အထင်အမြင်၊ ကြောင်းကျိုး၊ နှိုင်းယှဥ်

ယောဘအကြောင်းဖတ်တဲ့အခါမှာ နောက်ဆုံးမှာ ယောဘကြီးကောင်းကြီး နှစ်ဆရသွားတာတို့၊ အစပိုင်းမှာ အားလုံးဆုံးရှုံးသွားတာတို့ကိုသာ အထူးသဖြင့်မြင်မိတတ်ကြပါတယ်။ ဒီအထဲကမှ ယောဘရဲ့ သူငယ်ချင်းတွေရဲ့ အမြင်နဲ့ ကျွန်ုပ်တို့ လူသားများရဲ့ အထင်ကို ထည့်တွက်ပြီး ဘုရားသခင်ရဲ့ အလေ့အလာကို အနည်းငယ်ချိန်ထိုးကြည့်ရအောင်ဖြစ်ပါတယ်။
ယောဘ၏အသက်တာကိုကြည့်တဲ့အခါမှာ ပစ္စည်းဥစ္စာအကုန်ဆုံးရှုံးသွားတယ်၊ သားသမီးတွေသေဆုံးသွားတယ်၊ ကျန်းမာရေးသည်လည်း အောက်ဆုံးကိုထိုးကျရတဲ့အခါမှာ သူ့ကိုအားပေးနှစ်သိမ့်ဖို့ သူငယ်ချင်းတွေက ရောက်လာပြီး တစ်ယောက်တစ်မျိုး မရိုးရအောင် သင်ခန်းစာတွေခြွေလေတော့သည်။ (ကျမ်းညွှန်း ယောဘဝတ္တု)
ထိုသူငယ်ချင်းတွေက ယောဘကိုပြောသော စကားများထဲမှာပါဝင်သော အကြောင်းအရာများကို ချိန်ထိုးကြည့်ရင်ဖြင့် ဆင်ခြင်တုံတရားဝါဒ၊ နှိုင်းယှဥ်တရားဝါဒ စသဖြင့်ကိုလည်း ထင်ထင်ရှားရှား ပြောကြသုံးသွားကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီအရာတွေရဲ့ သဘောတရားကိုလည်း "Wikipedia" ကိုကိုးကား၍ အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်။ ဆက်လက်၍ လေ့လာချင်တယ်ဆိုရင် အင်တာနက်တွင် လေ့လာနိုင်ပါသည်။
#Rationalism
ဆင်ခြင်တုံတရား (Rationalism) သည် မြင်တွေ့ရသော အကြောင်းတရား၊ သက်သေ၊ ဖြစ်ပျက်သော အကြောင်းပြချက်များကိုသာ ဦးစားပေးကြည့်ရှုခြင်းဖြစ်သည်။ ထိုဝါဒီသမားများသည် ဆင်ခြင်တုံတရားကို ဦးစားပေးခြင်း၊ သက်သေအကြောင်းတရားနှင့် လက်ရှိဖြစ်ပျက်နေခြင်းကိုသာ အဓိကထား ယုံကြည်တတ်ကြသည်။ ထို့ကြောင့် အခြားသူများ၏ နည်းလမ်း၊ လမ်းစဥ်များအပေါ်တွင် လေးစားမှုလျော့ကျတတ်ကြသည်။ ဒဿနိကဗေဒ (Philosophy) တွင် ဆင်ခြင်တုံတရားဝါဒ (Rationalism) သည် အကြောင်းပြချက်၊ အသိပညာ အရင်းအမြစ်၊ တရားမျှတမှုတို့၏ အခြေခံအမြင်ဖြစ်သည်။ တနည်းဆိုရရင်ဖြင့် ကျိုးကြောင်းညီညွတ်မှု၊ ဆင်ခြင်တုံတရားလမ်းစဥ် (Rationalism) သည် နည်းစနစ်တစ်ခု (သို့) သီအိုရီတစ်ခု (Methodology or Theory) ဟုအဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ၎င်းတွင် အမှတ်တရား၏ စံသတ်မှတ်ချက်သည် အာရုံခံခြင်းသဘောမျိုးမဟုတ်ဘဲ ဥာဏ်ရည်ဥာဏ်သွေးနှင့်ထုတ်ယူနိုင်စွမ်းကဲ့သို့သဘောကို ဆိုလိုကြသည်။
#Relativism
နှိုင်းယှဥ်ဝါဒ (Relativism) သည် နယ်ပယ်တစ်ခုမှ ဓမ္မဓိဌာန်ကျခြင်းကို ငြင်းဆိုခြင်း၊ ထိုနယ်ပယ်ရှိအချက်အလက်များသည် လေ့လာသူတစ်ဦး၏ရှုထောင့်၊ အကဲဖြတ်သည့် အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်းကို အခိုင်အမာပြောဆိုခြင်းလည်းဖြစ်သည်။ ထိုအရာသည် နှိုင်းယှဥ်မှုပုံစံအမျိုးမျိုးရှိပြီး နယ်ပယ်အမျိုးမျိုးနှင့် ကွဲပြားခြားနားလျှက်ရှိသော အငြင်းပွားစရာများလည်းရှိသည်။ "Moral Relativism, Alethic Relativism, Cultural Relativism" စသဖြင့် နှိုင်းယှဥ်ဝါဒ (Relativism) များစွာလည်းရှိကြသည်။
#ယောဘသူငယ်ချင်းများ၏အမြင်
ယောဘ၏ သူငယ်ချင်းများသည် ထိုသဘောတရားဝါဒများကို တွေးခေါ်၍ ဘုရားသခင်၏ အလေ့အလာ သဘောတရားများ၊ လုပ်ဆောင်ခြင်းများကို ဖော်ပြကာ သူတို့၏ အတွေးအခေါ်အားဖြင့်သာ ယောဘအား အပြစ်တင်ဝေဖန်ခဲ့ကြသည်ကို ကျွန်ုပ်တို့အားလုံးသိကြပြီးဖြစ်ပါတယ်။ စဥ်းစားကြည့်လျှင်လည်း ဟုတ်မလိုလိုရှိပါတယ်။ ဘုရားသခင်အပေါ် မှားယွင်းသောသူသည် ဒုက္ခရောက်မည်၊ အပြစ်ပြုခြင်းများသောကြောင့် ဆုံးမခြင်းခံရသည်၊ ဆင်းရဲသားတွေကို မညှာတာသဖြင့် ဆင်းရဲပြန်ခံရသလိုလို စသဖြင့် ကျိုးကြောင်းမြင်တွေ့ရသော အရာများ ဆင်ခြင်တုံတရားဝါဒများအားဖြင့် ယောဘအားပြစ်တင်ခြင်း၊ "ဘုရားနှင့်မှန်သောသူ၏အသက်တာသည် ကောင်းစားတယ်လေ ယောဘရေ" မင်းကတော့ စုတ်ပြတ်သတ်နေတာ၊ သနားတတ်သောသူသည် ကရုဏာကိုခံစားရသလို၊ အပြစ်ကင်းသောသူ၏အသက်တာသည် ဆင်းရဲဒုက္ခကိုမခံရသကဲ့သို့ နှိုင်းယှဥ်ဝါဒအားဖြင့် ယောဘအား နှိုင်းယှဥ်ကာ အပြစ်တင်ဝေဖန်ခြင်းများသည် အဆုံးမှာတော့ ထိုသို့မဟုတ်၊ မှားနေရုံသာမကဘဲ ဘုရားသခင်၏စိတ်တော်နှင့် တက်တက်စင်အောင်လွဲခဲ့လေသည်။
#ယနေ့ခရစ်ယာန်များ
ဘုရားသားမှန်ရင် ချမ်းသာရမည်၊ ဆင်းရဲမခံရဘူး၊ ကျန်းမာရမည်၊ ရောဂါမကူးရဘူး၊ စသဖြင့် ဟုတ်သလိုလိုရှိသော်လည်း ထိုသို့သော နှိုင်းယှဥ်ခြင်း၊ ဘုရားနဲ့မမှန်၍ ဆင်းရဲဒုက္ခခံရခြင်း၊ အပြစ်များ၍ အဆင်မပြေဖြစ်ခြင်း၊ ဆင်းရဲသားတွေကို မတရားပြုလို့ ဒုက္ခခံရခြင်း စတဲ့ ဆင်ခြင်တုံ ကြောင်းကျိုးများသည် ဟုတ်သလိုလိုနှင့် အဆုံးမှာတော့ လွဲနေခြင်းကို ယောဘဝတ္တုက သက်သေထူနေပါသည်။
တခါတလေတွင် ကျွန်ုပ်တို့သည် ယောဘ၏ သူငယ်ချင်းများကဲ့သို့ဖြစ်နေတတ်သည်။ ဘုရားသခင်၏ အကြံအစည်၊ အလေ့အလာ၊ အလိုတော်တွေကို မသိဘဲနှင့် မျက်မြင်ရသော သက်သေအကြောင်းအရာ၊ မိမိတို့၏ အတွေးအခေါ်၊ ဆင်ခြင်တုံတရားများ၊ နှိုင်းယှဥ်ကြည့်ခြင်းများ အားဖြင့်သာ ထင်ရာကိုပြော၊ မြင်ရာကို ဖောကာ တွေ့ကရာကို ပြောတတ်ကြသည်။ နိုင်ငံရေးတွင်ဖြစ်စေ၊ လူမှုရေးတွင်ဖြစ်စေ မိမိတို့သိသောအရာကို ကြောင်းကျိုးတွေးကြည့်ကာ ဘုရားသခင်က ဒါမှဒါလုပ်ရမယ်၊ အခြားသိသောအရာများဖြင့်လည်း နှိုင်းယှဥ်ကြည့်ကာ ဘုရားသခင်ကတော့ ယုံကြည်သူတွေဆုတောင်းတာကိုပေးရမယ် စသဖြင့် မိမိတို့၏ ဇာတိနှင့်ယှဥ်သော (သို့) ဆင်ခြင်တုံတရား (သို့) နှိုင်းယှဥ်ခြင်းဝါဒများဖြင့် ဘုရားသခင်၏ အလိုတော်ကို မိမိတို့၏ ခံစားချက်များ ရောယှက်ကာ ယောဘ၏ သူငယ်ချင်းများအလား ဖော်ထုတ်နေကြပေတော့သည်။
#သင်ယူစရာ
ဆင်ခြင်တုံတရား၊ နှိုင်းယှဥ်ခြင်းသည်လည်း လိုအပ်ပါသည်။ လူတစ်ဦးစီတိုင်းအား ဘုရားသခင်သည် ဥာဏ်ပညာကိုပေးထားသည်။ ထို့ကြောင့်လည်း ကိုယ်ဥာဏ်ကို သုံးရပါသည်။ သုံး၍လည်း ကောင်း၏ ဆိုး၏၊ လုပ်သင့်၏ မလုပ်သင့်၏၊ ဖြစ်သင့်၏ မဖြစ်သင့်၏ စသည်ဖြင့် များစွာကို ဆင်ခြင် ပိုင်းခြားရသည်။ ကျွန်ုပ်တို့ ယုံကြည်သူ ခရစ်ယာန်များသည် ယောဘ၏သူငယ်ချင်းများကဲ့သို့ ကိုယ်စိတ်ထဲတွင်ထင်မြင်ချက်၊ မြင်တွေ့ရသည့်အရာကိုသာ အလေးပေးကာ သုံးသပ်ခြင်း၊ ဝေဖန်ခြင်း၊ ပြစ်တင်ခြင်းမျိုးများ မဖြစ်စေဖို့နှင့် အခြားသူ၏ ဖြစ်တည်မှု၊ ကြုံတွေ့ခံစားရမှု၊ ခံစားချက် ဆုံးဖြတ်ချက်များကိုလည်း လေးစားသင့်သည် ဆိုတာကိုတော့ သတိထားသင့်ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ အတွေးအခေါ်၊ အကြံအစည်၊ သိခြင်း၊ ကြောင်းကျိုးတရားများနှင့် နှိုင်းယှဥ်ခြင်းများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ဘောင်ခတ်ထား၍မရသည်ကို သိရှိဖို့ရန်လိုအပ်ပါသည်။ ဘုရားသခင်သည် တန်ခိုးတော်အနန္တ၊ ဥာဏ်တော် အနန္တ ဖြစ်ကာ အရာရာကိုသိပြီး နေရာတိုင်းတွင်ရှိသော ဘုရားသခင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သိသော ဥာဏ်တစ်ထွာ တစ်မိုက်လောက်နှင့် ထိုသို့သော ဘုရားသခင်၏ အလေ့အလာကို အမြင်နှင့်အထင်ဖြင့် ပြောဆိုခြင်း၊ နှိုင်းယှဥ်ခြင်းများသည် ကျွန်ုပ်တို့စိတ်တိုင်းကျ ဖြစ်နေလိမ့်မည်လော ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet