ပန်းတုံးတိုင်အောင်

ခလုပ်ထိမှ အမိတ ... အမေကျော် ဒွေးတော်လွမ်း ဆိုတဲ့ စကားပုံလေးတွေကို လူတိုင်းသိကြမယ် ထင်ပါတယ်။ လူတွေက သွားရင်းလာရင်း ခလုပ်တိုက်မိမှ အမေလို့ ယောင်တယ်လို့ ထင်စရာရှိသော်ငြားလည်းပဲ၊ တကယ်တွေးကြည့်မယ်ဆိုရင် နေချင်သလိုနေ ပျော်ချင်သလိုပျော်ပြီး ခက်ခဲလာမှ၊ ပြဿနာတွေတက်မှ၊ ဒုက္ခတွေရောက်ရတော့မှ အမေဆိုပြီး တမ်းတတတ်ကြတယ်မဟုတ်ပါလား။
ကျွန်တော်တို့ ယုံကြည်သူတွေကလဲ လောကမှာ အသက်ရှင်စဥ်အခါမှာ ခလုတ်တံသင်းတွေ ကြုံတွေရတတ်တယ်။ ဘဝမှာ ရှင်သန်လာရင်း ခက်ခဲမှုတွေကို ရင်ဆိုင်ဖြတ်သန်းရတဲ့အထဲမှာ ယုံကြည်သူတွေလဲ အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကရော ခလုပ်ထိမှ အမိတသလို ခက်ခဲမှုတွေရင်ဆိုင်ရမှ၊ ဒုက္ခဆင်းရဲတွေတွေ့ရတော့မှ ဘုရားကိုတမ်းတမိပါသလား။ သိပ်ကို ဆင်ခြင်စရာ ဖြစ်နေပါတယ်။
သီချင်းလေးတစ်ပုဒ်ရှိပါတယ်၊ "ကျေးဇူးတော်များစွာ ခံစားရတဲ့အခိုက်မှာ ... ကျေးဇူးတော်တန်ဖိုးကို လုံးဝ နားမလည် ... ဒုက္ခဆင်းရဲတွေ ရောက်တော့မှလေ ... ဘုရားကိုတမ်းတတယ် ..."
ဒီသီချင်းလေးလိုပဲ ကျေးဇူးတော် တန်ဖိုးကို နားမလည်ပဲ ဒုက္ခဆင်းရဲတွေ၊ အခက်ခဲပြဿနာတွေ ကြုံတွေ့ရတော့မှသာ ဘုရားကို တမ်းတမိပါသလား မိတ်ဆွေ။
လောကရဲ့ ပျော်ရွှင်စရာတွေ၊ စည်းစိမ်ဥစ္စာတွေ၊ လောကအရာတွေကိုသာ တမ်းတကာ အမေကျော် ဒွေးတော်လွမ်းမိနေသေးသလား။ ကျွန်တော်တို့ရဲ့ တမ်းတခြင်းသည် ခလုပ်ထိမှ အမိတသလို မဖြစ်စေဘဲ ဘုရားသခင်ကိုသာ အမြဲတမ်း မျှော်လင့်၍ နေသောသူတွေ ဖြစ်စေဖို့ရာ ဆင်ခြင်ကြပါစို့။
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၁၇
အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
ဒါ့ကြောင့် ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေရသော ခက်ခဲခြင်းပြဿနာတွေ၊ လိုချင်တပ်မက်သော အရာဝတ္ထု ဂုဏ်ဓနတွေ၊ ခလုတ်တံသင်းတွေသည် ခဏတဖြုတ်သာ ရင်ဆိုင်ကြုံတွေ့ရတဲ့ တခဏတာတည်တဲ့ ထင်ရှားခြင်းတွေဖြစ်ပါတယ်။ ထိုနောက်ကွယ်မှ မမြင်ရတဲ့ ဝိညာဥ်ရေးရာအကျိုးတွေ၊ လက်ရှိမှာ မထင်ရှားတဲ့ ထာဝရကာလအတွက် ကြည့်ရှုဖို့ရာလဲ ဆင်ခြင်စရာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် လက်ရှိမှာ ကြုံတွေ့ခံစားနေရသော ခက်ခဲမှု နာကျင်ခြင်းတွေသည် ထာဝရကာလနှင့်ယှဥ်လျှင် ဘာမှမဟုတ်သကဲ့သို့ပင် ခံစားမိပါတယ်။ ဒါ့ကြောင့် ရှင်ပေါလုက အရင်အရာတွေ အခုအရာတွေ နောက်ကျသော အရာတို့ကို မမှတ်ပဲဟုဆို၍ အရှေ့၌ရှိသော အရာတွေကိုသာ လှမ်းကမ်းတယ်ဆိုသလို ကျွန်တော်တို့ ယုံကြည်သူတွေကလဲ ရှင်ပေါလုကဲ့သို့ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေးတယ်လို့ဆိုသလို ပန်းတုံးတိုင်အောင်သာ ပြေးကြပါစို့ဟု အနည်းငယ်တိုက်တွန်း ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet