စစ်မှန်သောနောင်တနှင့်ပြန်လာပါ

မမှားသောရှေ့နေ မသေသောဆေးသမား ဆိုတဲ့စကားအတိုင်း ကျွန်တော်တို့တွေအသက်ရှင်နေထိုင်လာတဲ့ ကာလတစ်လျှောက်မှာ မမှားဖူးသောသူရယ်လို့ ရှိမှာမဟုတ်ပါ။ မှားတဲ့အမှားပေါ် မူတည်၍ ပြန်လည်ပေးဆပ်ရတဲ့ အဖိုးအခကတော့ရှိတာပေါ့။ ဒီလိုအမှားတွေကနေ ပြန်လှည့်နိုင်ဖို့ရာလဲလိုပါတယ်။
ယေရမိအကြိမ်ကြိမ်သတိပေးနေခဲ့ပေမယ့် ပြန်လှည့်လာဖို့ရာ စစ်မှန်တဲ့နောင်တမရခဲ့သောကြောင့် က္ကုသရေလလူမျိုးတွေ ပျက်ဆီးဆုံးရှုံးခြင်းတွေကို ကြုံတွေ့ခံစားခဲ့ရတာကိုတွေ့ရပါတယ်။ မိမိတို့ရဲ့အမှားကို စစ်မှန်သောနောင်တရ၍ ပြန်လည်ဝန်ချတောင်းပန်ဖို့နေနေသာသာ မှားယွင်းသောကိုးကွယ်ခြင်း ၊ ဗာလဘုရား ဘာဘုရားညာဘုရားတွေကိုသာ အားကိုးခြင်းတွေ ၊ သစ္စာမရှိဖောက်ပြန်လွဲမှားခြင်း ၊ အပေါ်ယံယဇ်ပူဇော်ခြင်း ဘာသာရေးသဘောသာရှိ၍ နှလုံးသားမပါသောကိုးကွယ်ခြင်း အတုအယောင်တွေသာရှိခဲ့ပြီး နောင်တမရခဲ့သောကြောင့် အဖိုးအခကြီးစွာပေးခဲ့ရတယ်။
ပျောက်သောသားသည် အဖေဆီမှ အမွေတောင်း၍ အိမ်မှထွက်သွားသည်။ သူဟာ သုံးဖြုန်း စားသောက်၍ ဥစ္စာကုန်သွားပါတယ် အဲ့ဒီအချိန် သူနေတဲ့ပြည်မှာ အစာရေစာအရမ်းကိုခေါင်းပါးခြင်းဖြစ်တယ်။ အရမ်းဆင်းရဲသွားတဲ့အတွက်ကြောင့် သူများအိမ်မှာ အစေခံလုပ်ရပါတယ်။ ဝက်ကိုကျောင်းနေရင်းရဲ့ နောက်ဆုံးမှာ ဆာလွန်းလို့ ဝက်စားတဲ့အစာကို စားချင်တဲ့အထိ မွတ်သိပ်ခြင်းကိုခံစားရလောက်အောင် ဘယ်သူမှအစာမကျွေးဘူးဆိုတာကိုတွေ့ရတယ်။ ငါ့အဖေအိမ်မှာ အလုပ်လုပ်သူတွေကိုတောင် ဝအောင်ကျွေးတယ် ငါကဒီမှာ သေအောင်အငတ်ခံနေရတယ်ဆိုပြီးစဥ်းစားမိတယ်။
ရှင်လုကာခရစ်ဝင် ၁၅:၁၈
ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။
ပျောက်သောသားဟာ ကိုယ့်အမှားကိုပြန်သုံးသပ်မိသလို တကယ်စစ်မှန်တဲ့နောင်တရတယ်ဆိုတာကိုတွေ့ရပါတယ်။ သူ့အိမ်ကိုပြန်သွားတဲ့အခါမှာ ခရီးတဝက်ကနေပြန်လှည့်ခြင်းမျိုးမရှိပေ။ တကယ်အဖေ့အိမ်ကို ရောက်အောင်သွားတယ် နောက်ပြန်မလှည့်ဘူး မှားကြောင်းကိုတကယ်နောင်တရတယ်ဆိုတာကိုနားလည်ရပါတယ်။ အဖေလုပ်တဲ့သူကလည်း အဝေးကနေပြီးတောင် သားငယ်ကိုမြင်တယ်ဆိုတာဖော်ပြထားသောကြောင့် ဖခင်၏သားငယ်အား နောင်တရ၍ပြန်လာစေရန် မျှော်လင့်နေတယ်ဆိုတာကိုနားလည်သဘောပေါက်ရပါတယ်။ ဖခင်၏မေတ္တာတရားပေါ့။
သူ့ရဲ့စစ်မှန်တဲ့နောင်တကိုအဖေက အသိအမှတ်ပြုတယ်ဆိုတာကိုတွေ့ရသလို သူ့ရည်ရွယ်ချက်က သူငှား(အလုပ်သမား)ပဲလုပ်မယ် ဆိုပေမယ့် သားအရိုက်အရာကိုပြန်ရတယ်ဆိုတာကိုတွေ့ရသောကြောင့် ဖခင်၏မေတ္တာကိုပေါ်လွင်စွာ မြင်ရပါတယ်။ ထိုဖခင်က သား၏အပြစ်ကို ခွင့်လွှတ်သလို သားလုပ်သူ၏အပြင်၌ ခံခဲ့ရသော ငတ်မွတ်ခြင်း ပင်ပန်းဆင်းရဲခြင်း ငိုကြွေးရခြင်းတွေအတွက် မျက်ရည်ကိုသုတ်ပေးလျှက် စောင့်ကြိုနေတယ်ဆိုတာကိုနားလည်ရပါတယ်။
ပျောက်သောသားဟာနောက်တစ်ခါ အိမ်မှထပ်မထွက်သွားပါဘူး။ စစ်မှန်သောနောင်တဆိုတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့တွေရော စစ်မှန်သောနောင်တနဲ့ ဘုရားသခင်ထံ တိုးဝင်ဖို့လိုပါတယ်။ မှားလိုက် နောင်တရလိုက် ပြန်တောင်းပန်လိုက် ပြန်မှားလိုက်များဖြစ်နေသလား ၊ စစ်မှန်သောနောင်တလား သံဝေဂလားဆိုတာကို ဆင်ခြင်ကြရပါမယ်။ သားလုပ်တဲ့သူက စစ်မှန်သောနောင်တရတယ် အဖေလုပ်သူက ကြိုဆိုတယ်ဆိုတာတောင်မှ အဖေနဲ့ဘုရားသခင်ကို သားပြစ်မှားမိပြီဆိုသော ဝန်ချတောင်းပန်ခြင်းကို သေချာမြင်တွေ့ရပါတယ်။ သားအဖရဲ့ (တော်စပ်မှု) Relationship ကိုတွေ့ရပါတယ်။ ကျွန်တော်တို့လဲ စစ်မှန်သောနောင်တနဲ့ ဝန်ချတောင်းပန်ရဲသော သတ္တိရှိရပါမယ် ၊ လူကိုတောင် ဆောရီးပြောကြသေးတာပဲ ဘုရားသခင်ကိုမိမိရဲ့ အမှားအတွက် ဘာမတောင်းပန်ရဲစရာရှိမလဲ။ ကိုယ်ကအမှားလုပ်ပြီး ဘုရားအပေါ်အကြောကြီးနဲ့ ငါဘာလုပ်လုပ်ခွင့်လွှတ်တယ် ဆိုသော အရာသည် သေချာတွေးကြည့်ရင်လူပါးဝလွန်းပေသည်။ ကြိုက်သလောက်မှားပါစေ ဝန်ချစရာမလိုဟုဆိုခြင်းသည် အင်မတန်ကြောက်စရာကောင်းသော မှားယွင်းတဲ့သွန်သင်ချက်ဖြစ်ပေသောကြောင့် သတိထားဆင်ခြင်သင့်ပေသည်။
အချုပ်အားဖြင့်ဆိုသော် ဘုရားသခင်သည် လူအပေါင်းကို စစ်မှန်သောနောင်တရလျှက် သူ့ထံပြန်လာစေချင်သောကြောင့် စောင့်ကြိုနေပါသည်။ ကျွန်တော်တို့ အိမ်ပြေးဖြစ်ခဲ့စဥ် ငိုကြွေးခဲ့ရသောမျက်ရည်များကို ဘုရားသခင်သုတ်ပေးမှာဖြစ်ပြီး သားအရာကိုပေးဖို့ရာ ကြိုဆိုနေပါတယ်။ ကယ်တင်ခြင်းသည် စစ်မှန်သောနောင်တရရန် လိုအပ်သလို မျက်ရည်များသည်လည်း ဘုရားသခင် သုတ်ပေးမှသာလျှင် နာကျင်မှုကိုမေ့စေတယ်လို့ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ရှင်လုကာခရစ်ဝင် ၁၅:၃၂
သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏။ အဘဆိုသည်ဟု မိန့်တော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi