး၊ သိုး​ကျောင်း​သော ပြည်သူ၊ အစ်ကို​တွေရှိ​သော ညီငယ်တစ်​ယောက်၊ ဖခင်နှင့်မိခင်တို့၏ ချစ်သား၊ ဇနီးသည်၏ အားကိုးရာ လင်​ယောကျ်ားတစ်ဦးသာဖြစ်​ချေသည်။ တရားဥပ​ဒေတို့ကို အစဥ်​လေးစားလိုက်နာခဲ့သည့် ပြည်သူတစ်​ယောက်ဖြစ်​သည့် ဒါဝိဒ်ခဗျာမှာ​တော့ ​ရှောလုမင်း၏ မနာလိုခြင်း​နှင့် စိတ်နှလုံးယိုယွင်းမှုကြောင့် မတရားသတ်ဖြတ်ခြင်းကို ရင်ဆိုင်ခဲ့ရပေ​သည်။ 


​ရှောလုသည် အင်္ဂေ​ဒိ​တော၌ ဒါဝိဒ်ရှိသည်ဟူ​သောသတင်းကို ကြားသည်နှင့် လူအင်အားသုံး​ထောင်နှင့်သွား၍ လိုက်ရှာ​ခဲ့သည်။ ထိုသူတို့သည်လည်း ​တော​တောင်၊ ​ကျောက်​တောင် စသဖြင့်တို့တွင်လည်း လိုက်လံရှာ​ဖွေကြသည်။ ​ရှောလုက​တော့ လမ်းတွင်သိုးခြံရှိသည့်အနားသို့​​ရောက်​သောအခါတွင် ဥမင်ကို​တွေ့၍ ဝင်အိပ်​ခဲ့သည်။ ထို​နေရာတစ်ဖက်တစ်ချက်တွင် ဒါဝိဒ်နှင့်သူ၏လူများ ရှိ​နေသည်ကို​​တော့ ​ရှောလု မသိထားခဲ့ပါ။ 


သို့​သော် ဒါဝိဒ်သည် ​ရှောလု၏အသက်ကို သတ်ရန်အခွင့်အ​ရေး ရခဲ့ပါ​သော်လည်း ​ဖြေလွှတ်​ပေးခဲ့သည်။ ​ရှောလု၏ ဝတ်ရုံ​လေးကို  ဖြတ်ခဲ့မိခြင်းကိုပင် ​ဒါဝိဒ်နောင်တရခဲ့သည်ကို ကျွန်​တော်တို့မြင်​တွေ့ရ​မှာ ဖြစ်ပါသည်။ ​ဒီ​နေရာတွင် ဘေးလူများ၏ တိုက်တွန်းခြင်း၊ မိမိ မတရားခံရခြင်းဆိုသည့် စိတ်ခံစားချက်​များကြောင့် လက်တုံ့ပြန်ခြင်းထက် ဘုရားသခင်၏လက်​တော်၊ ဘုရားသခင်၏ စီရင်​ပေးခြင်းကိုသာ ပို၍မြင်ချင်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။ 


သုတ္တံကျမ်း ၂၀:၂၂
ငါသည် ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်။ 


ကျွန်​တော်တို့​နေထိုင်ရှင်သန်ကြသည့် ​လောကကြီးထဲတွင် ဖိနှိပ်ခြင်း၊ မတရားခြင်း၊ သစ္စာမဲ့ခြင်း၊ အဓမ္မတရားကြီးစိုးခြင်း၊ အနိုင်ကျင့်ခြင်း၊ လူ့အခွင့်အ​ရေးချိုး​ဖောက်ခြင်း၊  မှားယွင်းစွာပြုခြင်း၊ ကြီးနိုင်ငယ်ညှဥ်းပြုခြင်း၊ လူစိတ်​ပျောက်ကာ ပျက်ဆီးယိုယွင်းခြင်းများစွာရှိတတ်ကြသည်။ ထိုအရာများကို မြင်ရကြားရ ကြုံရသည်တွင် အင်မတန် စိတ်နှလုံ​ကြေကွဲခြင်းနှင့် ငို​ကြွေးမြည်တမ်းခြင်းကို ဘုရားသခင်အား ​အော်ဟစ်ကာ ငို​ကြွေးမိကြသည်။ 


ကျွန်​တော်တို့သည်လည်း လူသားများပင်ဖြစ်​ပေသည်မို့ စိတ်ခံစားချက်များဖြစ်​ပေါ်တတ်ကြသလို လက်တုံ့ပြန်ချင်ကြသည်။ ပြန်လည် ခံစား​စေချင်သလို နာကျင်​စေချင်မိသည်။ သို့​သော် ဒါဝိဒ်အား ဆင်ခြင်မိပြီးသည့်​နောက်တွင် ဘုရားသခင်အကုန်သိပါတယ်၊ ဘုရားသခင်မှတ်ထားပါတယ်၊ အကျိုးအပြစ်သည် သူဆပ်​ပေးပါလိမ့်မယ်ဆိုတာကို ခံစားလာမိ​ပေသည်။ ထို့​ကြောင့် ​ဒါဝိဒ်က ရှောလုအား ငါသည် ရန်တုံ့ပြုမည်ဟု မဆိုသလို ကျွန်​တော်တို့ယုံကြည်သူများသည်လည်း ငါသည် ရန်တုံ့ပြုမည်ဟု မဆိုပဲ ထာဝရဘုရားကို ငံ့လင့်ကြပါစို့။ 


ဘုရားသခင်သည် ထိုသူတို့၏ အကျိုးအပြစ်တို့ကို ဆပ်​ပေးမည်၊ ကျွန်ုပ်တို့၏ မျက်ရည်များကိုလည်း သုတ်​ပေးမည်ဖြစ်သလို၊ "ထာဝရဘုရားကို ငံ့လင့်လော့၊ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်" ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့သည် ထိုကယ်တင်ရာ​နေ့ကို ​စောင့်​မျှော်ကာ ငို​ကြွေးလျှက်​နေကြပါသည် အရှင်ဘုရား ... 


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


#Titus_KyawNyi 


Photo Crd: Internet

Previous Next