အသီးသီးသောအသက်တာ အပိုင်း(၁)

သရက်ပင်မှသရက်သီးတွေသီးနေတာကိုမြင်မိတော့ဆင်ခြင်မိပါတယ်။ သရက်ပင်မှသရက်သီးသီးသကဲ့သို့စပျစ်ပင်မှစပျစ်သီး၊ဇီးပင်မှဇီးသီး၊ငရုပ်ပင်မှငရုပ်သီး၊ပန်းသီးပင်မှပန်းသီးစသဖြင့်သီးသည်။
သီးပင်စားပင်စိုက်သော်လည်းမသီးလျှင်အချည်းနှီးသက်သက်ပင်ဖြစ်ပေသည်။အကယ်၍သာသရက်ပင်မှသရက်သီးမသီးပဲအပင်ကြီးသာမိုးထိနေပါစေအကျိုးမရှိတော့ပေ။ တနည်းအားဖြင့်ဆိုသော်သရက်ပင်ကောင်းဟုဆိုနိုင်မည်မထင်ပါ။ သရက်ပင်ဖြစ်လို့သရက်သီးသီးတာပါ၊စပျစ်ပင်ဆိုလျှင်စပျစ်သီးသီးပါမည်။ ဒီလိုပါပဲ ခရစ်ယာန်ကောင်းတစ်ယောက်၊ယုံကြည်သူကောင်းတစ်ယောက်ဟုခေါ်ဆိုလို့ရဖို့ရာအသီးသီးရပါတယ်။ တနည်းအားဖြင့်ဆိုလျှင်လည်းဘုရားသခင်ဘုန်းတော်ထင်ရှားစေမည်။
ဒါ့ကြောင့်ကျွန်တော်တို့က ဇာတိပကတိအပင်ဆိုလျှင်ဇာတိပကတိအသီးသာသီးမည်ဖြစ်ပြီး၊ဝိညာဥ်ပကတိအပင်ဆိုလျှင်တော့ဝိညာဥ်ပကတိအသီးတွေသီးမှာဖြစ်ပါတယ်။ ဝိညာဥ်အသီး(၉)မျိုးကတော့ ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှည်ခြင်းကျေးဇူးပြုခြင်း၊ကောင်းမြတ်ခြင်း၊သစ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊ကာမဂုဏ်ချုပ်တည်းခြင်း တို့ဖြစ်ပါတယ်။ သရက်ပင်မှန်ရင်သရက်သီးတစ်မျိုးမျိုးတော့သီးသကဲ့သို့ ယုံကြည်သူမှန်လျှင်တော့ ဝိညာဥ်အသီးတစ်ခုခုတော့သီးရပေမည်မဟုတ်ပါလား။
သခင်ယေရှုကငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်တယ်ယုံကြည်သူတွေကအခက်အလက်တွေဖြစ်တယ်ဆိုပါတယ်။ အသီးသီးရမယ့်အခက်အလက်တွေကအပင်မှာမတည်ရှိရင်တော့လုံးဝသီးနိုင်မှာမဟုတ်သောကြောင့် ကျွန်တော်တို့ယုံကြည်သူတွေကယေရှုခရစ်တော်၌တည်နေဖို့ရာအရမ်းအရေးကြီးတယ်ဆိုတာကိုဆင်ခြင်မိဖို့လိုပါတယ်။ စပျစ်သီးသီးရမယ့်အခက်အလက်ကသရက်ပင်မှာသွားရှိနေရင်ဘာစပျစ်သီးမှသီးနိုင်မည်မဟုတ်ပါလား။ဇာတိမှာဆက်ရှိနေသောဝိညာဥ်ရေးသည်ဝိညာဥ်အသီးမသီးနိုင်ကြောင်းကိုနားလည်ဖို့ရာရှိပါတယ်။
ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေအယောက်စီတိုင်းသည်မှန်သောစပျစ်နွယ်ပင်ဖြစ်သောသခင်ယေရှုခရစ်တော်၌တည်ရှိပြီးဝိညာဥ်အသီးများသာသီးသောသူတွေဖြစ်စေဖို့ရာ မိမိအသီးသီးရမဲ့အခက်အလက်သည်ဘယ်မှာရှိနေသလဲဆိုတာကိုဆင်ခြင်ပြီးအသက်ရှင်သောသူတွေဖြစ်ကြပါစို့လို့အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၅:၅
ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။