သားဦးလား ပဲဟင်းလား

ကမ္ဘာဦးကျမ်း ၂၅ကို ကြည့်တဲ့အခါမှာ ယာကုပ် ဟင်းချက်နေတဲ့အချိန် ဧသောသည် တောမှပြန်ရောက်လာတယ်။ တနည်းဆိုသော် အမဲလိုက်သည်ဖြစ်စေ တခုခုမှ ပြန်လာတယ်၊ ထိုအချိန်မှာ မောပန်းနေခဲ့တယ်၊ ဆာလွန်းသောကြောင့် သူ့ကို ကျွေးပါလို့ တောင်းခဲ့တယ်ဆိုတာကိုတွေ့ရတယ်။
ယာကုပ်က မင်းစားချင်ရင် သားဦးအရာနဲ့လဲပါ၊ ငါ့ကို မင်းရဲ့ သားဦးအရာကိုပေးပါ၊ ဒီလိုဆိုရင် ငါကျွေးမယ်လို့ဆိုခဲ့လေရဲ့။ ဧသောသည် ဆာလွန်းသောကြောင့် ငါသေတော့မယ် ဒီသားဦးအရာက ဘာအကျိုးရှိမလဲ၊ ခေတ်စကားအရ ပြောမယ်ဆိုရင် ဝါးစားလို့မရဘူးပေါ့။ ဒီလိုနဲ့ သားဦးအရာကို ပဲဟင်းနဲ့လဲစားလိုက်တယ်လို့ ဆိုကြပါစို့။
ကမ္ဘာဦးကျမ်း ၂၅:၃၄
ထိုအခါ ယာကုပ်သည်၊ မုန့်နှင့်ပဲဟင်းကို ဧသောအားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။
ထိုခေတ် ထိုအချိန်သည် သားဦးဆိုတာ အရေးကြီးသည်၊ တန်ဖိုးထားသည်၊ ကောင်းကြီးပေးရာတွင်လည်း အကြီးကိုပေးတယ် သားဦးဆိုတာကို နားလည်ရတယ်။ ထိုသားဦးအရာကို သူသည် တန်ဖိုးမထားခဲ့ခြင်းဖြစ်ပေသည်။
ယနေ့ခေတ် ယုံကြည်သူခရစ်ယာန်တွေလည်း ဧသောကဲ့သို့ ပဲဟင်းနှင့်လဲစားသော သူများရှိကြပါသလား။ ကျွန်တော်အပါအဝင် ဆင်ခြင်ဖို့ရာ လိုပါတယ်။ တခဏတာ ဆာလောင်မှု၊ လိုချင်တပ်မက်မှု၊ ဇာတိကို ဦးစားပေးပြီး မိမိ၏ဖြစ်ခြင်းအပေါ် မထီမဲ့မြင်ပြုမိသလား။ သားဦးအရာကို ပဲဟင်းနှင့်လဲစားသလို ဘုရားသားအရာကို ဘာနဲ့သင်လဲနေမိသလဲ။
ဆိုကြပါစို့ ... တခဏတာ နာမည်ကြီးဖို့၊ အထက်လူကြီးနဲ့သင့်တင့်ဖို့၊ ရာထူးတိုးဖို့၊ စသဖြင့်တွေရဖို့ကို အရက်ဝိုင်းလိုက်ထိုင်ရခြင်းလား၊ တံစိုးစားနေရသလား၊ အရောအနှော (Compromise) လုပ်နေမိပြီလား၊ သင်သည် ဧသောကဲ့သို့ သားဦးအရာကို ပဲဟင်းနှင့် လဲစားနေမိသလားဆိုတာကို ဆင်ခြင်ကြည့်ပါ။ ဘုရားဘုန်းတော်ကို ရှုံ့ချစရာဖြစ်စေသောသူ၊ မိမိ၏ ဖြစ်ခြင်းအပေါ် မထီမဲ့မြင်ပြုမိသောသူ မဖြစ်စေဖို့ရာ ဘုရားရှင်သင့်ကို စကားပြောပါစေ။
ထိုအရာတွေက မသိသာပါဘူး၊ ဧသောပြောသလိုပဲ ငါဆာလွန်းလို့ သေတော့မယ် သားဦးအရာက ဘာအကျိုးရှိသလဲဟုဆိုသလိုပင်၊ ဒီတိုင်းနေတာ ဘာအကျိုးရှိသလဲ ဘုရားကစိတ်ထဲမှာရှိတယ်၊ ဒါပေမယ့် အခွင့်အရေးရဖို့ ဒါကလုပ်ရမယ်၊ လူတိုင်းဒါမျိုးလုပ်နေကြတာပဲ ဒီလို ဝိုင်းမှာ လိုက်ထိုင်ရမှ တိုးတက်နိုင်တယ် လူရာဝင်မယ်၊ နိုင်ငံခြားသားတွေက ဒါမျိုးမှကြိုက်တယ်ဆိုပြီး မသိမသာ ပဲဟင်းနှင့်လဲစားမိမှန်းမသိ လဲစားမိသွားနိုင်တယ် ဆိုတာကို သတိပြုပါ။ ဥပမာပေးခြင်းသာဖြစ်ပါတယ်၊ အခြားအရာများစွာကတော့ ဆင်ခြင်ကြည့်နိုင်ပါတယ်။
ကျွန်တော်တို့ ယုံကြည်သူခရစ်ယာန်များသည် မိမိ၏ ဘုရားသားဖြစ်ခြင်း (Idenity) ကိုသိမှတ်ကြဖို့လိုပါတယ်၊ မိမိ၏ လက်တလောလိုချင်တပ်မက်မှု၊ ဆာလောင်မွတ်သိပ်မှု၊ ဇာတိသဘောတွေကို ဦးစားမပေးမိကြဖို့ သတိပြုကြရအောင်။ ဘုရားဘုန်းတော်ထင်ရှားသော သူတွေဖြစ်စေကြပြီး၊ ဒုတိယမွေးခြင်းခံ ဘုရားသားအရာကို ဇာတိသဘော ပဲဟင်းတွေနှင့် ဘယ်တော့မှ လဲမစားသောသူများ ဖြစ်ကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet