အဖြေမရှိသေးသော်လဲ အဖေရှိနေတယ်

ယုဒလူမျိုးတွေ ခံစားကြုံတွေ့နေရတဲ့ မတရားမှုတွေ၊ နာကျဥ်ခံစားရခြင်းတွေ၊ အဆင်မပြေခြင်းတွေကို မြင်တွေ့နေရတဲ့ ဟဗက္ကုတ်တစ်ယောက်က ဘုရားသခင်ကို စောဒကတက်မိတယ်။ သူမြင်တွေ့နေတာ အဆင်မပြေတော့ဘူး၊ သူမခံစားနိုင်တော့ဘူးလို့ ဒါ့ကြောင့် ဘုရားသခင်ကို မေးခွန်းမေးလိုက် စောဒကတက်လိုက်နဲ့လုပ်နေတာကို မြင်တွေ့ရတယ်။ ဒီမတရားမှုကြီးတွေ၊ အဆင်မပြေမှုကြီးတွေကို သူအော်ဟစ်နေပါသော်လည်း ကိုယ်တော်သည် တိတ်ဆိတ်နေတယ်။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၁:၂
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။
ဒါ့ကြောင့် ကိုယ်တော်ရေ ကျွန်တော် ဘယ်လောက်ထိအော်ဟစ်နေရဦးမှာလဲလို့ သူဆိုနေတာဖြစ်တယ်။ ဒီခံစားကြုံတွေ့နေရတဲ့ကာလသည် ဘယ်လောက်များ ရှည်ကြာဦးမလဲ သူမသိဘူး။ ဒါပေမယ့် ယုဒလူမျိုးတွေခံစားနေရသော အဆင်မပြေခြင်းတွေ၊ မတရားမှုတွေကို သူမမြင်ချင်လောက်အောင် သူနာကျဥ်ခံစားနေရတယ်ဆိုတာကို နားလည်ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရားသခင်ပြန်ပြောတာကိုလဲ သူနားမလည်သလို အကောင်းဆုံး ဆက်လက်ပြင်ဆင်ခြင်းကို သူသေသေခြာခြာ သဘောမပေါက်နိုင်ခဲ့ဘူးဆိုတာကို ဟဗက္ကုတ်ကိုဆက်ဖတ်ရင် မြင်တွေ့ရပါတယ်။
ဒီလိုပါဘဲ တခါတလေမှာ ကျွန်တော်တို့ ယုံကြည်သူတွေကလည်း တစ်ခုခုဆိုရင် ချက်ခြင်းလိုချင်တယ်။ အခုဆုတောင်းတယ် ခနနေပြည့်ချင်တယ်၊ တခုခုအတွက် အခုပဲ အတည်ပြုချက်တောင်းတယ် ချက်ခြင်းလိုချင်တယ်။
ခက်ခဲနေတယ်၊ နာကျဥ်နေတယ်၊ မကြုံချင်တဲ့ မတရားခြင်းတွေကြုံရတယ် စသဖြင့်မှာ အော်ဟစ်သော်လည်း အဖြေမရတာတွေ၊ အဖြေရသော်လည်း နားမလည်ခြင်းတွေနဲ့ ထပ်ဆင့် စောဒကတက်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။
ကျွန်တော်တို့က နားမလည်သော်လည်း အဖြေတော့ လိုချင်မိကြတာ အမှားလို့တော့ မဆိုသာဘူးမဟုတ်ပါလား။ ဒါကိုလည်း ဘုရားသခင်သည် ကျွန်တော်တို့ကို နားလည်ပေးတာ ကျေးဇူးတော်တစ်ခုပါပဲ။ ချက်ခြင်းဆိုတာကို သိပ်ကြိုက်တတ်ကြတာ လူ့သဘောသဘာဝတစ်ခုမို့ အပြစ်မဆိုသာပါဘူး။
တကယ်တော့ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည် မဟုတ်၊ မကြားနိုင်အောင် နားတော်ထိုင်းသည် မဟုတ်ဟု ဆိုသည့်အတိုင်း ကျွန်တော်တို့ အယောက်စီတိုင်းပြောသမျှ အသေးစိတ် မှတ်သားသလို၊ ဘာလိုအပ်နေတယ်၊ ဘယ်လိုဖြစ်နေတယ်၊ စသဖြင့်တွေကို အသေးစိတ် သိနေပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ကျွန်တော်တို့တွေသည် ဘယ်လိုပင် ခက်ခဲနေပါစေ၊ ပင်ပန်းနေပါစေ၊ နာကျဥ်နေရပါစေ၊ ကြုံတွေ့နေရသော အခြေအနေတွေကို လက်တလော ဖြေရှင်းနိုင်မယ့်အရာတွေထက် ထိုတန်ခိုးကြီးသော လက်တော်ကိုသာ မျှော်လင့်ရင်း အဲဒီဘုရားဆီမှသာရမယ့် အကောင်းဆုံးသော အဖြေကိုစောင့်ဆိုင်းကြပါစို့။ ဒါ့ကြောင့် လက်ရှိမှာ ကြုံတွေ့နေရသော ထိုထိုမည်သော အရာတွေကို ဖြေရှင်းနိုင်မယ့် အဖြေမရှိသေးသော်လည်း အဖေရှိနေပါတယ်ဆိုတာကို အနည်းငယ်ဝေမျှ ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet