ပိုင်းခြားကာဆင်ခြင်ပါ

ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေကပိုင်းခြားနားလည်တတ်ဖို့အရမ်းလိုအပ်ပါတယ်။ သူများပြောတိုင်းယုံဖို့မဟုတ်ပါ။ စီနီယာပြောတိုင်း ၊ အသက်ကြီးသူပြောတိုင်း ၊ သူတပါးပြောတိုင်း ၊ ဆရာသမားပြောတိုင်း ၊ အသင်းတော်ကြီးတိုင်း ၊ မီဒီယာမှာနာမည်ကြီးတိုင်း ၊ ကျမ်းစာတစ်ချက်နှစ်ချက်လောက်သုံးထားတိုင်း ၊ ဘာရယ်ဆိုတာကိုသေချာပိုင်းခြားမသိဘဲ မျက်စိပိတ်ယုံလို့မရချေ။
ဗေရိမြို့သားတွေဟာသက်သာလောနိတ်မြို့သားတွေထက်ထူးမြတ်တယ်ဘာလို့လဲဆိုရင်တဲ့ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူပြီး မှန်လားမမှန်လားသိဖို့ရာကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြတယ်လို့ဆိုတယ်။ ကျွန်တော်တို့ကသေသေချာချာမသိရင် အလိမ်ခံရမယ်ဖြစ်တယ်။ ဟိုမှာယေရှု ဒီမှာယေရှု ၊ တရုတ်ပြည်မှာယေရှု ၊ ယေရှုကကြွလာမယ်သာပြောတာ ယောကျ်ားမိန်းမလို့မပြောထားဘူးဒီတော့ မိန်းမယေရှုကတရုတ်ပြည်မှာလာခဲ့ပြီးပြီဆိုလဲ ယုံတာပဲဆိုရင်တော့ ဒီကျမ်းချက်လေးနဲ့သတိပေးပါရစေ။
ရှင်မဿဲခရစ်ဝင် ၂၄:၅
အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
ပညာနည်းသောကြောင့်ပျက်စီးဆုံးရှုံးခြင်းသို့မရောက်စေဖို့ရာသတိပြုရမှာဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ ကျမ်းစာကိုသေချာမသိထားရင် သူတပါးအလွယ်တကူလိမ်နိုင်တယ်။ ကျမ်းစာကိုလက်တစ်လုံးကြားလုပ်ပြီးသုံးသွားနိုင်တယ်ဆိုတာကိုသတိပြုကြဖို့လိုပါတယ်။ ဥပမာ ၊ ဘုရားလူကိုမစီရင်နဲ့ ၊ ဘုရားဘိတ်သိပ်ခံရသူကိုမစော်ကားပါနဲ့ဆိုတာမျိုးတွေဟာ ကျမ်းစာကိုလက်တစ်လုံးကြားလုပ်ခြင်းတစ်မျိုးပါ။ ကျမ်းချက်ရဲ့ဆိုလိုရင်းနဲ့အခြေအနေ ၊ ဘယ်သူကဘယ်သူ့ကိုပြောတာဘယ်လိုအချိန်မှာပြောတာဆိုတာကိုမသိတော့အလှည့်ခံလိုက်ရကြတယ်။ ဆိုကြပါစို့ ဘိတ်သိပ်ခံဘုရင်ဒါဝိတ်မှားကြောင်းကိုထောက်ပြကြတာတွေရှိတယ် ၊ ရှောလုကိုသတိပေးတာရှိတယ် ၊ အစရှိသဖြင့်ပေါ့။( ၂တိ၃:၁၇) ကိုကြည့်ရင် ဘုရားလူဟာသွန်သင်ပေးတယ် ၊ အပြစ်ဖော်ပြတယ် ၊ ဩဝါဒပေးရတယ်စသဖြင့်ကိုတွေ့ရမှာဖြစ်တယ်။ နောက်တစ်ခုက ယုံကြည်သူတိုင်းဟာဘုရားဘိတ်သိပ်ခံရသူဆိုတာကိုမသိတော့ သူတပါးပြောတိုင်းယုံမိတာဖြစ်ပါတယ်။
ကျမ်းစာကိုသေသေချာချာမသိနားမလည်တဲ့အခါမှာ ဘုရားလုပ်တဲ့အမှုကလူမသိနိုင်ဘူး မဆီးတားနဲ့ဆိုသောစကားနဲ့ချုပ်ခံလိုက်ရတာတွေရှိတယ်။ စာတန်ပင်လျှင်ကျမ်းစာသုံးပြီးလှည့်ဖျားတယ်ဆိုတာကိုနားလည်ရသောကြောင့် ကျွန်တော်တို့တွေဟာကျမ်းစာမဖတ်မလေ့လာထားရင် ဘယ်လိုများအယူလွဲတွေကိုကာကွယ်ကြရမလဲ။ မိမိဘာကိုယုံကြည်သလဲ ၊ ဘာကိုကိုးကွယ်သလဲဆိုတာကို နားမလည်ရင်ဘယ်လိုရှေ့ဆက်အသက်တာမှာရပ်တည်မလဲ။
စံထားရမယ့်ကျမ်းစာကိုမသိထားသောကြောင့် ထိုအယူလွဲများကဒီကျမ်းကမပြည့်စုံဘူး သူတို့ကျမ်းစာကမှဘုရားမှုတ်သွင်းထားတာအသစ်ပါဆိုရင်လဲယုံသွားနိုင်တယ်ဆိုတာသတိပြုပါ။ စံနှုန်းထားသောကျမ်းကိုမသိတဲ့အခါအသစ်ရေးထားသောအရာတွေကိုတကယ်ထင်တတ်တယ် ၊ ကျမ်းအသစ်ရေးပြီးမိမိကိုယ်ကိုယ်ပြင်ထားသူတွေအများကြီးရှိပါတယ် ၊ မိမိဟာယေရှုပါဆိုသူတွေလဲအများကြီးပါ ဒါတွေကိုမသိတဲ့အခါမှာအယူလွဲနောက်ပါသွားကာအလွဲတွေယူရင်းအသက်တာမှားယွင်းပြီးကယ်တင်ခြင်းလမ်းမှလွဲသွားနိုင်သောကြောင့် ယုံကြည်ခြင်းသင်္ဘောမှောက်သွားတတ်ပါတယ်။
ဒီတော့ကကျွန်တော်တို့တွေဟာဒီလိုအယူလွဲတွေရဲ့ စာတွေ ၊ ပုံတွေ ၊ Video တွေကိုပြန်မတင်ဖို့ ၊ မရှဲဖို့သတိထားကြရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကပိုင်းခြားတတ်ရင်တောင် သူတပါးအတွက်ထိမိ၍လွဲမှားသွားနိုင်စရာရှိတယ် ၊ ကယ်တင်ခြင်းလမ်းလွဲသွားနိုင်သောကြောင့်သတိပြုဆင်ခြင်ကြပါလို့အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်။ ဒါ့ကြောင့်မို့လို့ သမ္မာကျမ်းစာကိုစေ့စေ့ဖတ်ရှုဆင်ခြင်နှလုံးသွင်းကာ မှန်သည်မမှန်သည်ကိုဘယ်သူပြောပြောပိုင်းခြားနားလည်တတ်စေဖို့ရာအနည်းငယ်ဝေမျှချင်ပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၇
လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi