ချစ်ကြောက်ခြင်း

GOD is LOVE ဆိုပြီးဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ဆိုသောစကားအမြဲကြားရပါတယ်။ မှန်ပါတယ်ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာကိုအခွင့်ကောင်းယူပြီးအပြစ်လုပ်ဖို့တော့မဟုတ်ဘူးဆိုတာကိုနားလည်ရပါတယ်၊ အခုခေတ်ကဘုရားကိုချစ်ရမယ်ပဲသိတော့တယ် ၊ ဘုရားကိုကြောက်ရမယ်ဆိုတာပျောက်သွားတယ်။ ဒါ့ကြောင့်လဲ ကယ်တင်ခြင်းရရင် ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့စကားတွေ ၊ ဝန်ချတောင်းပန်စရာမလိုဘူးဆိုသောစကားတွေ ၊ ကြိုက်သလောက်အပြစ်လုပ်လို့ရတယ်ဆိုတာတွေထွက်လာခြင်းဖြစ်ပါတယ်။ ကျေးဇူးတော်ကိုတလွဲသုံးခြင်း ၊ အလွဲသုံစားလုပ်ခြင်း ၊ အသွေးတော်ကိုပြစ်မှားခြင်းတစ်မျိုးဖြစ်နေတယ်ဆိုတာကိုမေ့နေတတ်ကြပြီးတော့ ၊
တချိန်မှာယေရှုခရစ်တော်ရဲ့တရားပုလ္လင်ရှေ့မှာပေါ်လာဦးမှာကိုသတိမရတော့ချေ။
မိသားစုတစ်ခုမှာ အမေရယ် ၊ အဖေရယ် ရှိပါတယ်။ သားသမီးတွေက မိဘ ၂ယောက်စလုံးကိုတော့ချစ်ကြတာပါပဲ။ သို့သော် အမေ့ကိုချစ်တဲ့ပုံနဲ့အဖေ့ကိုချစ်တဲ့ပုံမတူပါ။ ချစ်တာခြင်းတော့အတူတူပဲချစ်တာပါပဲ ဒါပေမယ့် အဖေ့ကိုတော့ ချစ်ကြောက်ရိုသေတာမျိုးဖြစ်တယ်ဆိုတာကိုနားလည်ရတယ်။ ဥပမာ အမေက စာကျက်ခိုင်းတာနဲ့ အဖေကစာကျက်ခိုင်းတာမတူသလို ၊ အမေ့ရှေ့စကားပြောခြင်းနဲ့အဖေ့ရှေ့စကားပြောခြင်းမတူပါ။ အမေသွန်သင်တာလိုက်နာပုံ အဖေသွန်သင်တာလိုက်နာပုံမတူဘူးဖြစ်တယ်။ ချစ်ရုံချစ်ရင်လိုက်နာချင်မှလိုက်နာမယ် ၊ အမေပြောတာခိုင်းတာမလုပ်တော့ဘဲအမေ့ကိုကပ်ချွဲလိုက်ရင်ရပါတယ်ကွာဆိုတာမျိုးပေါ့ ၊ အဖေကျတော့ မတူပြန်ဘူးပဲ။ ကြောက်ရသူမို့သေချာလိုက်နာတာကိုနားလည်ရတယ်။ အသေးစိတ်ကအစပေါ့။
ကျောင်းစာသင်တဲ့အချိန်မှာ တပည့်တွေကဆရာမတွေကိုချစ်တာခြင်းတူပေမယ့် ချစ်ရုံချစ်တဲ့ဆရာမစာသင်တဲ့အချိန်မှာ ပေါ့ပျက်ပျက်စာလုပ်တာ ၊ ထမင်းခိုးစားတာ ၊ အချိန်ပြေးတာစသဖြင့်ရှိတတ်ကြတယ်။ ကြောက်ပြီးချစ်ရတဲ့ဆရာမရဲ့အချိန်မှာတော့ စည်းကမ်းရှိမယ် ၊ စာသေချာလိုက်လုပ်မယ် ၊ စသဖြင့်အမှတ်ပိုကောင်းမယ်။ စသဖြင့်မတူသလိုမတူဘူးဆိုတာကိုနားလည်ဖို့ရှိပါတယ်။
ဒီလိုပါပဲ ဘုရားသခင်ကိုချစ်ဖို့သာမဟုတ်ဘဲကြောက်ဖို့လဲလိုသေးတယ်ဆိုတာကိုနားလည်စေချင်တယ်။ ယနေ့ခရစ်ယာန်တွေကပေါ့ပျက်ပျက်နိုင်လာကြတယ်။ ဘုရားသခင်ကချစ်ခြင်းမေတ္တာဆိုပြီးလုပ်ချင်ရာလုပ်တယ်။ တကယ်တော့ဘုရားသခင်ကခွင့်လွှတ်ပေမယ့် မိမိစိုက်တဲ့အတိုင်းမိမိရိတ်ရဦးမယ်ဆိုတာကိုတော့မေ့နေတတ်ကြပါတယ်။ ဖြောင့်မတ်သောသူတောင်မြေကြီးပေါ်မှာအပြစ်ဒဏ်ခံရပါတယ် ၊ မတရားသောသူနဲ့အပြစ်ထင်ရှားသောသူကဘယ်လိုဆိုစရာရှိမလဲလို့ (သုတ္တံ ၁၁:၃၁) မှာရေးထားတာကိုသတိရမိပါတယ်။
ကျွန်တော်တို့ယုံကြည်သူတွေသည် ဘုရားသခင်ကိုချစ်ရမယ် မှန်ပါတယ်။ အပြစ်တရားနဲ့ပါတ်သတ်ရင် ၊ ဘုရားမကြိုက်တဲ့အရာတွေနဲ့ဆိုင်ရင် ကြောက်ရမယ်ဆိုတာကိုနားလည်စေချင်ပါတယ်။
ဥပမာ။ အရက်သောက်မလား ဘုရားမကြိုက်ဘူးကွာမသောက်ဘူး ၊ မတရားသောမေထုန်ဘုရားမကြိုက်ဘူးမလုပ်ဘူး။ စသဖြင့်ပေါ့။ မှားခဲ့တယ်ဆိုလျှင် ဝန်ချတောင်းပန်ဖို့ဖြစ်ပါတယ် ၊ နောက်ကိုမမှားစေဖို့လဲဖြစ်ပါတယ်။
ဆာလံကျမ်း ၁၁၁:၁၀
ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဉာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည်သတည်း။
အချုပ်အားဖြင့်ဆိုသော် ယုံကြည်သူတွေသည်ဘုရားကိုချစ်ရုံမဟုတ်ဘဲ ချစ်ကြောက်ရိုသေလျက် ကိုးကွယ်သောသူများဖြစ်စေပြီး ၊ ပညတ်တော်တို့ကိုပြည့်စုံစေဖို့ရာလာသည်ဟုဆိုသောယေရှုခရစ်တော်နှင့်အသက်ရှင်သောသူများဖြစ်စေဖို့ရာအနည်းငယ်ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။