သင်ကယ်တင်ခြင်းရဖို့ဘုရားသခင်အလိုတော်ရှိပါတယ်

Covid ဆိုသောအသံကြားလိုက်တာနဲ့ ကုသဖို့ရော၊ကာကွယ်ဖို့ရော ဆေးမရှိသေးသော ကူးစပ်ရောဂါလို့ပြေးမြင်တတ်ကြမှာပါ။ ဒါလည်းတနည်းအားဖြင့်တော့ဟုတ်ပါတယ်။ တကယ်တော့ဆေးတော့ပေါ်လာဦးမှာပါပဲ၊အသက်ရှင်နေသ၍မျှော်လင့်လို့ရတယ်မဟုတ်လား။ဒီလိုပဲ ဟိုအရင်အချိန်တွေတုန်းကလဲ SARS တို့ MARS တို့ ဝက်တုတ်ကွေးတို့ ပလိပ်ရောဂါတို့ ဘာညာအစရှိသဖြင့်လဲ ဆေးမရှိလို့ သေဆုံးခဲ့ကြတာပါပဲ။ အချိန်တစ်ခုရောက်တော့လဲဆေးဆိုတာပေါ်လာခဲ့သေးတာပါပဲ။ ဒါ့ကြောင့် စိတ်မပျက်ပါနဲ့ သင်အသက်ရှင်နေသမျှကာလပတ်လုံးမျော်လင့်လို့ရပါသေးတယ်။
ဒီအရာကသင့်ဘဝ၊သင်ချစ်သောသူတွေနဲ့ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မယ်လို့ သင်ထင်ကောင်းထင်ရနိုင်ပါတယ်။
သို့သော်တကယ်တမ်းကမ္ဘာကြီးကိုကိုင်လှုပ်နိုင်တာဟာ ချစ်ခြင်းမေတ္တာပါပဲ။
ဥပမာ။ မာသာတရီဇာ၊ ဒေးဗစ်လစ်ဗင်းစတုန်း၊ ဆရာကြီးယုဒသန်၊ အစရှိသဖြင့် ချစ်ခြင်းမေတ္တာနဲ့ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့ကြဖူးပါတယ်။ ထိုသူတွေဟာ အမျိုးမျိုးသောဆင်းရဲဒုက္ခတွေခံစားခဲ့ရတယ်၊သို့သော် သူတို့ကတော့ မေတ္တာမပျက်ပဲ လုပ်ဆောင်ရမဲ့အရာတွေကိုချစ်ခြင်းမေတ္တာနဲ့လုပ်ဆောင်ခဲ့ခြင်းအားဖြင့် ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တယ်။လူတွေကိုပြောင်းလဲစေခဲ့တယ်။
သူတို့အားဖြင့် လူတွေဘုရားကိုမြင်စေခဲ့တယ်။
သင်ရောနဲ့ကျွန်တော်ရော Covid ကိုကျော်လွန်၍ ချစ်ခြင်းမေတ္တာပြသနိုင်ပါရဲ့လား။ ရန်သူကိုပင်ချစ်နိုင်သော မေတ္တာ၊မိမိကိုကြိမ်ဆဲ၊ဆဲရေးသောသူကိုပင် မေတ္တာပို့နိုင်သော၊မိမိကိုမုန်းသောသူကိုပင် ကျေးဇူးပြုတတ်သောမေတ္တာ၊ မိမိကိုနှောက်ယှက်ညှင်းဆဲသောသူတို့အဖို့ကိုတောင် ဆုတောင်းပေးတတ်သော ချစ်ခြင်းမေတ္တာ၊ ဒါတွေအားဖြင့် ကမ္ဘာကြီးကိုကိုင်လှုပ်ကြပါစို့လား။
မေတ္တာဆိုတာ စိတ်ရှည်တတ်တယ်၊ကျေးဇူးပြုတတ်တယ်၊ဂုဏ်ပြိုင်ခြင်းတွေမရှိဘူး၊မာန်မာနတွေမရှိဘူး၊ဝါကြွားခြင်းဆိုတာတွေမရှိဘူး၊ဖောက်ပြန်ခြင်းသဘောဆိုတာလုံးဝမရှိဘူးပဲ။ ချစ်ခြင်းမေတ္တာကအပြစ်ရှိတယ်လို့တောင်မထင်တတ်ဘူးလို့ဆိုပါလား။ အပြစ်တွေကိုတောင်ဖုံးအုပ်ပေးနိုင်တယ်၊ခွင့်လွတ်ပေးနိုင်တယ်ပေါ့။
စားသောက်ခြင်းအမှုပြုတာတောင် ချစ်ခြင်းမေတ္တာမပါတဲ့ စားကောင်းသောက်ဖွယ်တွေစားရခြင်းထက် ချစ်ခြင်းမေတ္တာပါတဲ့ ဟင်းရွက်တစ်နပ်စာကတောင်သာ၍ချိုမြိန်တယ်မဟုတ်ပါလား။
လူတွေကပြောကြတယ် ယနေ့ခေတ်အချိန်အခါသည် ချစ်ခြင်းမေတ္တာခေါင်းပါးလာကြပြီ၊ကိုယ်ချင်းမစာတတ်ကြဘူး၊လူ့အကျင့်စရိုက်တွေဆိုးလာကြပြီ။ ဒီလိုချစ်ခြင်းမေတ္တာမျိုးဘယ်မှာရှာလို့ တွေ့နိုင်ပါ့မလဲ။
နှုတ်ကပါတ်တော်တစ်ချက်မှာတော့ဒီလိုဆိုပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၁၆
ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကိုငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။
ဒီရောဂါတွေကို ဆေးမရှိလို့ဆိုပြီးကြောက်နေဖို့မဟုတ်ဘူး၊အသက်ရှင်နေသ၍မျှော်လင့်ချက်ရှိသေးတယ်၊မျှော်လင့်လို့ရသေးတယ်။
ဒါ့အပြင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတွေကိုသင်ဟာခံစားရဖို့ထိုက်တန်သောသူဖြစ်တယ်။ မိတ်ဆွေမြည်းစမ်းကြည့်ပါ။ ဒီလောကကြီးထဲကိုသင်ဟာမတော်တဆရောက်လာတာမဟုတ်ပါဘူး။
သင်ကယ်တင်ခြင်းရဖို့ဘုရားသခင်အလိုတော်ရှိပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။