စစ်မှန်သော စွဲလမ်းခြင်း

လိုချင်တပ်မက်သောစိတ်၊ စွဲလမ်းသောစိတ်၊ မက်မောခြင်း ရမက်တွေသည် လူ့အသက်ရှင်နေသ၍ ရှိနေနိုင်သော အရာတွေထဲက တစ်ခုပင်ဖြစ်သည်။ လောကတွင် အသက်ရှင်နေသ၍၊ လောက ကမ္ဘာမြေကြီးတွင် အသက်ရှင်နေထိုင်နေသမျှ ကာလပတ်လုံးမှာတော့ ထိုမြေကြီးအရာတွေကို အသုံးပြုရဦးမည်ဖြစ်ပေသည်။
သို့သော်လည်း ထိုမြေကြီးအရာများကို စွဲလမ်းလွန်းခြင်း၊ တပ်မက်လွန်းခြင်းများ မဖြစ်စေဖို့တော့ သတိပြုဆင်ခြင်ကြရမည်ဖြစ်သည်။ အသုံးလိုကြောင်းကို သိတယ်လို့ဆိုသည့်အတိုင်း ကျွန်ုပ်တို့လိုအပ်သည်ကို ယေရှုခရစ်တော်သိပါတယ် သို့သော် ထိုမြေကြီးအရာများကိုသာ ဦးစားပေးလွန်းခြင်း၊ စွဲလမ်းတပ်မက်ခြင်းတွေ မဖြစ်စေချင်တာကိုတော့ နားလည်ထားဖို့လိုအပ်ပါတယ်။
ကောလောသဲဩဝါဒစာ ၃:၂
မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။
လောကမှာ ဧည့်သည်အဖြစ် လာရောက်နေထိုင်ရသော ယုံကြည်သူတိုင်းသည် ဧည့်သည်ကဲ့သို့သာ ပြုမူသင့်သည် မဟုတ်ပါလား။ ဒါ့ကြောင့် မြေကြီးနှင့် မစပ်ဆိုင်သော ယုံကြည်သူများသည် မြေကြီးအရာများကို စွဲလမ်းခြင်းမရှိစေဘဲ အထက်အရာနှင့်စပ်ဆိုင်သော အရာများကိုသာ စွဲလမ်းသင့်ပေသည်။ ကျွန်ုပ်တို့ယုံကြည်သူများသည် မြေကြီးအရာလား၊ အထက်အရာလားဆိုတာကို ပိုင်းခြား၍ အသက်ရှင်ကာ စစ်မှန်သော စွဲလမ်းခြင်းရှိသောသူများ ဖြစ်စေကြပါစို့လို့ အနည်းငယ်တိုက်တွန်း ခွန်အားပေးလိုက်ပါတယ်။
ဘုရားသခင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet