ဘယ်နေရာမှာဖြစ်စေ

ကျွန်တော်တို့တွေရဲ့ အမြင်မှာ အမှုတော်ဆောင်မှ မြင့်မြတ်တာ ၊ ဘုရားအလုပ်လုပ်မှ သန့်ရှင်းတာ လို့ထင်တတ်ကြပါတယ်။ လောကအလုပ်တွေက စာတန်အလုပ်တွေ ၊ မတရားသောအမှု ၊ ငွေတွေက မသန့်ရှင်းဘူး ၊ စီးပွားရေးလုပ်တာ ဘုရားအလိုတော်မဟုတ်ဘူး ၊ အလုပ်လုပ်ခြင်းတွေကို အမှုတော်ဆောင်လို မသန့်ရှင်းဘူးလို့ထင်တတ်ကြတယ်။
တကယ်တော့ မဟုတ်ပါဘူး။ သင်နဲ့ကျွန်ုပ်အတွက် ဘုရားသခင်ရဲ့ ခေါ်ခြင်းကဘာလဲဆိုတာကသာ အရေးကြီးတာပါ။ လူတွေအားလုံးက အမှုတော်ဆောင်တွေပဲဆိုရင် ဘယ်သူသီဆိုမလဲ ၊ ဘယ်သူဂီတာတီးပြီးဘယ်သူကကီးဘုတ်တီးမှာလဲ ၊ ဘယ်သူကတခြားကိစ္စတွေလုပ်မလဲ။
အရာအားလုံးက တညီတညွတ်တည်းပြူစုကြတယ်ဆိုတာကို မမေ့ကြဖို့လိုပါတယ်။
ဧဖက်ဩဝါဒစာ ၆:၇
လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။
မိမိဟာ လူရဲ့အလုပ်တွေကို လုပ်နေတာလို့မခံယူဘဲ ဘုရားသခင်ရဲ့အလုပ်ကိုအစေခံ နောတာပါလို့ ခံယူရင်း ၊ ဘုရားဘုန်းတော်ကိုထင်ရှားသောသူတွေဖြစ်စေရမှာဖြစ်ပါတယ်။ အမှန်ကတော့ လောကမှာလုပ်နေကြတဲ့ တံစိုးစားခြင်းတွေ ၊ မတရားသောစီးပွားတွေ နဲ့ အခြားသောအလုပ်လုပ်ခြင်းတွေကိုမြင်မိတဲ့အတွက် မသန့်ရှင်းဘူးလိုထင်မိကြတာဖြစ်ပါတယ်။ သို့သော် ယုံကြည်သူတစ်ယောက်ရဲ့ စီးပွားရေးလုပ်ငန်း ၊ ဈေးရောင်းတာဖြစ်စေ ၊ အလုပ်သမားဝန်ထမ်းပဲဖြစ်စေ ၊ သန့်ရှင်းရေးပဲလုပ်ပါစေ ၊ အိမ်အကူဖြစ်စေဦးတော့ ပုံသက်သေကောင်းနဲ့ အသက်ရှင်ပြီး ဘုရားသခင်ရဲ့ဘုန်းတော်ကိုထောက်လျှက် သန့်ရှင်းဖြောင့်မတ်စွာ သစ္စာရှိပြီး မေတ္တာနဲ့သာလုပ်ဆောင်သောသူတွေဖြစ်မယ်ဆိုရင် ဒါဟာဘုရားသခင်မကြိုက်ဘူးလို့ သင်မြင်မိဦးပါ့မလား။ စားသော်၎င်း သောက်သော်၎င်း အဘယ်အမှုကိုမဆိုပြနေပါစေ ဘုရားသခင်ရဲ့ဘုန်းတော်ကိုထောက်၍ ပြုလုပ်နေခြင်းတွေဟာ ဘုရားနှစ်သက်မည်မဟုတ်ပါလား။
အပြင်အလုပ်ကို လုပ်နေရင်းနဲ့ အခြားသောသူတွေနဲ့ မိသဟာရဖွဲ့လို့ရမယ် ၊ ဝေမျှသက်သေခံနိုင်တယ် ၊ စီးပွားရေးကို ဖြောင့်မတ်စွာလုပ်မယ် ၊ သူတပါးကသင့်ရဲ့ ဖြောင့်မတ်စွာပြုခြင်းကြောင့် ဘုရားကိုသိမှတ်မယ် ဘုရားကိုမြင်စေမယ်။ ကိုယ်က အလုပ်ရှင်ဆိုရင် အလုပ်သမားတွေကို လစာမှန်မှန်ပေးမယ် ၊ ယုံကြည်သူတွေကို ကျမ်းစာသင်တန်းခေါ်ပေးနိုင်မယ် ၊ သမ္မာတရားနဲ့အသက်ရှင်တတ်အောင်တည်ဆောက်ပေးနိုင်သလို သူတပါးကိုလဲ ဧဝံဂေလိပြောနိုင်မယ်။ အသင်းတော်တွေ အမှုတော်မြတ်တွေအတွက် ကောင်းစွာပါဝင်ထောက်ပံ့နိုင်မှာဖြစ်တယ်။ လိုအပ်တဲ့နေရာတွေ ၊ မုဆိုးမတွေ ၊ အားနည်းသောသူတွေ အစရှိသဖြင့် ပါဝင်ပေးလှူနိုင်တယ်။ ဒါဟာယုံကြည်သူတစ်ယောက်ရဲ့ ဘယ်နေရာမှာမဆို အမှုတော်မြတ်အတွက်ပါဝင် နိုင်ခြင်းပင်။
ဓမ္မရာဇဝင် စတုတ္ထစောင် ၅:၃
ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
သက်ဦးစံပိုင်ဘုရင်ခေတ် ၊ ကျွန်စနစ်အချိန်တွေဟာ ကျွန်တွေရဲ့ ပြောပိုင်ခွင့် လုံးဝလုံးဝမရှိပါ။ သခင်မကြိုက်ရင် သေနိုင်ပါတယ်။ ဗိုလ်ချုပ်နေမာန်အိမ်မှ အခိုင်းအစေ ကျွန်မလေးဟာ က္ကုသရေလပြည်ကနေ ဖမ်းခဲ့တဲ့ကျွန်ဖြစ်တယ်။ နေမာန်ကြီးနူနာစွဲတဲ့အခါမှာ ရှမာရိမှာရှိတဲ့ ပရောဖက်ဆီရောက်အောင်သွားရင် သူ့အနာပျောက်မယ်လို့ သူ့ရဲ့ သခင်မကို ပြောတယ်ဆိုတာတွေ့ရတယ်။ ကျွန်ဖြစ်သော်လဲ သခင်ရဲ့အကျိုးကိုသာလိုလားတယ် မိမိရဲ့လျှောက်တင်ချက်ကို သခင်စိတ်တိုင်မကျလို့ရှိရင် သူ့အတွက် အန္တရာယ်ရှိသော်လည်း ဘုရားလူဆီရောက်အောင် ပြောပေးတယ်ဆိုတာကိုတွေ့ရပါတယ်။ မိမိအလုပ်ရှင် အပေါ်ထားတဲ့မေတ္တာစေတနာ ၊ သခင်ကိုနူနာပျောက်ကင်းစေချင်တဲသဘော ၊ ဘုရားလူဆီရောက်ရင်ပျောက်မယ်ဆိုသော ယုံကြည်ခြင်း စသဖြင့်မြင်ရပါတယ်။
သူဘာလို့ကျွန်ဘဝ ရောက်နေလဲဆိုတာ ဘုရားကိုမမေးဘူး။ ကျွန်ဘဝရောက်နေသော်လည်း သူ့သခင်ကိုမြည်းစမ်းစေဖို့ အမှုတော်မြတ်မှာ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ကြောင့်ကျွန်အဖြစ်နဲ့ သူ့ကိုထားထားတာဟာ အကြောင်းရှိတယ်ဆိုတာကို သူကောင်းစွာနားလည်ခဲ့တယ်။ ဒီလိုပဲ ဘယ်နေရာ ဘာအလုပ်ဖြစ်နေလို့ ဆိုတာအရေးမကြီးဘူး ၊ ဘယ်အလုပ်ကိုလုပ်နေတာလဲဆိုတာဟာ ဘုရားထားတဲ့နေရာလားဆိုတာနဲ့ ဘုရားသခင်အလိုတော်နဲ့အညီလုပ်ဆောင်သလား ၊ ဘုရားသခင်နှစ်သက်သောအမှုကိုပြုနေသလားဆိုတာကသာ အရေးကြီးတယ်ဆိုတာပဲဖြစ်ပါတယ်။ ကျွန်မလေးကဲ့သို့ ရှိတဲ့နေရာမှာ ကောင်းစွာ ပါဝင်ဆပ်ကပ်နိုင်ကြောင်းကို သေချာသဘောပေါက်မယ်ဆိုရင် လောကအလုပ် ညစ်ညူးသောအလုပ် မသန့်ရှင်းပါဘူးလို့ဆိုနိုင်ပါဦးမလား။
ကျွန်တော်တို့သည်လဲ မိမိရဲ့လက်ရှိ ရှိတဲ့နေရာမှာ အမှုတော်မြတ်အတွက် ၊ ပျောက်ဆုံးဝိညာဥ်အတွက် ၊ ဧဝံဂေလိသတင်းကောင်းစကားအတွက် ၊ လူတွေအတွက် ၊ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် စသဖြင့် သစ္စာရှိစွာပါဝင်ကြဖို့လိုအပ်တယ်ဆိုတာကိုနားလည်ရပါတယ်။ ဒါ့ကြောင့် ဘယ်နေရာမှာဖြစ်စေ ဘုရားသခင်နှစ်သက်သောအမှုကိုပါဝင်နိုင်တယ် ၊ သင့်ရဲ့ရှိနေတဲ့နေရာဟာ သင့်ရဲ့အမှုတော်ဆောင်ရာ နေရာတစ်ခုပဲဆိုတာကို ကောင်း
ကောင်းသဘောပေါက်စေဖို့ ဘုရားရှင်သင့်ကိုစကားပြောပါစေ။
ရောမဩဝါဒစာ ၈:၂၈
ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi