ပိုင်းခြားနားလည်တတ်သော ဥာဏ်ပညာ

လူသည် အမျိုးမျိုးကို ကြံစည်တတ်၏။ ကောင်းသောအရာ၊ ဆိုးသောအရာ အစရှိသဖြင့် လုပ်ဆောင်ကြံစည်တတ်ကြလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ပိုင်းခြားနားလည်နိုင်သော ဥာဏ်ပညာကို လိုအပ်ပေသည်။
ဆာလံဆရာက "မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်" ဟုဆိုပါသည်။ ကျွန်ုပ်တို့၏ အသက်ရှင်ခြင်းသည် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းရှိပါရဲ့လား၊ မတရားမှုနှင့် အတူရှိနေသလား၊ မတရားသောအရာတို့ကို အားပေးနေမိသလား၊ မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ပါနေသလား ယနေ့မှာ ပြန်လည်ဆင်ခြင်ကြရအောင်ဖြစ်ပါတယ်။
ကမ္ဘာလောကကြီးတွင် ခြားနားခြင်းအမျိုးမျိုးရှိနေကြသကဲ့သို့ ကျွန်ုပ်တို့လူသားများသည်ပင်လျှင် ကွဲပြားမှုများစွာရှိကြသည်မဟုတ်ပါလား။ ထို့အတူ ဤကမ္ဘာသည် ယဥ်ကျေးမှုပေါင်းများစွာ၊ နေထိုင်စားသောက်မှုပုံစံများစွာ၊ အတွေးအမြင်၊ အတွေးအခေါ်များစွာ၊ ရှုထောင့်ပေါင်းများစွာဖြင့် Modernism ပေါင်းစုံ စသဖြင့် အမျိုးမျိုးသော ခြားနားခြင်းပေါင်းစုံ အတူယှဥ်တွဲနေထိုင်ကြရာကမ္ဘာမြေဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့မည်သို့ နေထိုင်ရမည်၊ မည်သို့ ပြင်ဆင်ရမည်၊ မည်သို့ ရှင်သန်ရမည်ဆိုသည်တို့ကိုလည်း ပိုင်းခြားနားလည်တတ်ရန်လိုအပ်ပေသည်။ ထို့ကြောင့်လည်း ရှင်ပေါလုက ဖိလိပ္ပိဩဝါဒစာတွင် အသင်းသားတို့အား ဆုတောင်းပေးလျှက်ရှိသည်ကိုလည်း မြင်တွေ့ခဲ့ရပေသည်။
ဖိလိပ္ပိဩဝါဒစာ ၁:၉
ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊
လက်ရှိ အကျွန်ုပ်တို့သည်လည်း ပိုင်းခြားနားလည်တတ်ရန် အင်မတန်အရေးကြီးပေသည်။ အဘယ့်ကြောင့်ဆိုသော် "ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံးခြင်းသို့ရောက်ကြ၏" ဟုဆိုသည့်အတိုင်း ပိုင်းခြားနားလည်သော ဥာဏ်သာမရှိလျှင် မှားယွင်းသောဩဝါဒမှန်းမသိ၊ အဓမ္မမှန်းမသိ၊ အလွဲမှန်းမသိ၊ ရပ်တည်ချက် ဦးတည်ချက်ပျောက်ကာ ခံယူယုံကြည်ချက်လွဲသွားတတ်သဖြင့်ပင်ဖြစ်သည်။ ထိုအရာသည် ဆုံးရှုံးခြင်းသို့ရောက်တတ်ပေသည်။
လမ်းကျဥ်းနှင့် လမ်းကျယ်၊ လူမိုက်နှင့် ပညာရှိ၊ သမ္မာတရားနှင့် မှားယွင်းသောဩဝါဒ၊ မိစ္ဆာဝိညာဥ်နှင့် သမ္မာဝိညာဥ်၊ ဓမ္မနှင့် အဓမ္မ၊ မတရားသောသူနှင့် တရားသောသူ၊ ငြိမ်းချမ်းခြင်းနှင့် မငြိမ်းချမ်းခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မဖြောင့်မတ်ခြင်း၊ အနတ္တနှင့် ထာဝရ အစရှိသဖြင့် ပိုင်းခြားနားလည်တတ်စေရန်လိုအပ်သောကြောင့် ကျွန်ုပ်တို့သည် အရာရာတိုင်းကို ပိုင်းခြားနားလည်သော ဥာဏ်ပညာအမျိုးမျိုးရှိကြပါမည့်အကြောင်း ဆုတောင်းလျှက် ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet