အလင်းစစ်

တစ်ရက်မှာ လူနှစ်ယောက်ခရီးသွားကြတယ်။ ခရီးအတော်ရောက်လို့ တောနက်ကြီးထဲရောက်တဲ့အခါမှာ ဒီလူတွေက ခရီးတစ်ထောက်နားကြတယ်။ ဒီလိုနဲ့ ညဘက်ရောက်တဲ့အခါမှာ လသာနေသောကြောင့် အဲဒီအလင်းနှင့် ဆက်ပြီး ခရီးနှင်လေ့ရှိတယ်။ တစ်ရက်မှာတော့ မှောင်မိုက်အတိဖြစ်တဲ့ လကွယ်နေ့မှာ ခရီးမဆက်နိုင်တော့ဘဲ ယောင်လည်လည်ဖြစ်နေကြတာပေါ့။ ဒီလိုနဲ့ လရောင်များ ထွက်လေရော့မလားလို့ စောင့်ရင်းစောင့်ရင်းနဲ့ ကြာလာတော့ ဆက်သွားမယ်ဆိုပြီး မမြင်မစမ်းနဲ့ ဆက်သွားလိုက်တာ လူစုကွဲသွားပါလေရော။
တခါတလေမှာ ကျွန်တော်တို့က လောကကြီးထဲသွားလာနေကြပေမယ့် အလင်းကိုမမြင်ရဘဲ လျှောက်သွားနေတတ်ကြတယ်။ ဘာမှန်းမသိဘူး သမ္မာတရားနဲ့ညီလား မညီလားမသိဘူး မမြင်စမ်းနဲ့သွားတဲ့ ခရီးသွားတွေလိုမျိုး ဆက်တော့သွားလိုက်ကြတာဘဲ။ ဒီလိုနဲ့ လူစုကွဲကြရသကဲ့သို့ ယုံကြည်သူအချင်းချင်း စိတ်ဝမ်းကွဲကြတယ်၊ တခုခုငြိုငြင်ကြတယ်။ ဒါ့ကြောင့် မမြင်မစမ်းမဖြစ်စေဖို့ရာ အလင်းကိုလိုအပ်ပါတယ်။
ဆာလံကျမ်း ၁၁၉:၁၀၅
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
ကျွန်တော်တို့တွေဟာ နှုတ်ကပတ်တော်ဆိုတဲ့ သမ္မာတရား၏ အလင်းကို အမြဲတမ်း လိုအပ်တယ်။ လောကကြီးထဲမှာ မှောင်မိုက်အတိဖြစ်နေတဲ့အချိန်တွေ များစွာများစွာ ရှိသလို ကြုံတွေ့စရာပေါင်းများစွာရှိတယ်။ ကြုံတွေ့ရတဲ့ အမှောင်ကို ဒီအလင်းနဲ့ခွင်းမှသာ အရှေ့ကပိတ်ဆို့နေတဲ့ အန္တရာယ်တွေကို မြင်နိုင်မယ် ရှောင်ရှားနိုင်မယ် မဟုတ်ပါလား။
တနည်းဆိုရရင် အလင်းပေါင်းများစွာရှိတယ်။ ဆိုကြပါစို့ ... နှင်းအရမ်းကျတဲ့အခါမှာ ကားမီးထိုးတိုင်း မမြင်ရဘူး၊ နှင်းခွဲမီးသီးလို့ခေါ်တဲ့ မီးကသာ ထိုကားမှာ မပါရင် ဆက်မသွားနိုင်ဘူးဖြစ်တယ် အကယ်၍သာ ဆက်မောင်းရင် မမြင်မစမ်းဖြစ်ပြီး လမ်းမှာ တိုက်သွားနိုင်တယ်လို့ နားလည်ရတယ်။ ဒီလိုပဲ တခဏ လင်းတဲ့ အလင်းပေါင်းများစွာ၊ စိတ်ချမ်းသာစရာ အားပေးစကားတွေ၊ ကျန်းမာချမ်းသာအကြောင်း၊ တက်ကျမ်းတွေ၊ ပညာရှိစကားပေါင်းများစွာရှိပါတယ်။ သို့သော် နှုတ်ကပတ်တော်ကသာလျှင် စစ်မှန်သော အလင်းဖြစ်တယ်ဆိုတာကို နားလည်ရတယ်။
ဒါ့ကြောင့် ဘယ်လောက်မှောင်မိုက်သော လောကဖြစ်နေပါစေ ကျွန်ုပ်တို့ရဲ့ ဆက်လျှောက်ရမည့် လမ်းခရီး အသက်တာရဲ့အရှေ့မှာသာ ထိုအလင်းကို လင်းစေမယ်ဆိုလျှင် ရှေ့ဆက်ရမည့် အသက်တာလမ်းခရီးမှာ နှုတ်ကပတ်တော်၏ အလင်းကိုလင်းစေပြီး အရှေ့မှလဲကျစေမည့် သမ္မာတရားနှင့်မညီသော အရာများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်လို့ အနည်းငယ်ဝေမျှ ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet