ဝိညာဥ်ရေးရာခေါင်းဆောင် မွေးထုတ်ခြင်း

ဣသရေလလူမျိုးတွေကို အဲဂုတ္တုပြည်မှ ကယ်ထုတ်ဖို့၊ ခါနန်ပြည်ကို သွားဖို့၊ စေခိုင်းခြင်းခံရတာဟာ မောရှေဖြစ်တယ်။ တောလမ်း ခရီးတစ်လျှောက်လုံး အပင်ပန်းခံပြုစုလာခဲ့ရတယ်၊ ညည်းတွားခြင်းတွေကို သည်းခံကာ ဦးဆောင်ခဲ့ရတယ်၊ ဂျစ်ကန်ကန် စရိုက်တွေကို ထိန်းကျောင်းလာခဲ့တာ မောရှေဖြစ်ပါတယ်။ ဒီရူပါရုံသည် မောရှေကနေ အစပြုခဲ့ခြင်းဖြစ်ပါတယ်။
သို့သော် သူသည် ထိုပြည်သို့ မဝင်စားခဲ့ရချေ။ မောရှေသည် သူလုပ်ဆောင်ရမည့် အရာမှန်သမျှကို သေသေခြာခြာလုပ်ဆောင်ခဲ့သည်၊ သစ္စာရှိစွာ ဆပ်ကပ်ခဲ့သည်၊ စနစ်တကျ ဦးဆောင်ခြင်းကို ပြုကာ စီမံခန့်ခွဲခဲ့သည်ကို မြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။ သူဦးဆောင်၍ ခေါ်လာခဲ့သော ရူပါရုံကိုတော့ သူမရောက်ရှိခဲ့။ သူမြင်တော့မြင်ခဲ့ရသည်။
တရားဟောရာကျမ်း ၃၄:၄
ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆို၍ သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု ကတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။
ဒီလိုအဖြစ်မျိုး ကျွန်တော်တို့တွေလဲ ဖြစ်တတ်ကြတယ်။ ဥပမာဆိုရရင် အသင်းတော်ရဲ့ရူပါရုံတစ်ခု၊ မိသားစုရဲ့ရူပါရုံ၊ အသင်းတော်ရဲ့ သာသနာတစ်ခုရဲ့ရူပါရုံ၊ စသဖြင့်တွေမှာ ကြုံတွေ့ရတတ်ပါတယ်။ ဆိုကြပါစို့ ... အသင်းတော်ရူပါရုံတစ်ခုကို လုပ်နေရင်းနဲ့ ခေါ်တော်မူခြင်းခံရမယ်ဆိုရင် ဒီရူပါရုံကို ဆက်လက်လုပ်ဆောင်သွားဖို့ လူလိုမည်မဟုတ်ပေဘူးလား။ ဒါ့ကြောင့် ဒီလိုအချိန်မှာ ဒီရူပါရုံကို ဆက်လက် သယ်ဆောင်သွားဖို့၊ ဆက်လက်ပြုစုဖို့၊ ဆက်လက်ဦးဆောင်သွားဖို့ ဝိညာဥ်ရေးရာ ခေါင်းဆောင်ကောင်းတစ်ယောက်လိုပါတယ်။ သို့မှသာ ထိုရူပါရုံကို ပြည့်စုံစေနိုင်မှာဖြစ်ပါတယ်။ ဝိညာဥ်ရေးရာ ခေါင်းဆောင်ဟုဆိုခြင်းသည် တကယ်ကို အရေးကြီးသောကြောင့်ပင်ဖြစ်သည်။ ထိုနေရာကို တွေ့ရာလူတွေ၊ ကြုံရာလူတွေက နေရာယူ၍ လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်ပင်။
ယောရှုမှတ်စာ ၁:၁-၂
ထာဝရဘုရား၏ကျွန် မောရှေသည် အနိစ္စရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သားယောရှုအား ထာဝရဘုရားက၊
ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။
အကယ်၍သာ ဦးဆောင်ပေးမယ့်သူမရှိရင် ထိုရူပါရုံဆီကို မရောက်နိုင်ခြင်းလဲ ဖြစ်နိုင်သလို၊ နှောင့်နှေးလွန်းတာလဲ ဖြစ်နိုင်မယ်၊ လုံးဝပျက်စီးသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တွေသည် ယောရှုကဲ့သို့သော ခေါင်းဆောင် လိုအပ်ပါတယ်။ မောရှေ၏ ရူပါရုံကို ဆက်လက်သယ်ဆောင်သွားသူ၊ ဆက်လက်ဦးဆောင်သူ ယောရှုသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပေသည်။
ကျွန်တော်တို့ အသင်းတော်တွေကလည်း ဝိညာဥ်ရေးရာ ခေါင်းဆောင်တွေကို မွေးထုတ်ဖို့ရန် လိုအပ်တယ်ဆိုတာကို ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ မိမိတို့တွေရဲ့ရူပါရုံတွေကို လက်ဆင့်ကမ်းဖို့ တကယ်ပဲ ဘုရားကိုချစ်ပြီး အမှုတော်မြတ်မှာ ပါဝင်တတ်သော ခေါင်းဆောင်ကောင်းတွေကို သမ္မာတရားနဲ့အညီ မွေးထုတ်ဖို့ရန် လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသင်းတော်ရူပါရုံတွေ၊ သာသနာရူပါရုံတွေ၊ အစရှိသဖြင့်ကို ဆက်လက် သယ်ဆောင်သွားကာ ရူပါရုံကိုပြည့်စုံစေပြီး နောက်ထပ် အသစ်အသစ်သော ရူပါရုံတွေကိုလဲ ဆက်လက်လုပ်ဆောင်ကာ ဆက်လက်၍ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းပေးနိုင်သော ဝိညာဥ်ရေးရာ ခေါင်းဆောင်ကောင်းများကို မွေးထုတ်နိုင်ဖို့ရာလည်း တာဝန်ရှိတယ်ဆိုတာကို အနည်းငယ်ဝေမျှ တိုက်တွန်းခွန်အားချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet