သင်ဘာစကားပြောသလဲ

နှုတ်ကြောင့်သေ လက်ကြောင့်ကြေဟူသော စကားပုံလေးတစ်ခုကို ကြားခဲ့ဖူးသည်။ ဘာရယ်မဟုတ်ဘူး ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့် တဖက်လူ စိတ်မကောင်းဖြစ်ရတယ်၊ နာကျဥ်ရတယ်၊ ငိုကြွေးရတယ်၊ ဘဝပျက်လောက်အောင်ဖြစ်ရတယ် စသဖြင့် စကားတစ်ခွန်းအားဖြင့်သာ ထိခိုက်ရခြင်းမျိုးဖြစ်ကြသည်။
ကျွန်တော်တို့ ယုံကြည်သူခရစ်ယာန်များ၏ နှုတ်မှရော မည်သည့်အရာထွက်သနည်း။ ဘုရားသခင်ကို ချီးမွမ်းတော့လဲ ဒီနှုတ်လျှာပါးစပ်ပဲ၊ သူတပါးကို ပြောဆို၊ အော်ဟစ်ဆဲ၊ အတင်းတုတ်တော့လဲ ဒီနှုတ်လျှာပါးစပ်ပဲ၊ ဆင်ခြင်ကြည့်လျှင် အင်မတန်မှ စိတ်မကောင်းစရာပင်။
ကောင်းကြီးပေးလဲ ဒီနှုတ်ကပဲ၊ ဝါကြွားမောက်မာပြန်တော့လဲ ဒီလျှာကပဲ ဆိုတော့က မည်မျှ အညစ်အကြေးနှင့်ပြည့်သော နှုတ်ဖြစ်နေမည်နည်း။
ရှင်ယာကုပ်ဩဝါဒစာ ၃:၉-၁၀
ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။
နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။
မိမိ၏ လျှာသည် သေးငယ်သော်လည်း လူတကိုယ်လုံးညစ်ညူးစေနိုင်သည်။ သူတပါးကိုလဲ နာကျဥ်စေနိုင်သည်၊ နှုတ်ဖြင့် သူတပါးကိုသတ်ပစ်နိုင်သည်။ မိမိ၏ နှုတ်ကို သတိပြုရမည်၊ ယုံကြည်သူခရစ်ယာန်တိုင်းသည် မိမိ၏ လျှာကို ဆင်ခြင်ရမည်ဖြစ်သည်။ ပန်းသီးပင်မှ ပန်းသီးသာသီးသည် စပျစ်သီးနှင့်ရော၍ မသီးသလို စပါးစိုက်ရာမှ ကျွဲကောသီးရိတ်သိမ်းရခြင်းဟူ၍ မရှိပေ။ ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်သူတွေရဲ့ နှုတ်လျှာပါးစပ်သည် ဘာစကားသာထွက်သင့်သနည်း။ ယုံကြည်သူခရစ်ယာန်များ၏ စကားတစ်ခွန်းစီ တစ်ခွန်းစီတိုင်းသည် သူတပါးအား သန်လျက်နှင့်ထိုးသလို နာကျဥ်အောင်၊ ထိခိုက်နစ်နာအောင် ခနဲ့သလို၊ ယိသလို စသဖြင့် ပြောတတ်သောသူများမဖြစ်စေဖို့နှင့် သူတပါး၏ သက်သာခြင်း၊ ဝမ်းမြောက်ခြင်း၊ အားဖြစ်စေခြင်း၊ အသက်လမ်းကိုညွှန်ပြခြင်း စသဖြင့်သာ ယေရှုခရစ်တော်၏ အသက်ရှင်ခြင်း လက္ခဏာပြတတ်သောသူတွေဖြစ်စေကြဖို့ရာ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet