The Blood Of Jesus Christ

"သင့်သွေးဖြင့် အသက်ကယ်ပါ" ဆိုတဲ့ စာသားလေးကို ကြားဖူးကြမယ် ထင်ပါတယ်။ တချို့ကတော့ မြင်လဲ မြင်ဖူးကြလိမ့်မယ်။ အသွေးသည် အသက်ကို ကယ်တင်နိုင်လောက်အောင် စွမ်းတဲ့ အရာတစ်ခုဆိုရင်လဲ မမှားပါဘူး။
ကျွန်တော်သည် အမိဝမ်းအတွင်းမှ ထွက်ထွက်ခြင်း၊ မွေးပြီးပြီးခြင်းတွင် အသည်းအသန်ဖြစ်ခဲ့သည်။ တနည်းဆိုရရင်ဖြင့် အသားရောင်အသားဝါကဲ့သို့ပင် သွေးအဆိပ်ဖြစ်ခြင်းဟုသိရသည်။ အမိဘနှစ်ပါးလုံး၏ အသွေးသည် (B+) သို့မဟုတ် (B-) ဖြစ်သောကြောင့် ကျွန်ုပ်လည်း (B+ or B- တခုခု) ဖြစ်၍ သွေးမတည့်ဟု သိရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အသွေးမှာ အဆိပ်ဖြစ်တယ်၊ ထို့ကြောင့် ကျွန်တော့်ရဲ့ သွေးကို ထုတ်ပယ်၍ အခြားသူ၏ သွေးကို သွင်းမှသာ အသက်ရှင်နိုင်ခြေရှိတယ်။ ထိုကဲ့သို့ ကျွန်ုပ်နှင့် ကိုက်ညီသော အခြားလူတစ်ယောက်၏ အသွေးအားဖြင့် ကျွန်တော့်ကို ကယ်တင်ပေးခဲ့ရသည်ဟု အတိုချုပ်ဆိုကြပါစို့။ သို့သော် မသေခြာ၊ ပြန်ကောင်းရင်ကောင်းမယ် အကယ်၍ သိပ်ပြီးပြန်မကောင်းခဲ့ရင်တော့ (ကျပ်မပြည့်ခြင်းဖြစ်နိုင်တယ်) ခေါင်းကောင်းမည်မဟုတ်ဟု သိခဲ့ရပေသည်။ သို့သော်လည်း ကျေးဇူးတော်ကြောင့် ၃ရက်နဲ့ အသက်ရှင်ခွင့်ရပြီး ဆေးရုံဆင်းခွင့်ရခဲ့တယ်၊ ခေါင်းလဲကောင်းခဲ့သည်။ လက်ရှိမှာလဲ ကျေးဇူးတော်ကြောင့် တစ်ထောင့်တစ်နေရာတွင် ပါဝင်ဆပ်ကပ်ခွင့်ကို ရနေသည်မဟုတ်ပါလား။
လက်ရှိတွင်လည်း Covid-19 ခံစားနေရသူများစွာရှိပါတယ်။ ထိုသူတွေကိုလည်း သွေးရည်ကြည်ကုထုံးအသုံးပြု၍ တတ်စွမ်းသလောက် ပြန်လည်ကုသ ကယ်ဆယ်နေကြသည်။ ထိုအတွက်လည်း အသွေးလိုအပ်လျှက်ရှိတယ်ဆိုသော်လည်း ကြုံရာကျပန်းအသွေးနှင့် မရချေ။ သတ်မှတ်ထားသော အသွေးကို လိုအပ်လျှက်ရှိတယ်ဆိုတာကို နားလည်ရပါတယ်။ ဆိုကြပါစို့ ... ကူးစပ်ခံခဲ့ရပြီး ပြန်လည်ပျောက်ကင်းသွားသူများ၏ အသွေးကိုလိုအပ်သလို ထိုအသွေးအားဖြင့် အချို့ပြန်လည် ပျောက်ကင်း၍ ဆေးရုံဆင်းလာကြသည်ကို မြင်တွေ့ရမည် ဖြစ်သလို၊ သတင်းများတွင်ဖတ်ရ၊ ကြည့်ရပေမည်။
ရောမဩဝါဒစာ ၅:၉
သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
ဒီအရာတွေကို မြင်ရ သိရလျှင်ဖြင့် လူ့ရဲ့အသွေးသည် လူများကို တကယ်ကယ်တင်နိုင်သော အရာတစ်ခုဖြစ်သည်ကို ငြင်ဆိုမရနိုင်ပေ။ ဒါ လူတစ်ယောက်အသွေးပင်ရှိသေးသည်။ ထို့ကြောင့်လည်း သတ်မှတ်ထားသော လူဦးရေကိုသာ ကယ်တင်နိုင်ပေသည်။ မိတ်ဆွေစဥ်းစားကြည့်ပါ၊ သခင်ယေရှု၏ အသွေးဆိုရင်ဖြင့် လောကသားများ အားလုံးကို ကယ်တင်နိုင်တယ်ဆိုတာ မဖြစ်နိုင်စရာ အကြောင်းမရှိဘူးမဟုတ်ပါလား။
ယေရှုခရစ်တော်သည် လောကသားများအားလုံးအတွက် ကားတိုင်ပေါ်တွင် အသေခံ အသွေးသွန်းပေးခြင်းသည် လူတွေ မလုပ်နိုင်၊ မကျင့်နိုင်၊ မပြည့်စုံနိုင်သောကြောင့်ပင်မဟုတ်ပါလား။ မိတ်ဆွေ စဥ်းစားကြည့်ပါ၊ မိမိအစွမ်းအစ၊ မိမိအကျင့်၊ ကောင်းမှုကုသိုလ်၊ ဒါနသီလ စသဖြင့်တွေနဲ့ မိတ်ဆွေ၏တမလွန်အတွက် ဘာတွေများ တိတိကျကျဘာများပြောနိုင်လို့လဲ။ ဒါ့ကြောင့် ယေရှုခရစ်တော်သည် လောကသားများကို အပြစ်ငရဲမှလွတ်မြောက်စေရန် အသွေးသွန်းပေးခဲ့ခြင်းဖြစ်သည်။ လက်ခံယုံကြည်ရုံဖြင့် အပြစ်ငရဲမှ လွတ်မြောက်စေသည်ကို နားလည်ရတယ်။
ဥပမာလေးနဲ့ လက်ရှိအခြေအနေနဲ့ကို မြင်အောင်ပြောရရင်တော့ဖြင့် Covid ကုသဖို့ရန်အတွက် သွေးရည်ကြည်လိုအပ်သလို အပြစ်ငရဲမှလွတ်မြောက်စေဖို့ရာ ယေရှုခရစ်တော်၏ အသေခံအသွေးသွန်းခြင်းလိုအပ်ပါတယ်။ Covid ပျောက်သွားသော လူနာ၏ အသွေးကိုလိုအပ်သလို သေခြင်းကိုအောင်မြင်သောယေရှု၏အသွေး၊ တိတိကျကျကယ်တင်ခြင်းကို ပေးနိုင်သော ယေရှု၏ အသွေး၊ သေရင် ဘယ်သွားမလဲကို တိတိကျကျအာမခံပေးနိုင်သော ယေရှု၏ အသွေးကိုလိုအပ်ပါတယ်။ Covid ပျောက်ကင်းသွားသောသူ၏ အသွေးကို ကူးစပ်ခံရသောလူနာသည် လက်ခံရသကဲ့သို့ ယေရှုခရစ်တော်၏ ကယ်တင်ခြင်းကို လက်ခံယုံကြည်ရပါတယ် တနည်းဆိုရရင်ဖြင့် မိတ်ဆွေ၏ အပြစ်အတွက် လက်ဝါးကားတိုင်မှာ အသေခံအသွေးသွန်းပြီး ၃ရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်ခြင်းကို လက်ခံယုံကြည်ရပါတယ်။ ထိုအသွေးဖြင့် Covid ကုသခံယူသူသည် Covid ပျောက်သည် မပျောက်သည် မတိကျပေမယ့် ယေရှုခရစ်တော်၏ အသွေးကတော့ မိတ်ဆွေကို အပြစ်ငရဲမှ ကယ်တင်နိုင်သော တစ်ခုတည်းသော အာမခံ ဖြစ်ပေတော့သည်။
ဒါ့ကြောင့် "သင့်သွေးဖြင့် အသက်ကယ်ပါ" ဆိုသကဲ့သို့ မိတ်ဆွေ၏ အသွေးတောင်မှ လူအနည်းငယ်ကို ကယ်တင်နိုင်မယ်ဆိုရင် သခင်ယေရှုခရစ်တော်၏ အသွေးသည် တမလွန်အရေး စိတ်မောနေရတဲ့ တိတိကျကျအဖြေမရှိဖြစ်နေကြသော ကမ္ဘာသူ ကမ္ဘာသားများဖြစ်တဲ့ ဤလောကသားများကို အပြစ်ငရဲမှ ကယ်တင်နိုင်တယ်ဆိုတာကို အသေအခြာပင်ဖြစ်ပါတယ်လို့ သတင်းကောင်းလေးပါးလိုက်ချင်ပါတယ်။
ဘုရားသခင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet