No Complain, Follow His Will

စောဒကတက်ခြင်းဆိုသောအရာကို လူတိုင်းလုပ်ဖူးကြမည်ထင်ပါသည်။ "ငါ့ကို အထွန့်မတက်နဲ့" ဟုလဲပြောဖူး ကြားဖူးကြဦးမည်။ အလုပ်တစ်ခုခုကိုဖြစ်စေ အကြောင်းတစ်ခုခုကိုဖြစ်စေ လုပ်ဆောင်ရာတွင် တစ်ဦးတစ်ယောက်မှ ပြန်လည်၍ စောဒကတက်ခြင်းမျိုး၊ အထွန့်တက်ခြင်းမျိုးတွေ ဖြစ်သည်။ ဥပမာ ... အမေလုပ်သူက ထမင်းအိုးတည်ခိုင်းရာတွင် သားသမီးဖြစ်သူမှ ထမင်းအိုးမတည်ချင်၍ စောဒတက်ခြင်း၊ သို့မဟုတ် ထမင်းအိုးသည် တည်ရန်အဆင်ပြေနေသော်လည်း အမေ့ထမင်းအိုးက သေးနေတယ် ကြီးတာလေးနဲ့မှ အဆင်ပြေမှာဆို၍ အထွန့်တက်ခြင်းမျိုးဖြစ်ပေသည်။
ကျွန်တော်တို့ယုံကြည်သူများမှာလည်း အင်မတန် စောဒကတက်ကြသူများဖြစ်ကြသည်။ တစ်ခုခုဆိုရင် စောဒကလေးတက်လိုက်ရမှ၊ တစ်ခုခုဆိုရင် အထွန့်လေးတော့ တက်လိုက်ရမှ နေသာထိုင်သာရှိတတ်ကြသူများဟုဆိုရပေဦးတော့မည်။ ပြန်လည်၍ ဆင်ခြင်ကြည့်တဲ့အခါမှာတော့ အထွန့်တက်တယ် စောဒကတက်တယ်ဆိုတဲ့အရာမှာ မိမိတို့ဇာတိသဘော၏ အလိုဆန္ဒကြောင့်သာ ဖြစ်သည်မဟုတ်ပါလား။ တကယ်တမ်းသာ အလိုတော်ကို ဝန်ခံနိုင်ရင်တော့ ဒီလိုဆိုရင်ကောင်းမယ်တို့၊ ဟိုလိုမှဖြစ်မယ်တို့ စသဖြင့် အထွန့်တွေ အတက်တွေ အကိုင်းတွေ အခက်တွေ စောဒကတွေ တက်နေကြမည်မဟုတ်ပါ။
တမန်တော်ဝတ္ထု အခန်းကြီး (၉)ကိုဖတ်တဲ့အခါမှာ ရှင်ပေါလု (ရှောလု) ၏ အဖြစ်ကိုမြင်တွေ့ရပါတယ်။ သူသည် ခရစ်ယာန်တွေကို နှိပ်စက်ညှင်းဆဲသောသူ၊ အကျဥ်းချဖမ်းဆီးတတ်သောသူ၊ အသက်ကိုရန်ရှာ ခြိမ်းခြောက်တတ်သူ၊ ခရစ်ယာန်တွေကို သတ်ရလောက်တဲ့အထိ စိတ်အားကြီးသောသူတစ်ယောက်ဖြစ်သည်။ ဒမာသတ်သွားရာလမ်းမှာတော့ အလင်းတန်းကိုမြင်ပြီးနောက် "ရှောလု ရှောလု အဘယ်ကြောင့်ငါ့ကို ညှဥ်းဆဲသနည်း" ဆိုသောအသံကိုကြားကာ မျက်စိလည်း မမြင်တော့ပေ။
ဒီအဖြစ်ကြောင့် ရှောလုပေါ်သို့ လက်တင်၍ ဆုတောင်းပေးရန် အာနနိသည် စေလွှတ်ခြင်းကိုခံရသည်။ အာနနိကလည်း ကိုယ်တော် ဒီလူက ယေရုရှလင်မြို့က သန့်ရှင်းသူတွေကို ညှဥ်းဆဲတဲ့သူလို့ ကြားဖူးတယ်နော်၊ ကျွန်တော်တို့ခရစ်ယာန်တွေကို နှိပ်စက်တဲ့သူလေ၊ ခရစ်ယာန်တွေကိုဖမ်းတာလည်းသူပေါ့၊ သတ်ပစ်တာလည်းသူပဲ၊ ဒီကိုလာတာလည်း အကြံနဲ့လာတာ ဖမ်းဆီးဖို့ပဲလေကိုယ်တော်၊ ယဇ်ပရောဟိတ်ရဲ့ အခွင့်နဲ့တောင် လာတာဆိုတဲ့ စောဒကလေးကို မြင်ရပါတယ်။ သူ့နေရာမှာ ကြည့်ရင်တော့ ဟုတ်ပါတယ်။ စိုးရိမ်စရာကောင်းတယ်၊ ကြောက်စရာဖြစ်တယ်၊ ကိုယ့်ကိုဒုက္ခပေးတဲ့သူပဲ ကန်းပါစေပေါ့၊ ကန်းလဲအေးရော၊ ကန်းရုံမကလို့ နားပါမကြားရင် ပိုတောင်ကောင်းသေးတယ်မဟုတ်ပါလား။ ဒါပေမယ့် အာနနိရဲ့ ဥာဏ်လေး တစ်ထွာတစ်မိုက်လောက်သည် ဘုရားသခင်၏ အကြံအစည်တော်ကို ဘယ်လို မှီနိင်မှာလဲ။ အတုယူရန်မှာ ... အာနနိစိုးရိမ်တယ်၊ ကြောက်မိနိုင်တယ်၊ ဒီလူကို မကောင်းဘူးသိတယ် သို့သော် အလိုတော်အတိုင်း ဆက်သွားတယ်ဆိုတာကို မြင်တွေ့ရတယ်။ ဒါ့ကြောင့်လည်း ရှင်ပေါလုကို ဘုရားသခင်ဘယ်လို အသုံးပြုမယ်ဆိုတာကို သူသိခဲ့ရတယ်။ တကယ်လဲ ရှင်ပေါလု၏ အသက်တာသည် လုံးဝခြားနာသွားတာ အားလုံးအသိပဲမဟုတ်ပါလား။
တမန်တော်ဝထ္ထု ၉:၁၅
သခင်ဘုရားကလည်း၊ ထိုသူကားတပါး အမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏။
နောက်ထပ် အကြောင်းအရာကတော့ တမန်တော်ဝတ္ထု အခန်းကြီး (၁၆)ကို ကြည့်ရင် ဝိညာဥ်တော်မြစ်တားခြင်းကို မြင်ရပါတယ်။ အာရှရိပြည်မှာ နှုတ်ကပတ်တော် ဝေငှဖို့၊ ဧဝံဂေလိဟောဖို့ကို တားမြစ်ခြင်းခံရပါတယ်။ ပြောမယ်ဆိုရင် ဧဝံဂေလိတရားဟောမှာသည် သိပ်ကောင်းတဲ့အရာဖြစ်သော်လည်း ဘုရားသခင် ပြင်ဆင်တဲ့ အခြားအရာရှိသောကြောင့် ဒီအချိန်ကို တားမြစ်၍ အခြားသို့ သွားစေရန် ဖြစ်စေခဲ့တယ်။ လူ့အနေနဲ့ကြည့်ရင် ဧဝံဂေလိတရားကို မြစ်တားတယ် ရှင်ပေါလုကို မသွားဖို့တားမြစ်တယ် ဒါ့ကြောင့် ဒီအရပ်က အမှောင်လောကသားတွေ၊ မိစ္ဆာကောင်တွေ၊ လူမိုက်တွေ၊ ပညာမဲ့တွေ၊ ဘုရားသခင်၏ ကျေးဇူးတော်မရှိတဲ့အရပ်၊ ရှင်ပေါလုကို မြစ်တားလို့ ဒီအရပ်မှာ ကျေးဇူးတော်ကာလကုန်ပြီ လို့ လူ့သဘောနဲ့ ပေါက်ကရထင်နိုင်သော်လည်း ရှင်ပေါလုသည် မထင်ခဲ့သလို အခြားသူများမထင်ခဲ့ကြပါ။
တမန်တော်ဝထ္ထု ၁၆:၆
ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်သည်မြစ်တားတော်မူသဖြင့်၊
မုသိပြည်ကိုရောက်သော်လည်း ဗိသုန်ပြည်သို့သွားခြင်းငှာ အခွင့်မပေးခဲ့ပြန်။ ဒီလိုနဲ့ တရောမြို့ကိုရောက်တဲ့အခါမှာတော့ မာကေဒေါနိပြည်သို့သွား၍ ထိုသူတွေကို မစ စေရန် ဗျာဒိတ်တော်ကိုရခဲ့သည်မဟုတ်ပါလား။ ဒီအရာတွေကို ကြည့်မယ်ဆိုရင်ဖြင့် ဘုရားသခင် မြစ်တားသော အရာအတွက် ဘုရားသခင်၏ အကြံအစည်တော်ရှိသည်။ ဧဝံဂေလိတရား အာရှိပြည်မှာ ဟောတာမကောင်းဘူးလား မေးရင် ကောင်းတယ်ဖြေကြမှာပါ သို့သော် လျှာမရှည်နဲ့ အလိုတော်က မာကေဒေါနိသွားလို့ပြောရင် သွားရမည်မှာ ရှင်ပေါလု၏အလုပ်ပင်။ တစ်ခါတစ်ခါ ကျွန်ုပ်တို့က လျှာရှည်တတ်ကြသည်မဟုတ်ပါလား။
တမန်တော်ဝထ္ထု ၁၆:၁၀
ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။
ကျွန်တော်တို့ကလည်း အရမ်း လျှာရှည်တတ်သော အမျိုးတွေပင်ဖြစ်သည်။ တစ်ခါတစ်ခါကျပြန်တော့လည်း ဘုရားသခင်ပေးတာကို မလိုချင်၊ ထားရာမှာ မနေချင်၊ ခိုင်းတာကို မလုပ်ချင်၊ ပြောတာကို နားမထောင်ချင်သော အဖြစ်ကိုလည်း ဖြစ်နေလို့ဖြစ်နေမှန်းမသိ ဖြစ်နေတတ်ကြပြန်ပါသေးသည်။ မိမိ၏ဇာတိသဘော၊ မိမိ၏ဥာဏ်လေး တစ်ထွာတစ်မိုက်လောက်နှင့် မိမိကောင်းတယ်ထင်ရာကိုသာ စွတ်တောင်းတတ်ကြသည်။ ကောင်းတယ်ထင်ရာ စွတ်လုပ်တတ်ကြသည်။ ဘုရားသခင်ထက် သာ၍ သိကြ တတ်ကြသယောင်လုပ်မိကြသည်။ အလိုတော်ကို ဘာမှန်းမသိ ညာမှန်းမသိ မိမိ၏ဇာတိသဘောနှင့်သာ မိမိကောင်းမယ်ထင်ရာတွေကို စောဒကတတ်ကြသူများမှာ ကျွန်ုပ်တို့ပင် ဖြစ်နေတတ်ကြသည်။ ဘုရားသခင်က အဖြေတစ်ခုပေးထားလျှင် လက်မခံနိုင်၊ ဝန်မခံနိုင်ကြပေ။ ဒါလေးက ဘယ်လို၊ ဒါလေးကတော့ ဒီလိုမှကောင်းတာပေါ့၊ ဒါကြီးဆို ဘယ်ကောင်းမလဲ စသဖြင့် စောဒကလေးတွေ အထွန့်လေးတွေတက်ရင်း ရှင်ပေါလုကို မျက်စိကန်းစေချင်သူတွေ၊ အာရှိပြည်မှာသာ နှုတ်ကပတ်တရားဟောချင်နေသူတွေ ဖြစ်နေသလားဆိုတာကို ဆင်ခြင်ကြည့်ရန်လိုပါသည်။
ဒါ့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ အလိုတော်ကို ဝန်ခံနိုင်ရန်လိုပါသည်။ မိမိအမြင်မှာ ကောင်းမည်ထင်သော်လည်း ထိုအရာကို ဝိညာဥ်တော်မြစ်တားခြင်းဖြစ်တဲ့အခါ ဝန်ခံတတ်ပါစေ။ တစ်ခါတစ်ရံမှာလည်း မိမိအမြင်မှာ လူတစ်ယောက်ကို မကောင်းဘူး၊ ခရစ်ယာန်တွေကို ထိခိုက်သူဟုထင်သော်လည်း ဘုရားသခင်၏ ဆုတောင်းပေးပါဟုဆိုသောအရာပေါ်ကို နာခံနိုင်ပါစေ။ အသင်းတော်ကိုညှဥ်းဆဲသူ၊ ခရစ်ယာန်တွေကို ဖမ်းဆီးသူဟုထင်ရသောသူကို ဘုရားသခင်ရွေးကောက်တဲ့အခါမှာလည်း အလိုတော်ကို ဝန်ခံနိုင်ကြပါစေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ဥာဏ်လေး တစ်ထွာတစ်မိုက်လောက်နှင့် ဘုရားသခင်၏ အကြံအစည်တော်ကို ဘုရားသခင်ထက်ပဲ သာ၍ သိသယောင်ယောင် မဖြစ်စေရန် အင်မတန်အရေးကြီးသောကြောင့်ပင်ဖြစ်သည်။ ဒါ့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူများသည် ဘုရားသခင်၏ အလိုတော်ကို ဝန်ခံတတ်ကြပြီး အထွန့်တွေ စောဒကတွေ မတက်ကြသောသူများ ဖြစ်ကြပါစို့ဟု အနည်းငယ် တိုက်တွန်းဝေမျှလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet