အဓမ္မလူတို့၏ ပျက်ဆီးခြင်း

နိနေဝေမြို့သားတို့သည် အင်မတန်မျှရက်စက်ကြမ်းကြုတ်သော အမှုများကို ပြန်လည်လုပ်ဆောင်ကြသည်။ နောင်တရပြီးနောက် ရာစုနှစ်တစ်ခုအကြာ (နှစ်တစ်ရာ နှစ်ရာ) တွင်ဖောက်ပြန်ခြင်းဟုဆိုကြသည်။ ရုပ်တုကိုးကွယ်ခြင်း၊ အဓမ္မမှု၊ မတရားသဖြင့်စီရင်ခြင်းများ စသဖြင့် ဒုစရိုက်၌လွန်ကျူးကြပေသည်။
မိမိပြုသော ဒုစရိုက်များ၌ ဂုဏ်ယူနေတတ်ကြသကဲ့သို့ မိမိတို့ထံသို့ မည်သူမျှလာရောက် တိုက်ခိုက်ခြင်းမပြုနိုင်ဟုလည်း စိတ်ကြီးဝင်နေကြသည်။ နိနေဝေ၏ တံတိုင်း၊ မြို့ရိုး၊ ခံတပ်၊ လူအင်အား၊ စစ်လက်နက်များ အားကြီးသောကြောင့်ဟုလည်း ထင်ရပေမည်။ ထို့ကြောင့်လည်း ကြောက်ရမည့်သူမရှိ အနိုင့်အထက်ပြုခြင်း၊ မတရားသဖြင့်ပြုသော အဓမ္မအမှုများနှင့် ဖမ်းမိသူ သုံ့ပန်းများကို အရှင်လတ်လတ်အရည်ခွံဆုတ်ခြင်း စသဖြင့် နှိပ်စက်ညှဥ်းဆဲခြင်းများကိုလည်း လုပ်ဆောင်ကြခြင်းဖြစ်သည် မဟုတ်ပါလား။
သို့သော် ထိုသူတို့၏ တစ်ဖက်၌ ထာဝရဘုရားရှိသည်ဆိုသည်ကို သူတို့မသိကြပေ။ ထာဝရဘုရား၏ ဆန့်ကျင်ဘက်တွင် မည်သူရပ်နိုင်မည်နည်း။ ထာဝရဘုရားမနှစ်သက်သည့် အရာကို မည်သူကြာကြာပြုနိုင်မည်နည်း။ ထိုမေးခွန်း၏ အဖြေသည် နာဟုံအနာဂတ္တိကျမ်းတွင်လည်း ရှိပေသည်။
ခေတ်ကာလအခြေအနေသည် နိနေဝေတို့ တန်ခိုးဩဇာကြီးချိန်၊ ပြေပြင်အနေအထားအရဆိုလျှင် မြို့ရိုး၊ လက်နက်အင်အား၊ လူအင်အား စသဖြင့် သူတို့သာသည်ဟုထင်ရသော်လည် နိနေဝေတို့သည် ဘုရားသခင်၏တစ်ဖက်၌ရှိသဖြင့် ပျက်ဆီးဆုံးရှုံးခဲ့ကြရသည်။ ထိုအဖြစ်အပျက်ကိုကြည့်လျှင် မတရားမှု၊ အဓမ္မအရာ၊ ဘုရားသခင်မနှစ်သက်သူတို့၏ နှိပ်စက်ညှဥ်းဆဲခြင်းကို ခံနေရသည့် လက်ရှိအရှုံးခံနေရသော မည်သူမဆိုအတွက် ဘုရားသခင်၏ စီရင်ခြင်းသည် လာကိုလာသည်ဟုနားလည်စရာရှိပေသည်မဟုတ်ပါလား။
နာဟုံအနာဂတ္တိကျမ်း ၃:၁၉
သင်၏ အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သိတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီး ကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှု ကို မခံဘဲလွတ်သော သူကား အဘယ်သူနည်း။
ဘုရားသခင်၏တဖက်၌ရှိသော နိနေဝေတို့အတွက် တော့ စီရင်ခြင်းသည် တည့်တည့်မတ်မတ်ဆိုက်ရောက်လာခဲ့ပြီ။ ခိုင်ခံ့ပါသည်ဟုဆိုသော မြို့ရိုး၊ များလှပါသည် တောင့်တင်းလှပါသည်ဆိုသော လူ လက်နက်အင်အား အစရှိသဖြင့် ထိုသူတို့ဂုဏ်ယူနေသော အရာများသည် ပျောက်ကွယ်ရလေပြီ။ ကြီးစွာသော ဆုံးရှုံးခြင်းကို မရှုမလှခံစားကြရကာ ဘီစီ ၆၁၂ တွင် လုံးလုံးပျောက်ကွယ်သွားကြရသူများဟုဆိုရလျှင်လည်း မမှားချေ။ ထိုသူတို့၏ ဆုံးရှုံးပျက်ဆီးခြင်းကို ပြည်သားတို့သည် ဝမ်းမြောက်ကြကာ လက်ခုပ်ဩဘာပင်ပေးကြလေသည် အဘယ့်ကြောင့်ဆိုသော် ထိုသူတို့ပြသော အဓမ္မအရာများကို လွတ်သူမရှိသောကြောင့်ပင်။
ထို့ကြောင့် ဘုရားသခင်၏တစ်ဖက်၌ ရှိသောသူတို့သည် ခေတ်ကာလအခြေအနေအရ တန်ခိုးဩဇာကြီးသူ၊ လူအင်အား လက်နက်အင်အားများခြင်း၊ မြို့ရိုးခိုင်ခံ့သကဲ့သို့ မည်သူမျှ မတားဆီးနိုင်ဟု စိတ်ကြီးဝင်တတ်ကြသော်လည်း ထာဝရဘုရား၏တစ်ဖက်၌ အဘယ်သူရပ်နိုင်မည်နည်း။ ထာဝရဘုရား၏တစ်ဖက်၌ မည်သို့ရပ်တည်နိုင်မည်နည်း။ ထိုသို့သော မတရားသောသူတို့၏ အဓမ္မအမှုများကို များစွာခံစားကြရသော ပြည်သူပြည်သားများသည် ထိုသူတို့၏ ပျက်ဆီးဆုံးရှုံးပျောက်ကွယ်သွားကြသည့်အခါတွင်လည်း ဝမ်းမြောက်ဝမ်းသာကြ၍ လက်ခုပ်ဩဘာပေးခြင်းရှိပေဦးလိမ့်မည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet