လမ်းကြောင်းပြောင်းခြင်း

ဒီကနေ့မှာ လှိုင်သာယာသို့ ကိစ္စရှိသောကြောင့် သွားခဲ့ပါတယ်။ ထိုသို့သွားရင်းနှင့် လှိုင်သာယာသို့ရောက်ခါနီးတွင် တည့်ကြောနှင့် ကွေ့ကြောကို ကားလမ်းကြောင်းယူရန်ဖြစ်လာသည်။ တည့်တည့်သွားရန်အလို့ငှာ လမ်းယူရန်ဖြစ်သော်လည်း ဘယ်ကွေ့ရန်လမ်းကြောင်းလည်းရှိနေသည်။ သို့နှင့် ကြည့်ပြန်သောအခါတွင် ဘယ်ဘက်ကပ်သောလမ်းကို မယူလျှင် တည့်တည့်သွားသောလမ်းဖြစ်နိုင်သည်ဟုမှတ်ယူလိုက်သည်။
သို့သော် မိမိအား ပို၍သေခြာစေခြင်းသည် ၂၁ နံပါတ်လိုင်းကားပင်ဖြစ်ချေသည်။ ထိုကားသည် တည့်တည့်သွားသောကားဖြစ်သည်။ ထို့ကြောင့်သူယူထားသော လမ်းကြောင်းအတိုင်းသာ လိုက်ခဲ့ပေတော့သည်။ သို့နှင့် မီးပွိုင့်အလွတ်တွင် ထိုလိုင်းကားမှာ ဆက်၍တန်းစီနေသောကြောင့် ထိုကားသည် တည့်တည့်သွားသော ကားဖြစ်သော်လည်း ယနေ့တွင် မသွားခဲ့သည်ကို ခန့်မှန်းမိသည်။ ဆီထည့်ရန် ကွေ့သွားခြင်းဖြစ်မည်ဟု ယူဆ၍ ကျွန်ုပ်သည် ကားလမ်းကြောင်းကို အချိန်မှီပြောင်းကာ ရွေးခြယ်လိုက်ပေတော့သည်။
မဟုတ်ရင်တော့ ၂၁ လိုင်းကားနောက်သာ လိုက်ပါမိသွားကာ၊ ဆီဆိုင်သို့ ရောက်သွားချေတော့မည် မဟုတ်ပါလား။ ထိုအရာကို ဆင်ခြင်မိရင်း ယုံကြည်သူများအတွက် အရေးကြီးသော အရာတစ်ခုကို ထပ်မံမြင်တွေ့ခံစားမိပါတော့သည်။
တခါတလေတွင် ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်တစ်ဦးဦး၏ နောက်သို့ လိုက်ပါမိကြခြင်းမျိုးကို တွေ့ရတတ်သည်။ ထိုသူသည် မှန်နေသယောင်၊ သမ္မာတရားအတိုင်း လုပ်ဆောင်သလိုလို၊ ကျမ်းစာအုပ်လေး တကိုင်ကိုင်၊ သမ္မာတရားသာ ပြောသယောင်၊ ဖြောင့်မတ်ခြင်းတရားကိုသာ ဟောသယောင်ရှိတတ်ကြသော်လည်း တစ်ချိန်ချိန်တွင် ရွေ့လျော့ဖောက်ပြန်တတ်ကြသည်ကို သတိပြုရန်လိုအပ်သည်။ ( ဥပမာ ယေရှုနှင့်ခရစ်တော်ခွဲသောသူများတွင်လည်း တွေ့ရတတ်ပေသည်။ အချို့မှာ အစပိုင်းတွင် ဧဝံဂေလိအားကောင်းခြင်း၊ အသက်တာကောင်းခြင်းများ၊ သမ္မာတရားသာ ဟောပြောသလိုလိုရှိခြင်း စသဖြင့်တွေ့ရသော်လည်း လမ်းကြောင်းပြောင်းသွားတတ်ချေသည်။ ) အကယ်၍သာ လူများသည် ထိုသူနောက်သို့လိုက်ခြင်းသည် ၂၁ လိုင်းကားကိုသာ ကြည့်၍လိုက်ခြင်းမျိုးကဲ့သို့သာ ဆိုလျှင်တော့ ဒီအရာသည် ဆီဆိုင်သို့မရောက်ပဲ ငရဲသို့သာ ခုန်ဆင်းခြင်းဖြစ်ချေတော့မည် မဟုတ်ပါလား။
သမ္မာတရားကို မမြင်တော့ဘဲ၊ လူကိုသာမြင်ခြင်းသည် Personality Cults ဖြစ်တတ်သည်။ Jin Jones နောက်သို့ လက်သူများသည်လည်း သမ္မာတရားကိုမမြင်၊ ထိုသူ၏ မည်သည့်လုပ်ရပ်ကိုမဆို ကြိုက်နှစ်သက်သလို အဆိပ်သောက်ခိုင်းခြင်းကိုပင် သောက်ကြသည်အထိ မခွဲခြားနိုင်တော့သည်ကို မြင်တွေ့ရသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်ကိုသာ မြင်ခြင်းသည် ထိုသူ၏ သမ္မာတရားနှင့်မညီသောအရာများကိုလည်း မမြင်ခြင်း၊ လူများကို ဒုက္ခရောက်စေခြင်းကိုလည်း မသိကြခြင်း၊ ထိုသူ၏ လွဲမှားခြင်းမျိုးကိုပင် လက်ခံနိုင်လောက်သည်အထိ မျက်စိကန်းသွားတတ်ကြပေသည်။ အချိန်မှီ လမ်းကြောင်းမပြောင်းနိုင်လျှင် ထိုသူ၏ နောက်လိုက်များသည် Personality Cults များဖြစ်သွားနိုင်တော့သည်။
ကားသည် မိမိသွားရမည့်လမ်းကိုသာ ကြည့်ပြီးသွားသကဲ့သို့ ကျွန်ုပ်တို့ ယုံကြည်သူ အယောက်စီတိုင်းသည် သခင်ယေရှုခရစ်တော်ကိုသာ စေ့စေ့ကြည့်ခြင်း၊ သမ္မာတရားကိုသာကြည့်ခြင်းမျိုးမှသာလျှင် အချိန်မှီ လမ်းကြောင်းပြောင်းနိုင်ပေမည်။ သို့မှာသာ ထိုပုဂ္ဂိုလ်၏ လမ်းကြောင်းလွဲနေခြင်းကို မြင်ရမည်ဖြစ်သလို ဆင်ခြင်ပြင်ဆင်နိုင်ပေမည်။ အချို့မှာတော့ ထိုဆရာသမား၊ လူပုဂ္ဂိုလ်ကိုသာ ကြည့်ခြင်းကြောင့် ထိုသူများ၏ နောက်သို့သာ ဆက်လက်၍ လိုက်ပါသွားခြင်းမျိုးကို မြင်တွေ့နေရသည် မဟုတ်ပေဘူးလား။
ဟေဗြဲဩဝါဒစာ ၁၂:၂
ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။
ဒါ့ကြောင့် ကျွန်ုပ်တို့၏ လားရာလမ်းကြောင်းသည် လူပုဂ္ဂိုလ်အားကြည့်ခြင်းမျိုးမဖြစ်စေဘဲ သခင်ယေရှုခရစ်တော်ကိုသာ စေ့စေ့ကြည့်ခြင်းဖြစ်စေကာ သမ္မာတရားကိုမြင်တတ်၍ လွဲချော်နေလျှင်တော့ အချိန်မှီလမ်းကြောင်းပြောင်းတတ်ပါစေဟု အနည်းငယ် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet